အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့
၁၃၇၆-ခုနှစ်၊ တပေါင်းလဆန်း(၁၂)ရက်
၂၀၁၅ ခုနှစ် မတ်လ(၁)ရက်
ကြေညာချက်အမှတ် ၃/မနစ/၂၀၁၅(သဘေားထားကြေညာချက်)
၁။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှ ဦးဆောင်ကျောင်းသားခေါင်းဆောင်များသည် (၂၈.၂.၂၀၁၅)ရက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မကွေးကျောင်းတိုက်၌ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ ရဟန်း ရှင် လူ ပြည်သူများအား သံသယဖြစ်စေနိုင်သည့် ပုဒ်မများ ရှိသည့်အတွက် ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့အနေဖြင့် ယခင်ကျောင်းသားသပိတ်ဦးဆောင်လှုပ်ရှားနေသော ကျောင်းသားသမဂ္ဂအဖွဲ့စည်းထူထောင်ခွင့်၊ ဒီမိုကရေစီပညာရေး၊ ဆရာများသမဂ္ဂပေါ်ပေါက်ရေး၊ ပညာရေး အသုံးစရိတ်တိုးမြှင့်ရေးတို့အတွက် ကြိုဆိုထောက်ခံအားပေးခဲ့ပါသည်။
၃။ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုရလာဒ်အဖြစ် ထွက်ပေါ်လာသော အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းတွင် အမျိုးသားရေးရှုထောင့်မှ တိုင်းပြည်၏ အမျိုးသားလုံခြုံရေးအရ ပျော့ကွက်၊ ဟာကွက်၊ ယိုပေါက်တွေပါရှိသည်ကို တွေ့ရှိရသဖြင့် များစွာစိုးရိမ်ကြရပါသည်။
၎။ ထို့ကြောင့် ဒီမိုကရေစီယဉ်ကျေးမှုအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းကြောင်းမှ ရဟန်း ရှင် လူ ပြည်သူများ စိုးရိမ်သံသယဖြစ်နေသော ပုဒ်မအချို့အား စကားရပ်အစားထိုး၍သော်လည်းကောင်း၊ ပုဒ်မအချို့ အား ပယ်ဖျက်၍သော်လည်းကောင်း၊ တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာ ရေရှည်အကျိုးကိုမျှော်ကိုးလျှက် ပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် ထိပ်တိုက်ရန်လို ဖြေရှင်းနည်းများကို ရှောင်ရှားကြပါရန် တိုက်တွန်းအပ်ပါ သည်။
၅။ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု့ကော်မတီ၏ သပိတ်စစ်ကြောင်းများမှ ပင်မသပိတ်စစ်ကြောင်း များသည် လက်ရှိရပ်နားထားရာမှ ရန်ကုန်မြို့သို့ချီတက်လျှင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဥပဒေအရဖြေရှင်းမည် ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်သဖြင့် ပင်မသပိတ်စစ်ကြောင်းပါ ကျောင်းသားခေါင်းဆောင်များအနေဖြင့် လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်လည်းကောင်း တိုင်းပြည်၏အခြေအနေအရပ်ရပ်ကို စဉ်းစား တွေးခေါ်လျှက် အကောင်းဆုံးအဖြေတစ်ခုထွက်ပေါ်စေဖို့ ဆွေးနွေးကြပါရန် အမျိုးသားနိုင်ငံရေးစောင့်ကြည့် အဖွဲ့မှ တိုက်တွန်းလိုက်ပါသည်။
အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့