မန္တလေးမြို့ရှိကျောင်းတိုက်အသီးသီးမှ ရဟန်းသံဃာတော်များနှင့် သီလရှင်များ၊ မြို့နယ်အသီးသီးမှ လူပုဂ္ဂိုလ်အပါအဝင် အင်အား(၃၀၀၀)ကျော်ခန့်သည် မျိုးစောင့်ဥပဒေပြဋ္ဌာန်းဖော်ဆောင်ရေးအတွက် ဆန္ဒထုတ်ဖော်ခြင်းကို အောက်တိုဘာလ(၃၀)ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးစောင့်ဥပဒေအမြန်ပြဋ္ဌာန်းပေးရေး မျိုးစောင့်ဥပဒေ အမြန်ဖော်ဆောင်ရေး မျိုးစောင့်ဥပဒေ အမြန်ပေါ်ပေါက်ရေး ဟစ်ကြွေးခဲ့ကြပြီး သာသနာ့အလံများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖော်ဆောင်ရေး ဆန္ဒထုတ်ဖော်ခြင်းကို ဝံသာနုဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်နန်းရွှေကြာက Tomorrow အား ရှင်းလင်းပြောပြရာတွင် “ဒါဟာ နိုင်ငံရေးမဟုတ်ပါဘူး၊ အမျိုးဘာသာ သာသနာအတွက်ပါ အမျိုးဘာသာ သာသနာအတွက် မျိုးစောင့်ဥပဒေ တစ်ရပ် အခိုင်အမာရှိသင့်ပါတယ်။ ခုလို ရဟန်းသံဃာတော်တွေသာမက သီလရှင်တွေကပါ ဦးဆောင်ပါဝင်လာတာ ဝမ်းသာစရာပါ၊ အခြားသော ဘာသာလူမျိုးကို ထိခိုက်စော်ကားဖို့ မဟုတ်သလို၊ နိုင်ငံရေးအတွက်လည်း မဟုတ်ပါဘူး။ ဒီဥပဒေကို ရေးဆွဲကြတဲ့အခါ လူမျိုးရေး ဘာသာရေး အဂတိကင်းတဲ့ ဥပဒေပညာရှင်တွေနဲ့ ရေးဆွဲပြီး လွှတ်တော်မှာ အဆိုတင်သွင်းပြဋ္ဌာန်းနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
ဆန္ဒထုတ်ဖော်သော ရဟန်းသံဃာတော်များနှင့် သီလရှင် လူပုဂ္ဂိုလ်များသည် မန္တလေးမြို့ ၃၅ လမ်းနှင့် ၃၄လမ်း၊ ၈၅လမ်းရှိ သာသနာ့ဗိမ္မာန်တော်ကြီးတွင် စုရပ်ထားရှိပြီး နေ့လယ်ပိုင်းမှ အစပြုကာ အိမ်တော်ရာဘုရားအထိ လမ်းလျှောက်၍ စီတန်းလှည့်လည် ဆန္ဒပြထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ဆွေနိုင်စစ်