ယာယီနိုင်ငံသားသက်သေခံလက်မှတ် White Card ကိုင်ဆောင်ခွင့်ရရှိသူများအား မဲပေးခွင့်ပြုခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဖြစ်လာပါက အင်နှင့်အားနှင့် တုံ့ပြန်သွားမည်ဟု ဦးဝီရသူမှ News Watch သို့ ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲအတွက် ယာယီနိုင်ငံသားသက်သေခံလက်မှတ် White Card ကိုင်ဆောင်ခွင့်ရရှိထားသူများကို မဲပေးခွင့်ပြုရန် နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်ပေးပို့ခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ခြင်းကို ပြည်သူလူထုမှ မကျေနပ်ချက်များ ရှိနေခြင်းအပေါ် ဦးဝီရသူမှ “အခြေခံဥပဒေပြင်ဆင်ဖို့ ခွင့်ပြုတဲ့သဘောပါ။ ၂၀၁၅ ရွေးကောက်ပွဲ မဟုတ်သေးဘူးပေါ့။ ဦးဇင်းတို့ကတော့ ၂၀၁၅ ကို အဓိကထားတာပေါ့။ ဒီကိစ္စကို ရေးကြီးခွင်ကျယ် သိပ်မလုပ်ချင်ဘူး။ ၂၀၁၅ မဲပေးခွင့်အတွက် လွှတ်တော်ထဲမှာ သတင်းစကြားတာနဲ့ ဒီကိစ္စကို တန်ပြန်တုံ့ပြန်ဖို့ ချိတ်ဆက်ပြီးသားပါ။ အားလုံးအဆင်သင့်ရှိပါတယ်” ဟု မိန့်ကြားခဲ့သည်။
White Card ကိုင်ဆောင်ထားသူများကို အခြေခံဥပဒေပြင်ဆင်ရေးအတွက် မဲပေးခွင့်ပြုခြင်းသည် ၄င်းတို့အား နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများ အပြည့်အဝပေးခြင်းနှင့် အတူတူပင်ဖြစ်သောကြောင့် ကန့်ကွက်သူ အများအပြားရှိနေသည်။ ယင်းအပြင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၄င်းတို့အား မဲပေးခွင့်ပြုပြီးပါက ၂၀၁၅ ရွေးကောက်ပွဲ မဲပေးခွင့်၌ ကြီးမားသည့် ပြဿနာများ ရင်ဆိုင်ရနိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။ ယင်းနှင့် ပတ်သက်၍ ပြည်တွင်းဂျာနယ်တစောင်၏ အယ်ဒီတာတဦးမှ “အခြေခံဥပဒေပြင်ဆင်ဖို့ သူတို့ပါဝင်ခွင့် ရမယ်ဆိုပြီး ရွေးကောက်ပွဲကျမှ ပါဝင်ခွင့်မရဘူးဆိုပြီး ဒီပြဿနာပိုကြီးမှာပါ။ ဧည့်နိုင်ငံသားဆိုရင် နိုင်ငံသား တွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်အတွက် ဝင်ပါခွင့်မပေးရဘူး။ တော်ကြာလိုရင်တမျိုး မလိုရင်တမျိုးဆိုပြီး ကမ္ဘာက ဝိုင်းအော်ကြဦးမယ်” ဟု ပြောကြားခဲ့သည်။
ယင်း White Card ကိစ္စကို မကျေနပ်သောကြောင့် ပြည်တွင်းရှိ သံဃာများနှင့် ပြည်သူများနှင့် ဆန္ဒဖော်ထုတ်မှု များပြုလုပ်သွားရန် စီစဉ်နေသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
ကိုခက်