မန္တလေး၊ နိုဝင်ဘာ ၁၉
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ချမ်မြသာစည်မြောက်ရွာသစ်ရပ်ကွက်ရှိ နဂါးနီးစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၁၉.၁၁.၂၀၁၄)ရက်နေ့၊ မွန်းလွဲ (၃း၃၀)နာရီတွင် ချမ်း/မြောက်ရပ်ကွက် ဗုဒ္ဓသာသနရက္ခိတ ဘုံဆွမ်းလောင်းအသင်းတိုက်၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်းတာဝန်ရှိသူများတက်ရောက်ကြပြီး အဝါရောက်မျိုးဆက်သစ်(Y.G.W)ဆရာတော်များဖြစ်သည့် အရှင်ဝိစိတ္တ၊ အရှင်ဉာဏိဿရ၊ ဒေါ်နှင်းပပ၊ ဒေါ်ကြင်ကြင်မြိုင်တို့မှ အသင်းသား/သူများအား စီးပွားရေး လူမှုရေးဆိုင်ရာ မှတ်သားဖွယ်ရာ ဗဟုသုတများကို အသီးသီးဟောပြောခဲ့ကြပါသည်။ ဟောပြောပွဲအပြီးမှာ အသင်းတာဝန်ရှိသူများမှ စုဘူးငွေများ ပေးအပ်ခဲ့ရာ အသင်း(၁၀၀)ဦးထဲမှ (၅၀)ဦးတို့အား (၁)သိန်းကျပ်စီနှင့် (၇၀)ဦးတို့အား (၅)သောင်းကျပ်စီ ပေးအပ်ခဲ့ကြောင်း သိရသည်။
နဂါးနီအသင်းဝင်များကို အသင်းစဝင်ဝင်ချင်း (၅)သောင်းကျပ်စီထုတ်ပေးပြီး ငွေချေးပတ် (၄)ပတ်မြောက်မှာ စည်းကမ်းချက်များနှင့်ကိုက်ညီသည့်အသင်းဝင်များအား (၅)သောင်းကျပ်စီ ထပ်တိုး၍ထုတ်ပေးကြောင်း၊ သတ်မှတ်စည်းကမ်းများနှင့် မကိုက်ညီသည့် အသင်းဝင်များကို ထပ်တိုးပေးခြင်းမရှိဘဲ မူလထုတ်ချေးငွအတိုင်းပင် ထုတ်ပေးကြောင်း သိရသည်။
ချမ်း/မြောက်နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် (၃)ခုမြောက်စုဘူးဖြစ်ပြီး တစ်ဦးလျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့် ဦးရေ(၅၀)အတွက် သိန်းအစိတ်မတည်ကာ (၃၁.၅.၂၀၁၄)နေ့တွင် စတင်တည်ထောင်ပေးခဲ့ပါသည်။ ဆရာတော်ဦးဝီရသူသည် သိန်းတစ်ရာပြည့်သည်အထိ တိုးချဲ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။
နဂါးနီသတင်းထောက်-ဝီရခေမိန်
အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြစေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)