ရန်ကုန်၊ ဇန်နဝါရီ ၎
သီတဂူဆရာတော်ဘုရားကြီး၏ အီရန်နိုင်ငံခရီးစဉ်တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာနှစ်ခုအာကား ဘာသာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲပြုလုပ်ခဲ့ခြင်းအပေါ် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ကြိုဆိုထောက်ခံခဲ့ ကြောင်းသိရသည်။
အဆိုပါ ဘာသာနှစ်ခု နှီးနှောဖလှယ်ပွဲကို အီရန်နိုင်ငံ ယဉ်ကျေးမှုနှင့် ဆက်ဆံရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးခဲ့သည့် အကြောင်းအရာမှာ အစွန်းရောက်မှု၊ အကြမ်းဖက်မှုများကို အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်တို့ နှစ်ခုပေါင်းကာ မည်ကဲ့သို့ ပူးပေါင်းအဖြေရှာကြမည်နည်းဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သီတဂူဆရာတော်ဘုရားကြီး၊ ထိုင်နိုင်ငံကိုယ်စားပြုအဖြစ် Phra Khru Winbulpb Atthanakir နှင့် သီရိလင်္ကာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံတကာဗုဒ္ဓဘာသာ လေ့လာရေးဌာနမှ ဒါရိုက်တာ ပရော်ဖက်ဆာ ဒေါက်တာဣန္ဒာစာရ အပါအဝင် သီရိလင်္ကာနိုင်ငံသမ္မတ၏ အကြံပေးဆရာတော် ဓမ္မသာမိတို့ တက်ရောက်ခဲ့ကြသည်။
ယင်းဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မဘသဥက္ကဋ္ဌ အင်းစိန်ရွာမကျောင်းတိုက်ဆရာတော်ကြီးကလည်း “ဒီလိုမျိုး ဆွေးနွေးပွဲတွေလုပ်တာကို ဘုန်းဘုန်းတို့အနေနဲ့ ကြိုဆိုပါတယ်။ ဘုန်းဘုန်းတို့အားလုံးကလဲ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ဖို့ လုပ်နေကြတာ။ ဒါပေမဲ့ အချို့သောကိစ္စမှာကျတော့ ဘာသာတရား ထိခိုက်မှုတွေ ရှိလာတယ်။ ဒါတွေကတော့ မကောင်းဘူးပေါ့” ဟု မိန့်ကြားသည်။
အဆိုပါ ဆွေးနွေးပွဲကိုတက်ရောက်ရန် သီတဂူဆရာတော်နှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မှထွက် သွားပြီး ၃၀ ရက်နံနက်ပိုင်းမှစတင်ကာ ၃၁ ရက်အထိ အီရန်နိုင်ငံ ထီဟီရန်မြို့တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် ဘာသာနှစ်ခုကြား သဘောတူညီချက် ၁၂ ချက်ထုတ်ပြန်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ မန္တလေး မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူက “သီတဂူဆရာတော် ဘုရားကြီးရဲ့ အခုဆွေးနွေးပွဲက ငြိမ်းချမ်းရေးလမ်းစပဲ။ ဒီလိုဆွေးနွေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်ဆိုရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား လူမျိုးတစ်စုနှင့် တစ်စုအကြား၊ ဘာသာတစ်ခုနဲ့ တစ်ခုအကြားမှာ အမြင်ရှင်းသွားတာပေါ့။ ဆရာတော်တို့ကတော့ ထောက်ခံကြိုဆိုပါတယ်” ဟု ပြောသည်။
အဆိုပါအချက်များမှာ ကမ္ဘာပေါ်၌ ဖြစ်ပွားနေသော ဆူပူသောင်းကျန်းခြင်းနှင့် အစွန်းရောက်ခြင်းတို့ကို ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့ ပူးပေါင်း၍ လက်တွဲကာကွယ်ရန်နှင့် ဘာသာကြီးနှစ်ခုတို့ ငြိမ်းချမ်းစွာ အတူတကွလက်တွဲနေထိုင်ရန် ဘာသာရေးဂိုဏ်းဂဏအားလုံးနှင့် ဘာသာတရားအားလုံးတို့၏ အဆုံးအမများ နှင့် ယုံကြည်မှုများကို အပြန်အလှန်ရိုသေလေးစားကြရန်၊ ဘာသာရေးအဖွဲ့အစည်းတစ်ခုခု၏ အမည်(သို့မဟုတ်)ဘာသာတရားတစ်ခုခု၏ အမည်ကိုအသုံးပြု၍ လွန်ကြူးသည့် မည်သည့်အစွန်းရောက်ခြင်း ဆူပူသောင်းကြမ်းခြင်းမျိုးကိုမဆို ရုတ်ချကန့်ကွက်ကြောင်း၊ မည်သည့်ဘာသာတရားနှင့် ဘာသာရေးအဖွဲ့ အစည်းတို့က လူသားတို့၏ ဘဝကို ခြိမ်းခြောက်ခြင်းမျိုးရှိလာကပါက စုပေါင်းကာကွယ်ဖြေရှင်းပေးရန် ဘာသာနှစ်ခု၏ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်ကိုးကွယ်သူအချင်းချင်း၏ ချစ်ခင်ရင်းနှီးမှု၊ ဘာသာရေးအဖွဲ့အစည်း တို့၏ ချင်ခင်ရင်းနှီးမှုတို့ကို နှောင့်ယှက်လာသော မည်သည့်ပြဿနာမျိုးမဆို ဘာသာနှစ်ခု ပူးပေါင်းဖြေရှင်းရန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် အထူးသဖြင့် ဘာသာဝင်လူငယ်များကို ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက ပညာရေးနှင့် လူမှုရေးများလက်တွဲလုပ်ောဆင်ပေးဖို့ ပြင်ဆင်ထားရန်၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာနှင့် ထိုဘာသာဝင်များကို ခြိမ်းခြောက်နေသည့် ပြဿနာများ အတွက် ဘာသာနှစ်ခုတို့က လက်တွဲအဖြေရှာရန်၊ ဘာသာရေးနှင့် လူသားတို့၏ ဘဝတန်ဖိုးနှင့်ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အပြုအမူများကို လက်တွဲကာကွယ်စောင့်ရှောက်ရန် လူငယ်များနှင့် အနာဂတ်မျိုးဆက်သစ် များအတွက် ဘာသာရေးယဉ်ကျေးမှုနှင့် ပညာရေးစီမံချက်များကို လက်တွဲပြင်ဆင်ပေးရန်၊ ဘာသာတရားအားလုံးနှင့် ပဋိပက္ခမရှိ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်သွားကြရန် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာတို့ အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုပိုမိုကောင်းမွန်ရေးအတွက် ပညာရေး ဖလှယ်မှုများ ပြုလုပ်ရန်နှင့် ဘာသာတရားနှစ်ခု အပြန်အလှန် ဆက်သွယ်ရေး ပညာရေးနှင့် လူမှုလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရေးတို့ ပိုမိုရင်းနှီး နီးစပ်လာအောင် ဆောင်ရွက်ကြရန် စသည်တို့ကို နှစ်ဘာသာသဘောတူ ထုတ်ပြန်ခဲ့ကြသည်။
OKH