မော်ဒန်ဂျာနယ်ကပေးတဲ့ ဆုတစ်ခုပါ။
ပြည်သူတွေ မနှစ်သက်တဲ့ ပုဂ္ဂိုလ် ၅ယောက်
၁။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
၂။ ဒေါ်ခင်ဝိုင်းကြည်
၃။ ဦးဝီရသူ
၎။ ဦးရဲထွဋ်
၅။ ဦးအေးနေဝင်း
ပထမဆုရသင့်ပါလျက် ပထမဆုမရလိုက်တာတော့ ဝမ်းနည်းစရာပဲ။
ဝီရသူက ၉၉ မှတ်။
ဗိုလ်ချုပ်မှူးကြီးက ၈၉ မှတ်
ဒေါ်ခင်ဝိုင်းကြည်က ၈၈ မှတ်
ပညာတတ်အလွှာထဲက လူ ၁၀၀ မှာ ဝီရသူကိုထောက်ခံသူက တစ်ယောက်တည်းရှိပါသတဲ့။ ၉၉ ယောက်က မကြိုက်နှစ်သက်ကြပါဘူးတဲ့။
ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးနေလို့၊
FB မှာ လှုံ့ဆော်လို့
အစွန်းရောက်လို့
ဗုဒ္ဓဘာသာကို အထင်အမြင်သေးစေလို့ ပါတဲ့။
ပြည်သူလက်မခံဘဲ နေရာရနေသူတွေဆိုတာ အာဏာရှင်တွေပဲ ရှိပါတယ်။
ပြည်သူလက်မခံရင် စာပေသမားလဲ မြောင်းထဲသွား
အနုပညာသမားလဲ မြောင်းထဲသွား
နိုင်ငံရေးသမားလဲ မြောင်းထဲသွား
ဓမ္မကထိကလဲ မြောင်းထဲသွား ပါပဲ။
မော်ဒန်ပြောသလိုဆို ဝီရသူ ငတ်သေရတော့မလိုတောင် ဖြစ်နေပြီ။
ကျေးဇူးပါပဲ မော်ဒန်ရယ်။
မော်ဒန်ပြောတဲ့ ကောကဇာတ်ခုံပေါ်မှာ ဗီလိန်အဖြစ်နဲ့ သရုပ်ဆောင်လိုက်ရတာကိုပဲ ကျေနပ်လှပါပြီ။
အကဲဖြတ်ဒိုင်လူကြီးပီပီ အမှတ်အများဆုံးရတဲ့သူကိုပဲ ပထမဆုပေးစေချင်ပါတယ်ဗျာ။
ဒီထက်ပိုပြီး ပီပြင်အောင် သရုပ်ဆောင်ပါဦးမယ်။
ဝီရသူ(မစိုးရိမ်)
28.12.2014
MA 00:12
(26.12.2014 ရက်စွဲပါ။ မော်ဒန်ဂျာနယ် အမှတ် ၄၃၉ သတင်းကို ပူးတွဲတင်ပြလိုက်ပါတယ်။)
==========================================================
“ပြည်သူမနှစ်သက်တဲ့ ပုဂ္ဂိုလ်ငါးဦး”
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဒေါ်ခင်ဝိုင်းကြည်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ
ဦးရဲထွဋ်(ပြန်ကြားရေးဝန်ကြီး)
ဦးအေးနေဝင်း
မနှစ်သက်တဲ့ ပုဂ္ဂိုလ်ငါးဦးမှာ ကာကွယ်ရေးဦးစီးချုပ်က နံပါတ်တစ်ရခဲ့ပြီး လူ ၁၀၀ မှာ ၈၉ ဦးက ကာချုပ်ကို မကြိုက်ရတဲ့ အကြောင်းရင်းမှာ တပ်မတော်နဲ့ ပြည်သူကို ပိုဝေးအောင် လုပ်နေကြောင်း၊ အတိုက်အခံနဲ့ ပတ်သက်လို့ တင်းမာကြောင်း၊ စစ်ပွဲတွေကို မရပ်တန့်နိုင်သေးကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။
ဒေါ်ခင်ဝိုင်းကြည်နဲ့ပတ်သက်လို့ မဲပေးသူတွေက လူ ၁၀၀ မှာ ၈၈ ဦးက ဒေါ်ခင်ဝိုင်းကြည်ကို မနှစ်သက်ကြောင်း ဖြေဆိုခဲ့ပါတယ်။ သူနဲ့ပတ်သက်လို့ ပြည်သူတွေ မကြိုက်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို တင်သွင်းခဲ့ပြီး ဟောပြောပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တာ ထင်ပေါ်ရင်ပြီးရော ကိုယ်ကျိုးကြည့်သူလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
မန္တလေး မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူကိုလည်း ပြည်သူအချို့က မနှစ်သက်တဲ့ စာ၇င်းထဲမှာ ဖြည့်ခဲ့ပါတယ်။ ရန်ကုန် ပညာတတ်အလွှာ လူ၁၀၀ထဲမှာ တစ်ယောက်ကပဲ ဦးဝီရသူကို ထောက်ခံသူဖြစ်ခဲ့ပါတယ်။ သူ့ကို မကြိုက်ရတဲ့အကြောင်းအရင်းမှာ နိုင်ငံရေးနဲ့ ဘာသာရေးရောထွေးသူ၊ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ရေးသားချက်တွေက ပဋိပက္ခကို လှုံ့ဆော်စေပြီး အစွန်းရောက်သူ၊ သူ့လုပ်ရပ်ကြောင့် ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့ တရားကို မကောင်းတဲ့အမြင်မျိုး သက်ရောက်သွားစေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကိုလည်း မနှစ်သက်သူစာရင်းမှာ ဖြည့်ချင်ရတဲ့ အကြောင်းက လူထုကို ကိုယ်စားမပြုဘဲ ပြောဆိုမှု၊ အတိုက်အခံတွေကို ပြောဆိုရာမှာ တင်းမာမှု၊ ဖေ့စ်ဘုတ်စ် စာမျက်နှာမှာ ရေးသားမှုမှတ်ချက်တွေကို မကြိုက်နှစ်သက်ကြဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။
ကွယ်လွန်သူအာဏာရှင် ဦးနေဝင်းရဲ့မြေးတစ်ဦးဖြစ်တဲ့ ဦးအေးနေဝင်းကိုလည်း ပြည်သူတွေက မကြိုက်တဲ့ စာရင်းထဲမှာ ထည့်ခဲ့ပါတယ်။ စစ်တပ်ကို အပြောင်းအလဲပြုလုပ်ဖို့ ပြည်သူတွေက တိုက်တွန်းနေချိန်မှာ စစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် ထောက်ခံခဲ့တာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ ရင့်သီးတာ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့လုပ်ဆောင်ချက်တစ်ခုမှ မရှိဘဲ အမှန်တကယ်လုပ်ဆောင် နေသူတွေကို ဝေဖန်တာတွေကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။
နိုင်ငံရေးသတင်းအဖွဲ့