နိုင်ငံရေးတွင် သံဃာတော်များပါဝင်ပတ်သက်မှုမရှိသည်က အကောင်းဆုံးဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်နေသော ဘာသာရေးဆန်ဆန် ပဋိပက္ခများ အပေါ်တွင် တစ်စုံတစ်ဦးက ချဲ့ထွင်လိုနေသည့်သဘောဟု ရှုမြင်နေမိကြောင်း သီတဂူဆရာတော်ကြီးက ဒီဇင်ဘာ ၂၉ ရက်တွင် မိန့်ကြားလိုက်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆရာတော်ကြီးက ယင်းကဲ့သို့ မိန့်ကြားလိုက်ခြင်းဖြစ်ပြီး ဘာသာရေးဆန်ဆန်ပဋိပက္ခများလည်း သာမာန် Accident တစ်ခုမျှသာဖြစ်သည်ဟု ရှုမြင်ကြောင်းလည်း ဆရာတော်ကြီးက ဆိုသည်။ “သာမာန်ကားတိုက်မှုလောက်လေးဖြစ်တာကို ယာဉ်ထိန်းရဲနဲ့တင် ရှင်းလို့ရ ပါတယ်၊ ပုလိပ်မင်းကြီးဆင်းလာစရာအထိမလိုပါဘူး” ဟု ဆရာတော်က ဥပမာပေး၍ မိန့်ကြားသည်။ ပဋိပက္ခ များတွင် ဗုဒ္ဓ၏အဆုံးအမကို မနာခံသော၊ အစ္စလာမ်ဘာသာ၏ အဆုံးအမကို မနာခံသော ဆိုးသွမ်းသူများ၏ ယာဉ်တိုက်မှုအသေးစားတစ်ခုသဖွယ် ရန်ဖြစ်ကြခြင်းကို ပုံကြီးချဲ့ချင်သော သူများရှိနေသည်ဟု ဆရာတော်က ရှု့မြင်သည်။ “အော်ချင်တဲ့သူက အသံအကျယ်ကြီးအော်တာပါပဲ၊ ဘာသာတရားရဲ့ အဆုံးအမကို မနာခံတဲ့ လူဆိုး လူမိုက်ကလေးတွေရဲ့ ပဋိပက္ခကို တစ်စုံတစ်ယောက်သောသူကနေ အခွင့်အရေးတစ်ရပ်အနေနဲ့ ချဲ့ထွင်တဲ့သဘောရှိတယ်လို့ တွေးနေမိတယ်” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။ ယင်းအပြင် ၂၀၁၅ ၌ သံဃာတော်များ မဲပေးခွင့်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ သံဃာတော်များအနေဖြင့် မြန်မာ့နိုင်ငံရေး လောကတွင် ပါဝင်ပတ်သက်ခြင်းမရှိသည်က အကောင်းဆုံးဟု ရှု့မြင်ကြောင်း ဆရာတော်ကြီးက ဆိုသည်။ ယင်းဖြစ်စဉ်မှာ နိုင်ငံတစ်ခုနှင့်တစ်ခုမတူပဲ သီရိလင်္ကာကဲ့သို့သော နိုင်ငံတွင်မူ သံဃာတော်များကိုယ်တိုင်က လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်အရွေးခံသကဲ့သို့ ဝန်ကြီးလုပ်နေကြခြင်းများရှိကြောင်း ဆရာတော်ကြီးက ဆက်လက်မိန့်ကြားခဲ့ပြီး၊ ထိုင်း၊ လာအိုကဲ့သို့သော နိုင်ငံများ၌ နိုင်ငံရေးတွင်ပါဝင်ပတ်သက်ခြင်းမရှိကြကြောင်း ဆိုသည်။
“မြန်မာနိုင်ငံက သံဃာတော်တွေဟာ သာသနာရေးဆို သာသနာရေးပဲလုပ်တာကောင်းပါတယ်” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။ ဆရာတော်ကြီးသည် အီရန်နိုင်ငံသို့ ပထမဆုံးအကြိမ် သာသနာရေးခရီးစဉ် အဖြစ် ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်လေဆိပ်မှ ကာတာလေကြောင်းလိုင်းဖြင့် ထွက်ခွာသွားခဲ့ပြီး ဇန်နဝါရီ ၃ ရက်တွင် ပြန်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
Iris