မန္တလေး၊ ဇန်နဝါရီ ၁၆
ဘင်္ဂါလီအရေးကို ဖြေရှင်းရန်အတွက် မစ္စတာဘန်ကီမွန်း ရခိုင်သမိုင်းကို လေ့လာထားရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူါ် မစ္စတာဘန်ကီမွန်းအား မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော်ဦးဝီရသူက မိန့်ကြားလိုက်သည်။
“မစ္စတာဘန်ကီမွန်း ခင်ဗျားရဲ့အရည်အချင်းနဲ့ ကမ္ဘာကြီးကို မျှမျှတတ အုပ်ချုပ်လို့ရမယ့် ဒီနေရာနဲ့ တန်သလား” ဟု ဆရာတော်က မေးခွန်းထုတ် မိန့်ကြားခဲ့သည်။
ကုလသမဂ္ဂအထွေထွေ ညီလာခံမှ ဘင်္ဂါလီများကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေး တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ ပြည်သူ့ဟစ်တိုင်တွင် ဆန္ဒထုတ်ဖော်ရာ၌ ဆရာတော်ဦးဝီရသူက ပြည်သူလူထုကို ဟောပြောရင်း အထက်ပါစကားကို ထည့်သွင်းမိန့်ကြားခဲ့ခြင်း ဖြစ်သည်။
“ရိုဟင်ဂျာအရေးကို ဖြေရှင်းဖို့အတွက် မစ္စတာဘန်ကီမွန်း ရခိုင်သမိုင်းကိုလေ့လာပါ။ မြန်မာပြည်အချုပ်အခြာ အာဏာကို ပြမန်မာပြည်သူတွေပဲ ပိုင်ပါတယ်။ မြန်မာပြည် အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်တဲ့သူ မှန်သမျှကို ရန်သူအဖြစ်သတ်မှတ်သွားမယ်ဆိုတာ သိထားပါ” ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံက ဘင်္ဂါလီများကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေးတိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်မြို့တွင် ဇန်နဝါရီလ(၁၆)ရက်နေ့က ရဟန်းရှင်လူအပေါင်း ငါးရာကျော် ရွှေတိဂုံဘုရားနားရှိ ကြေးသွန်းဘုရားကြီးရှေ့မှစတင်ကာ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ ပြည်သူ့ ဟစ်တိုင်ထိ လမ်းလျှောက် ဆန္ဒပြခဲ့သည်။
လက်ရှိတွင် ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ မစ္စရန်ဟီးလီသည် လည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ၄င်းကိုလည်း ဆရာတော်ဦးဝီရသူက မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချ မိန့်ကြားမှုများ ပြုလုပ်ခဲ့သည်။