အောင်နိုင်
ရန်ကုန်-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ ကုလလူ့အခွင့်အရေးကော်မတီနှင့် ဥရောပသမဂ္ဂ(E.U)တို့က ရိုဟင်ဂျာလူမျိုးအတုအယောင်သုံးနှုန်း ဖိအားပေးခြင်းအပေါ် ကန်ကွက်ရှုတ်ချကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲကို နိုဝင်ဘာ(၂၉) ကျိုက္ကဆံ အားကစားကွင်းအနောက်ဘက်၌ပြုလုပ်ခဲ့သည်။
ရဟန်းတော်များနှင့် ပြည်သူအင်အား (၁၀၀၀)နီးပါးသည် ရန်ကုန်မြို့၊ ကြေးသွန်းဘုရားကြီး၌နေ့လည်(၁း၀၀)နာရီခန့်တွင် စုဝေခဲ့ကြသည်။ ထို့နောက် ဘန်ကီမွန်းနှင့် ရိုဟင်ဂျာလူမျိုးကို လက်မခံကြောင်း ဗီနိုင်းများကိုင်ဆောင်ကြွေးကြော်၍ ကျိုက္ကဆံကွင်းအနောက်ဘက်ဟစ်တိုင်ကွင်းသို့ လမ်းလျှောက်ချီတက်ခဲ့ကြသည်။
ရဟန်းတော်များနှင့် ပြည်သူများကိုင်ဆောင်ထားသော ဗီနိုင်းတစ်ခုတွင် ထိန်းသိမ်းထားသော သမိုင်းမှတ်တိုင်တစ်ခုကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ကူးယူဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါဗီနိုင်းတွင် ၁၉၇၅ ခုနှစ်၊ ဒီဇင် ၂၃ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မစ္စတာခွာဂျာမိုဟာမက်ကိုင်ဇာနှင့် ဗြိတိသျှသံအမတ်ကြီး တီဂျေအို ဘရီယန် ရန်ကုန်မြို့၌တွေ့ဆုံခဲ့ရာတွင် ရခိုင်ပြည်တွင်းသို့ ကျူးကျော်ရောက်ရှိနေသော ဘင်္ဂလီလူမျိုး (Bangalee Trespassers)ဦးရေ ငါးသိန်းကျော်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သံအမတ်က ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။ ၎င်းတို့ကို မြန်မာအစိုးရနေဖြင့် နှင်ထုတ်ခွင့်ရှိသော်လည်း ယင်းအချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အာဏာသိမ်းပွဲဖြစ်ပွားနေ၍ ဖိအားပေး လုပ်ဆောင်ခြင်းမပြုလုပ်ပါရန် တောင်းပန်ကြောင်း ဘင်္ဂလားဒေ့ရှ်သံအမတ်က ပြောကြားခဲ့ခြင်းကို ဗြိတိန်နိုင်ငံရှိ မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားရာမှ ကူးယူဖော်ပြခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
ဆန္ဒထုတ်ဖော်ရခြင်း ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ “မြန်မာနိုင်ငံနှင့် ပြည်တွင်းရေးကို တခြားသောနိုင်ငံတွေက ဝင်ရောက်နှောင့်ယှက်ခွင့်မရှိဘူး။ ဒါကြောင့် ယခုဘန်ကီမွန်းက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောက်ယှက်လို့ သူ့ကိုအလိုမရှိဘူး။ ဒါကြောင့် ဆန္ဒထုတ်ဖော်တာ”ဟု မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအတွင်းရေးမှူး ဦးသုစိတ္တက မိန့်ကြားသည်။
လူထုဆန္ဒထုတ်ဖော်ပွဲသို့ ဆရာတော်ဦးဝီရသူအပါအဝင် ရခိုင်လူမှုအဖွဲ့အစည်းကလည်း ရိုဟင်ဂျာဟု သုံးနှုန်း၍ ပြည်တွင်းရေးကို စွက်ဖက်သော ဘန်ကီမွန်နှင့် အဖွဲ့အစည်းများအပေါ် ကန့်ကွက်ရှုတ်ချကြောင်း မိန့်ခွန်း၊ သဝဏ်လွှာများ ပေးပို့ဖတ်ကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ်၌လည်း ဘန်ကီမွန်ကိုကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြသည်။
(30.11.2014)ရက်နေ့ထုတ် 7day Daily သတင်းစာမှ ကူးယူဖော်ပြသည်။
(30.11.2014)ရက်နေ့ထုတ် 7day Daily သတင်းစာမှ ကူးယူဖော်ပြသည်။