17.11.2014 ရက်နေ့မှာ ချောင်းဦးမြို့သို့ ရောက်ခဲ့ပါတယ်။ ညနေ စာဝါအပြီးမှ လာရတာဖြစ်လို့ နောက်ကျမှ ရောက်ပါတယ်။ ချောင်းဦးမြို့၊ ဓမ္မာရုံဆရာတော်ဘုရားကြီးထံ သြဝါဒခံယူခဲ့ပါတယ်။ ဆရာတော်ဘုရားကြီး လည်း အနိမ့်ရွာဟောပြောပွဲခွေ(အရက်သမားတရားနာပြီးပြီ)ကြည့်ပြီးပြီလို့ပြောပါတယ်။ နေ့ရောညပါ ဖွင့်ပြနေတယ်လို့ မိန့်ပါတယ်။
ဆရာတော်ဘုရားကြီးအား မဘသ ဖွဲ့ဖို့ လျှောက်ထားရာ၊ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းပါ ပို့ချချင်ကြောင်း မိန့်တော်မူပါတယ်။
ဆူးလေကုန်းရွာရောက်တော့ သာသနာ့အလံတော်လေးများကိုင်ဆောင်ကြိုဆိုနေကြတာ တွေ့ရပါတယ်။ သာသနာ့အောင်လံတော်ကို ဖူးမြင်ရလို့ အလိုလို လက်အုပ်ချီပြီးသားဖြစ်သွားပါတယ်။
ဆူးလေကုန်းရွာတည်းတော်ရာစာသင်တိုက်ဆရာတော် ဦးဇဋိလ ဦးစီးတဲ့ ကရုဏာအလင်း လူမှုကူညီရေး အသင်း(၂)ပြည့် အထိမ်းအမှတ် ဓမ္မသဘင်ဖြစ်ပါတယ်။
ပလ္လင်ပေါ်ရောက်မှ ဆရာထူးချွန်ဆုရ ဆရာဦးသန်းလှိုင်ကို သတိရလို့ မေးကြည့်တော့ တရားပွဲမှာ ပါပါတယ်ဘုရားဆိုပြီး ဦးသန်းလှိုင်ကို ခေါ်ပေးပါတယ်။ “ဒကာကြီး ရွာသူ ရွာသားတွေနှင့် ကျောင်းသူ/သားတွေ အပေါ် မေတ္တာအမြဲထားနိုင်ပါစေလို့” ဆန္ဒပြုပေးလိုက်ပါတယ်။
ချောင်းဦးဆိုတာ ထူးခြားတဲ့မြို့ပါ။
အိုးဝေညိုမြကို အမြင့်မြို့က မွေးထုတ်ပေးလိုက်တာပါ။
ဆရာတော်ဦးဝိစာရကို အနိမ့်ရွာက မွေးထုတ်ပေးလိုက်တာပါ။
ဆရာဦးသန်းလှိုင်ကတော့ ဆူးလေကုန်းရွာရဲ့ မွေးစားသားပဲ ဖြစ်ပါတယ်။
ဦးဝိစာရ၊ ဦးညိုမြနှင့် ဦးသန်းလှိုင်တို့ကို ဂုဏ်ပြုသောအားဖြင့် မဃဒေဝလာ “ဆရာ” ဖွင့်ဆိုချက်ကို နိဒါန်းပျိုးပြီး “အားကိုးရသူနှင့် ချစ်ရသူ” တရားဟောကြားခဲ့ပါတယ်။
စာရေးဆရာ ဦးဘုန်း(ဓာတု)ရဲ့ “အဇာတသတ်အတွေးအခေါ်” ဝတ္ထုတိုလေးကို လိုရင်းလောက်ပြောပြပြီး အဇာတသတ်မင်းကြီးရဲ့ ကျေးဇူးတရားတွေကို ဟောကြားခဲ့တာပါ။ အဇာတသတ်ဆိုရင် အဖေသတ် နန်းတက် အကြမ်းဖက်လောက်တာပဲ သိထားတဲ့ စာရေးဆရာ ဦးဘုန်း(ဓာတု)သိစေဖို့ပါ။
မင်းတို့ဉာဏ် တစ်မိုက်တစ်ထွာမျှရယ်နဲ့
ငြင်းဖို့သန်ရင် မိုက်ရာကျပေလိမ့်
စရိုက်သဘာဝရယ်က ကျမ်းဂန်နွယ်
သခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာလေးကိုလည်း သတိရစေချင်ပါတယ်ဗျာ။