ကမ္ဘာ့ပြည်သူတွေရဲ့ စိုးရိမ်မှုအတွက်ကျတော့ အဖြေမရှာခဲ့ကြဘူး။ သူတို့ကျတော့ သိတတ်လိုက်တာ။ အစွန်းရောက်တွေ ဘာကြောင့်ပေါ်ထွက်လာသလဲ? ကျမ်းစာကြောင့်လား? ကျမ်းဆရာတွေကြောင့်လား? အဖြေရှာရမယ်။
==========================================================
“ဆစ်ဒနီကဖေးစီးနင်းမှု သေနတ်သမားနှင့်ဓားစာခံနှစ်ဦးသေ၊ နိုင်ငံအတွင်း မွတ်ဆလင်မုန်းတီးမှု တိုးပွားလာမည်ကို စိုးရိမ်”
ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၅
သြစတြေးလျနိုင်ငံတွင် တနင်္လာနေ့က ၁၆ နာရီကြာဖြစ်ပွားခဲ့သော မြို့လယ်ကဖေးဆိုင်စီးနင်းသိမ်းပိုက်ခံရမှု တွင် ဖမ်းဆီးထိန်းသိမ်းခံ ဓားစာခံနှစ်ဦးနှင့် စီးနင်းသူသေနတ်သမားတို့ သေဆုံးသွားခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများက ရေးသားဖော်ပြသည်။
CNN သတင်းတင်ပြချက်အရ ဆစ်ဒနီမြို့လယ်စီးပွားရေးအချက်အချာကျသောရပ်ကွက်ရှိ Lindt အမည်ရကဖေးဆိုင် စီးနင်းမှုနှင့်ပတ်သက်၍ သြစတြေးလျအာဏာပိုင်များက စတင်စုံစမ်းစစ်ဆေးနေပြီ ဖြစ်သည်။
ယင်းကဖေးကိုတနင်္လာနေ့က စီးနင်းသိမ်းပိုက်ကာ စားသောက်သူများနှင့်ဝန်ထမ်းများကို ဓားစာခံအဖြစ် ထိန်းသိမ်းခဲ့သူသေနတ်သမားမှာ အီရန်နွယ်ဖွား မန်ဟာရွန်မိုနစ်ဆိုသူဖြစ်ပြီး ၄င်းသည် မွတ်ဆလင်ဘာသာရေး ဆရာတစ်ဦးသဖွယ်နေထိုင်ခဲ့သူဖြစ်သည်။
အဆိုပါသေနတ်သမား၏ ၁၆ နာရီကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော ဓားစာခံ ၁၇ ဦးအနက် နှစ်ဦးမှာ ၄င်း၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည် ဟု သြစတြေးလျရဲတပ်ဖွဲ့က ဆိုသည်။
၎င်းအင်အားသုံးဖမ်းဆီးရန်ကဖေးဆိုင်အတွင်းသို့ စီးနင်းဝင်ရောက်ခဲ့စဉ် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရရှိသွားသည်။
တနင်္လာနေ့ညပိုင်းတွင် သြစတြေးလျရဲတပ်ဖွဲ့က အခြေအနေအရပ်ရပ်မှာ ပြန်လည်တည်ငြိမ်သွားပြီဟု သတင်းထုတ်ပြန်သည်။
“လတ်တလောထင်ကြေးပေးပြောဆိုနေကြတာတွေ အများကြီးရှိနေတာဟာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အတိအကျ ထုတ်ဖော်ပြောဆိုဖို့ အချိန်ယူရပါလိမ့်မယ်” ဟု သြစတြေးလျဝန်ကြီး ချုပ် တိုနီအဘော့ကပြောကြားသည်။
အဆိုပါသေနတ်သမား အဘယ်ကြောင့် ယင်းကဖေးဆိုင်ကိုဝင်ရောက်စီးနင်းခဲ့သည်။ ၄င်းအလိုရှိနေသည်မှာ ၄င်း၏ ဦးတည်ချက်မှာမည်သည့်အရာဖြစ်သည်ဟူသော အချက်တို့ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“ဒီဖြစ်ရပ်ဆိုးကြီးအတွက် ပြောစရာ စကားလုံးရှာမရပါဘူး” ဟု တိုနီအဘော့က သေဆုံးသွားသူ ဓားစာခံ နှစ်ဦးအား ရည်ညွှန်းပြောဆိုသည်။
သို့သော် ယခုဖြစ်ရပ်များကိုကြည့်မည်ဆိုလျှင် သြစတြေးလျပြည်သူများမည်မျှအတိုင်းအတာအထိ ခံနိုင်ရည်ရှိသည်၊ တုံ့ပြန်နိုင်စွမ်းရှိသည်ဟူသော အချက်တို့ကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်မည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
သြစတြေးလျသတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်အရ အဆိုပါသေနတ်သမားတွင် အစွန်းရောက်သော ဆွန်နီဘာသာရေး အိုင်ဒီယာကိုလတ်ကိုင်ထားသူတစ်ဦးဖြစ်သည်။
၎င်း၏ ပုဂ္ဂိုလ်ရေးမှတ်တမ်းများကိုကြည့်မည်ဆိုပါက ရာဇဝတ်မှုများ၊ အစွန်းရောက်သည့် အိုင်ဒီယော်လော်ဂျီ များ၊ စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်မှုများရှိနေသည်ဟု သြစတြေးလျအာဏာပိုင်တို့က ဆိုသည်။
အဆိုပါဖြစ်ရပ်ပေါ်ပေါက်လာပြီးနောက် သြစတြေးလျနိုင်ငံတွင် မွတ်ဆလင်များကို ပစ်မှတ်ထားကာ လူမျိုးရေး အစွန်းရောက်ဝါဒများ ခေါင်းထောင်လာပြီး မွတ်ဆလင်မုန်းတီးရေးလှုံ့ဆော်မှုများ ကြီးထွားလာမည်ကို မွတ်ဆလင်အသိုင်းအဝိုင်းက အထူးပင်စိုးရိမ်လျက်ရှိကြောင်း CNN သတင်းဌာနက တင်ပြသွားသည်။