အခု သူ့လုပ်ရပ်တွေ အတော်များများက အားလုံးကို အကြည်ညိုပျက်စေတဲ့အခြေအနေရောက်ကုန်ပြီ။
ထိုလုပ်ရပ်အပေါ် ပကာသနိယကံပြု၍ လုပ်ဆောင်ခြင်းဖြင့် သာသနာတော်အတွက် ဂုဏ်သိက္ခာပြန်ရနိုင်မည်ဟု မြဝတီဆရာတော် အရှင်အရိယဝံသာဘိဝံသက မိန့်ကြားခဲ့ပါသည်။(21.1.2015 Daily Eleven)
မြဝတီဆရာတော်ကြီးဘုရား သာနသာအတွက် ပြန်လည်အဖတ်ဆည်တဲ့အနေနဲ့ ဝီရသူအပေါ် ပကာသနိကကံ ပြုဖြစ်အောင် ဦးဆောင်ပေးတော်မူပါဘုရား။ ဆရာတော်ကြီးကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်တော်မူတဲ့ ပကာသနိယကံကို ရိုသေလေးနက်စွာ ခံယူလိုပါသည်ဘုရား။
အခုဟောပြောချက်(စကားတစ်ခွန်း)တည်းကြောင့် အားလုံးကို အကြည်ညိုပျက်စေတာမဟုတ်ဘဲ လုပ်ရပ်တော် တော်များများကြောင့် အကြည်ညိုပျက်စေတာဆိုတော့ ဘယ်လိုလုပ်ရပ်တွေများပါလဲ? ထုတ်ဖော်ပြပါဦးဘုရား။
ဆရာတော်ကြီးတို့ကမှ ကြံ့ဖွံ့တို့ မွတ်ကုလားတို့ရဲ့ အကူအညီအထောက်အပံ့တွေ ယူကြပါသေးတယ်။ ဝီရသူက အားလုံးကင်းရှင်းတယ်နော…ဘုရား။
ဘယ်သူ့စပွန်ဆာမှ မယူဘဲ အိပ်စိုက်လူမိုက်လုပ်နေတာဖြစ်လို့ ကိုယ့်သိက္ခာကိုယ်ယုံသလို ကိုယ့်လိပ်ပြာ ကိုယ်လုံပါတယ်ဘုရား။
ဘုန်းကြီးဆိုတာ ဒေါသထွက်တာတောင် တော်တော်လွန်နေပါပြီ။ ဆဲဆိုတယ်ဆိုတော့ ဘယ်အဆင်ပြေ တော့မလဲ။ လူကိုဖြစ်ဖြစ် ဘုန်းကြီးကိုဖြစ်ဖြစ် ဆဲဆိုတယ်ဆိုတာ မလုပ်ရဘူး။
“နောက်ပြီး ကိုယ့်ကိုဘယ်လောက်ဝေဖန်ဝေဖန် တန်ပြန်တုံ့ပြန်တာမျိုးတွေ ဘုန်းကြီးက မလုပ်ရဘူး” ဟု ရွှေညဝါဆရာတော်က မိန့်ကြားသည်။
(21.1.2015 Daily Eleven သတင်းစာ)
ရွှေညဝါဆရာတော်ကို သာဓုတက္ကသိုလ်ဆရာတော်လေးများက ရွှေညာဝါးဆရာတော်လို့ ခေါ်ကြပါတယ်။
စာရေးသူကတော့ လေညဝါလို့ ခေါ်ခဲ့တာပါ။
လေတစ်လုံး မိုးတစ်လုံး ပြောလွန်းလို့ပါ။
မိုးခေါင်တဲ့ဒေသတွေမှာ ရွှေညဝါဆရာတော်ကိုပင့်ဖိတ်သင့်ပါတယ်။ မိုးကြီးလေးကြီး ကျရောက်နိုင်လို့ပါ။
“ဘုန်းကြီးဆိုတာ ဒေါသထွက်တာတောင် တော်တော်လွန်နေပြီ၊ ကိုယ့်ကို ဘယ်လောက်ဝေဖန်ဝေဖန် တန်ပြန်တုံ့ပြန်တာမျိုးတွေ ဘုန်းကြီးက မလုပ်ရဘူး” ဆိုပဲ။
မြင်ရောင်မိသေးတယ်။
တိုက်ကြီးတရားပွဲမှာ ဓမ္မာသနပလ္လင်ပေါ်ကနေ တောက်တွေခေါက်ပြီး ဆရာတော်ကြီးတွေကို ထိုးဖို့သတ်ဖို့ စိန်ခေါ်ခဲ့တာလေးကို ပြန်ပြီး သတိရမိနေတာပါ။(နောက်အများကြီးရှိပါသေးတယ်။)
လေညဝါဆရာတော်လည်း ဒီကွေ့ဆို ဒီတက်နှင့် လှော်ဟို့ကွေဆို ဟိုတက်နှင့်လှော်၊ ကြာတော့ အကွေ့တွေကများ တက်တွေကရော ဖြစ်ကုန်ပါပြီ။
သတ်သတ်မှတ်မှတ် တက်ကလေး ဘာလေး သီးသန့်ထားပါဦးဆရာတော်ရယ်။
ဝီရသူက ဆရာတော်ကို လေညဝါလို့ ဘာကြောင့် ခေါ်သလဲဆိုတာ ဆရာတော်သိပါတယ်။
ဆရာတော့်ဒကာ/မတွေက မေးလျှောက်ရင် အရှိအတိုင်း ဖြေပေးပါနော်။
(21.1.2015 Daily Eleven သတင်းစာကို ပူးတွဲတင်ပြလိုက်ပါတယ်။)
ဆက်ရန်ရှိသေးသည်။
ဝီရသူ(မစိုးရိမ်)
22.1.2015
PM 4:03
==========================================================
“မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှု မြင့်တက်”
ထို့ပြင် ထိုလုပ်ရပ်အပေါ် ပကာသနိယကံပြု၍ လုပ်ဆောင်ခြင်းဖြင့် သာသနာတော်အတွက် ဂုဏ်သိက္ခာ ပြန်ရနိုင်မည်ဟု မြ၀တီဆရာတော်က ဆက်လက်မိန့်ကြားသည်။
“သူ့ရဲ့ ကာယကံ၊ ၀စီကံ ပြုမူပြောဆိုမှုသည် သံဃာနှင့်မဆိုင်၊ သာသနာနှင့်မဆိုင်၊ သာသနာသည်လည်း သူနှင့်မဆိုင်၊ သံဃာသည်လည်း သူနှင့်မဆိုင်၊ သူ့လုပ်ရပ်သည် သူ့လုပ်ရပ်သာဖြစ်သည်လို့ ကြေညာရမှာက ပကာသနိယကံပြုတယ်လို့ ခေါ်တာပေါ့။ ဘုရင်းရှင် လက်ထက်က ဒီလိုအခြေအနေ ဖြစ်ခဲ့ဖူးတယ်။ ဒေ၀ဒတ်က သူကိုယ်တိုင် ဘုရားဖြစ်ချင်တော့ အဇာတသတ်ကိုမြှောက်ပြီး နန်းတွင်းရေးမှာ ၀င်ရှုပ်တဲ့ အခါကျတော့ ခမည်းတော် ဗိမ္မိသာရမင်းကြီးကို သတ်အောင် သူလုပ်တာပဲ။ မင်းသားက ၁၆ နှစ်ဆိုတော့ နားမလည်၊ သူခိုင်းတဲ့အတိုင်းလုပ်၊ လုပ်တော့ ဘုရင်ကိုသတ်၊ ပြည်သူက မကျေမနပ် ဖြစ်ကုန်တာပေါ့။ ဒါတွေကို မြင်တော့ ဒေ၀ဒတ်ရဲ့ လုပ်ရပ်သည် သာသနာနှင့် မဆိုင်၊ သာသနာသည် ဒေ၀ဒတ်နဲ့ မပတ်သက်ဆိုပြီးတော့ ကြေညာရတာ။ အဲဒါကို ကံပြုတယ်လို့ ခေါ်တယ်။ သပိတ်မှောက်ကံ တစ်ခုလို ပြုရတာ။ ဒီလိုပြုနိုင်မှ သာသနာအတွက် ဂုဏ်သိက္ခာရမှာ။ အခုဟာက သာသနာမှာ အရမ်း ထိခိုက်ကုန်ပြီ” ဟု မြ၀တီဆရာတော် အရှင်အရိယာဝံသာဘိဝံသက မိန့်ကြားခဲ့ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်သော မြန်မာနိုင်ငံအတွက် ဗုဒ္ဓဘုရားရှင်၏ တရားတော်များအတိုင်း အတိအကျ လိုက်နာရေးမှာ သာသနာ အရှည်တည်တံ့စေရေးအတွက် အရေးကြီးဆုံးအချက် ဖြစ်သည်။
ထို့အပြင် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်းမှုများသည် မြန်မာနိုင်ငံက ယုံကြည်ကိုးကွယ်နေသည့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို အထင်သေးစေသည့်အမြင် ဖြစ်သွားနိုင်ကြောင်း ရွှေည၀ါဆရာတော် အရှင်ပညာသီဟက မိန့်ဆိုသည်။
“ဘုန်းကြီးဆိုတာ ဒေါသထွက်တာတောင် တော်တော်လွန်နေပြီ။ ဆဲဆိုတယ်ဆိုတော့ ဘယ်အဆင်ပြေတော့မလဲ။ လူကို ဖြစ်ဖြစ်၊ ဘုန်းကြီးကို ဖြစ်ဖြစ် ဆဲဆိုတယ်ဆိုတာ မလုပ်ရဘူး။ နောက်ပြီး ကိုယ့်ကို ဘယ်လောက် ဝေဖန်၊ ဝေဖန်၊ တန်ပြန်တုံ့ပြန်တာမျိုးတွေ ဘုန်းကြီးက မလုပ်ရဘူး” ဟု ရွှေည၀ါဆရာတော်က မိန့်ကြားသည်။