သူလေ့လာမိသလောက်တော့ ဘာသာကူးပြောင်းတာနှင့်ပတ်သက်ရင် အစွန်းနှစ်ဘက်ရှိသည်။ တချို့နိုင်ငံတွေမှာ သေဒဏ်ပေးလေ့ရှိသည်။ တချို့နိုင်ငံတွေမှာတော့ အထိန်းအကွပ်မဲ့စွာ ကြိုက်သလောက် ကူးပြောင်းခွင့်ရှိသည်။
သို့နှင့် လက်တလော မြန်မာနိုင်ငံဥပဒေကြမ်းရေးဆွဲရေးကော်မရှင်က ထုတ်ပြန်အကြံပြုချက်တောင်းခံလာသော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းကိုလည်း ထိုအစွန်းနှစ်ဖက်အကြားက ဥပဒေတစ်ခုဖြစ်လာဖို့ တရားလွှတ်တော် ရှေ့နေ ဦးဌေးဦးက မျှော်လင့်နေသည်။
ထိုဥပဒေကြမ်း၏ ကနဦးသည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ကမကထပြုလှုပ်ရှားတောင်းဆိုမှုများက စတင်သည်။ ထိုမှ ပြီးခဲ့သည့်ဖေဖော်ဝါရီလထဲတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင်က အမျိုးစောင့်ဥပဒေဆိုင်ရာ ဥပဒေလေးခုကို ပြဋ္ဌာန်းပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်ထံ သဝဏ်လွှာဖြင့် စဉ်းစားခိုင်းသည်။
ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေတို့ ဟူ၍ဖြစ်သည်။
အမှန်တော့ ထိုဥပဒေအမျိုးအစားလေးခုစလုံးကို ပြည်တွင်းက နယ်ပယ်စုံမှ အဖွဲ့အစည်းပေါင်း ၁၅၀ ကျော်က ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များ ပြုလုပ်ခဲ့ပါသည်။ အထူးသဖြင့်တော့ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို ဗြောင်ကျကျချိုးဖောက်နေသော ကြောင့်ဟု ၎င်းအဖွဲ့အစည်းများက ဆိုပါသည်။
“လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဖောက်ဖျက်တာက ထိပ်ဆုံးပဲ။ အမှိုက်ပုံးထဲကို ထည့်ပစ်သင့်တဲ့ဥပဒေကြမ်းပါ။ ဆွေးနွေးနေရင် အချိန်ကုန်တယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ဂွန်ဂျာက ပြောသည်။ ယခုလည်း ဥပမာပြပြီး ဒေါ်ဂွန်ဂျာက မေးခွန်းထုတ်သည်။
ဥပမာ - ကျွန်မကြိုက်လို့ ယူလိုက်တဲ့ယောက်ျားကြောင့် ဘာသာကူးပြောင်းတာကို ဘာကိစ္စ သူများကို မှတ်ပုံသွားတင်ရမှာလဲ ဆိုတာပေါ့။ တိတ်တိတ်ကလေးယူသွားရင်ရော သူတို့က ဘာတတ်နိုင်မှာလဲ။ ဥပဒေက လက်တွေ့မကျဘူး။
ယခုအခါ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းကို မေ ၂၇ ရက်ကစတင်ပြီး သတင်းစာများ၊ အွန်လိုင်းစာမျက်နှာ များမှတစ်ဆင့် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်က အကြံပြုချက်များတောင်းခံနေသည်။ အခန်း(၇)ခန်းပါဝင်သော ၎င်းဥပဒေ ကြမ်းကို ပြည်သူများအား ချပြသည်။ ဥပဒေ၏အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်၊ မှတ်ပုံတင်ရေးအဖွဲ့ဖွဲ့စည်းခြင်း၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းရန် လျှောက်ထားခြင်း၊ သက်သေခံလက်မှတ်ထုတ်ပေးခြင်း၊ ကိုးကွယ်ရာဘာသာကူးပြောင်းသူ၏ အခွင့်အရေးနှင့်တာဝန်၊ တားမြစ်ချက်၊ ပြစ်ဒဏ်၊ အထွေထွေ ဟူ၍ဖြစ်သည်။
အဓိကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး၊ ပြည်သူ့ကိုယ်ကျင့်တရား၊ ပြည်သူ့ကျန်းမာရေးတို့နှင့်မဆန့်ကျင်ရင် နိုင်ငံသားတိုင်းသည် ဘာသာ၊ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သည့်အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်နိုင်သည့်အခွင့်အရေးတို့ကို အညီအမျှရှိစေရမည်ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄နှင့်အညီ ဥပဒေကို ရေးဆွဲသည်ဟု ဆိုသည်။ ကိုးကွယ်ရာဘာသာကို လွတ်လပ်စွာရွေးချယ်ခွင့် ရရှိစေရန် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းပြုရာတွင် ပွင့်လင်းမြင်သာပြီး စနစ်တကျရှိစေရန်အလို့ငှာ ရည်ရွယ်သည်ဟု ဥပဒေကြမ်း၏နိဒါန်းတွင် ဆိုထားသည်။
“ဥပဒေကို အကြမ်းဖျင်းကြည့်တာတော့ မျှတတဲ့သဘောရှိပါတယ်။ မြန်မာတိုင်းရင်းသားအားလုံးအတွက် အကာအကွယ်ပေးတဲ့ ဥပဒေတစ်ခုပဲလို့ မြင်ပါတယ်။”ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ တိလောကာဘိဝံသက ရန်ကုန်တိုင်းမ်သို့ မိန့်ပါသည်။
သီးခြားအကာအကွယ်ရှိပြီးသားပုဂ္ဂိုလ်တွေကတော့ လိုအပ်ချင်မှလိုအပ်လိမ့်မည်။ အကာအကွယ်သီးခြားမရှိသေးသော တိုင်းရင်းသားလူမျိုးများ၊ ဘာသာများအတွက်တော့ အများကြီး အထောက်အကူဖြစ်စေသည်ဟု ဆရာတော်က ယူဆသည်။
“မတရားလွှမ်းမိုးလိုသူတွေအတွက်တော့ မပြောတတ်ဘူး။ သူ့ဘာသာသူနေတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ ဘာမှထိခိုက် နစ်နာစရာမရှိဘူး။”
အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေးရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကတော့ အမျိုးသမီးတစ်မျိုးကိုပဲ ပိတ်ပင်သည့်သဘောမျိုးမဟုတ်ဘဲ ဘာသာ အားလုံးကို လွှမ်းခြုံမှုရှိသည်ဟု မှတ်ချက်ပြုသည်။
“ကူးပြောင်းမှုအတွက် ကန့်သတ်တဲ့ပုံစံမဟုတ်ဘဲနဲ့ စစ်ဆေးတယ်ဆိုတာမျိုး ပါလာတာဟာ အရင်ကြားထားတာထက် တိုးတက်မှုရှိပါတယ်”ဟု ၎င်းက ဆိုသည်။ အထူးသဖြင့် ကူးပြောင်းမှုသည် မိမိ၏သဘောဆန္ဒအလျောက်ဖြစ်ရမည်ဆိုသည့် အချက်နှင့် ကူးပြောင်းမှုသည် မိမိသဘောဆန္ဒကြောင့် ဟုတ်၊ မဟုတ်ကို သေသေချာချာ စိစစ်မည်ဆိုသည့် သဘောမျိုးကြောင့် ဥပဒေကြမ်းကို ကောင်းသည်ဟု ဦးအောင်မျိုးမင်းက ယူဆသည်။
နိုင်ငံတစ်နိုင်ငံတွင် ခေတ်၊ စနစ်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအပြောင်းအလဲတွေက အမြဲတမ်းဖြစ်ပေါ်နေသည့်အတွက် ထိုအခြေအနေများနှင့် သဟဇာတဖြစ်မည့် ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ရေးဆွဲခြင်းစသဖြင့် ဆောင်ရွက်ဖို့ ဥပဒေပြု မဏ္ဍိုင်တွင် တာဝန်ရှိသည်။ အခုအမျိုးစောင့်ဥပဒေထဲကတစ်ခုဖြစ်သည့် ကိုးကွယ်ရာဘာသာကူးပြောင်းရေးဆိုင်ရာဥပဒေ ဆိုသည်လည်း “လိုအပ်လို့ ပြဋ္ဌာန်းဖို့ကြိုးစားတယ်”လို့ပဲ မြင်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
ယင်းသို့ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး လိုအပ်သည်ဟု ထင်သူရော၊ မလိုအပ်ဘူးဟု ထင်သူရော ကွဲပြားနေပါလိမ့်မည်ဟု ဦးအောင်မျိုးမင်းကဆိုသည်။ “ကိုယ့်ဘာသာတရားအတွက် ကိုယ်တိုင်သိပြီးတော့ သီလကောင်းကောင်းနဲ့ ထိန်းသိမ်းမယ်ဆိုရင် ဒါကြီးက မလိုပါဘူး။ အဓိကတော့ ကိုယ့်ဘာသာတရားကို လေးစားပြီး သူတစ်ပါးဘာသာကို စော်ကားတဲ့ အပြုအမူမျိုး မရှိဘဲ မှန်ကန်တဲ့တရားဥပဒေ စိုးမိုးမှုရှိမယ်ဆိုရင် ပိုအဆင်ပြေလိမ့်မယ်”ဟု သူကယုံကြည်သည်။ တချို့နိုင်ငံများဆိုလျှင်လည်း နိုင်ငံသားဟုသာရှိပြီး ထိုနိုင်ငံက ဘာကိုးကွယ်သည်ဆိုတာကို အရေးမကြီးသည့်သဘောမျိုးလည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။
အထူးသဖြင့် မြန်မာနိုင်ငံလို ဒီမိုကရေစီအပြည့်အဝမရှိသေးသော၊ ပွင့်လင်းမြင်သာမှုမရှိသေးသော၊ လာဘ်ပေးလာဘ်ယူမှုများ အမြစ်တွယ်နေသေးသော အခြေအနေမျိုးတွင် ဒီလိုဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားတာသည် “လုံးဝ မလိုအပ်သေးဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးဦး(စိန်ဂျွန်း)ကပြောသည်။
“အခုဥပဒေဟာ ဘာသာခြားသူဌေးတွေ အကြိုက်ဖြစ်သွားမှာကိုတော့ စိုးရိမ်တယ်။ ဒီလိုလွတ်လွတ်လပ်လပ်နေလာခဲ့ရာကနေ အခုဥပဒေကြီးပြဋ္ဌာန်းလိုက်ရင် အစောက ဘာသာသူဋ္ဌေးတွေအတွက် ဘာသာသွတ်သွင်းမှုတွေကို တရားဝင်လုပ်ခွင့်ပေးလိုက် သလိုဖြစ်သွားမှာ”ဟု ၎င်းကယူဆသည်။
ပွင့်လင်းမြင်သာသော၊ ဒီမိုကရေစီအပြည့်အဝရရှိလာသော အချိန်မှသာ ယခုလိုဥပဒေမျိုးကို ကျင့်သုံးသင့်သည်ဟု သူကဆိုသည်။
ဆက်လက်ဖော်ပြပါမည်