29.9.2014 ရက်နေ့ မနက် 5:00 အားလုံးပြင်ဆင်ထားကြသည်။ ယနေ့ ဘုရားဖူးသွားကြမည်ဖြစ်သောကြောင့် တည်း။ ကားပေါ်ရောက်သည့်အခါ ဦးပညာနှင့် ဒကာမောင်မောင်တို့ အခြေအတင် စကားပြောသံကြားရ၏။ ဒကာမောင်မောင်က စာရေးသူနှင့်ကားတစ်စီးတည်းလိုက်ချင်သည်။ ဦးပညာကလည်း အလိုက်မခံ။ တာဝန်ယူထားသူနှင့် တာဝန်ရှိသူနှစ်ဦးတို့ ငြင်းခုံနေကြခြင်းဖြစ်၏။
ဦးပညာက သူ့မှာတာဝန်အရှိဆုံးဖြစ်သည်။ မြန်မာပြည်အထိ သွားကြိုသည်။ မြန်မာပြည်အထိ လိုက်ပို့မည်။ ခရီးတစ်လျှောက်လုံး သူ့မှာ တာဝန်အရှိဆုံးဖြစ်သည်။ စာရေးသူ၏ လုံခြုံရေးအတွက် အိမ်ရှင်များက စီမံပေးထားပြီးဖြစ်သည်။ လုံခြုံရေးက မြန်မာပြည်ထက် သာသည်။ ကားပေါ်မှာလည်း ဒုတိယဗိုလ်မှူးကြီး တစ်ယောက်အမြဲပါသည်။ သူကိုယ်တိုင်လည်း သိုင်းပြောင်းပြန်တတ်သည်။ ယခုလို လိုက်ပါကူညီခဲ့ခြင်းသည် အမျိုးသားရေးစိတ်ဓာတ်တစ်ခုတည်းကြောင့်သာဖြစ်သည်။ အခြားမည်သည့် မျှော်လင့်ချက်မှ မရှိဟု ပြတ်သားစွာ ပြောနေ၏။
ဒကာမောင်မောင်ကား ဘုန်းကြီးကို စိတ်မချရုံမှ တပါး အခြားပြောစရာမရှိရှာပေ။ တစ်ခုခုဖြစ်လျှင် ဘုန်းကြီးနှင့် အတူရှိနေရေးသာ သူ့အတွက် မဟာတာဝန်ဖြစ်လေ၏။ နှစ်ဦးလုံး ဆန္ဒပြည့်စေရေးအတွက် စာရေးသူ၏ နံဘေးတစ်ဖက်တစ်ချက်မှ လိုက်စေခဲ့ဖူး၏။ ကားနောက်ခန်းမှာ သုံးယောက်ထိုင်ကြသည်။ စာရေးသူက အလယ်ကောင်မှာထိုင်သည်။ ဝဲယာနှစ်ဦးလုံးက ခပ်ဝဝဖြစ်သောကြောင့် ကျုံ့ကျုံ့လေးထိုင်ရ၏။ ဘယ်လည်းမယိမ်းရဲ၊ ညာလည်းမယိမ်းရဲ အားနာသောကြောင့်ဖြစ်၏။ ခြေထောက်ချင်းလည်း ထိနေသောကြောင့် ခြေထောက်ကိုဘေးမချရဲပေ။ ရှေ့တည့်တည့် ခြေနင်းခုံပေါ်မှာသာ ဖြစ်သလိုတင်ထား ရလေ၏။ ဤသို့ အနာခံဖြေရှင်းသည်မှာ ခရီးတိုအတွက် အဆင်ပြေသော်လည်း ယနေ့ခရီးရှည်သွားရတော့ မည်ဖြစ်၍ ဒကာမောင်မောင် မပါဝင်စေရေး ပြောဆိုရာမှ ငြင်းခုံကြခြင်း ဖြစ်လေသည်။
ကားထွက်သညနှင့် မစ္စတာပါနီက ဝမ်းသာအားရပြောလေ၏။ “အောင်မြင်တယ်။ စိတ်ဝင်စားကြတယ်။ တစ်ကမ္ဘာလုံး ဝင်ကြည့်သူတွေ တစ်ညတည်းနှင့် ငါးသိန်းကျော်သွားပြီ” ဟု ဆိုလာ၏။ အခမ်းအနားသတင်း ဝက်ဘ်ဆိုက်တင်ထားခြင်းကို ရည်ရွယ်၍ ပြောခြင်းဖြစ်၏။ အင်မတန်ရိုးအေးသော စင်ဟာလီလူမျိုးတို့၏ ပျော်ရွှင်ရိပ်ဖြစ်လေသည်။ အပင်ပန်းခံ ကျင်းပရကျိုး နပ်သွားပုံရလေသည်။
သီရိလင်္ကာအစားအစာ စားမလား? မြန်မာအစားအစာ စားမလား? ဟု မစ္စတာပါနီက မေးလာသည့်အခါ ကျနုပ်က သီရိလင်္ကာအစားအစာပဲ စားမည်ဟု ဖြေလိုက်လေသည်။
အင်းလျားကန်လို ကန်တော်ကြီးသို့ ရောက်သည့်အချန်သည် မနက် 6:00 နာရီပင် မထိုးသေးပေ။ လမ်းလျှောက်ရင်း လေညှင်းခံကြ၏။ လတ်ဆတ်သောလေများ ရှုရှိုက်ကြ၏။ ပို၍ လန်းဆန်းကြည်လင် လာကြ၏။
ငါးပြခန်းကို လှည့်လည်ကြည့်ရှုပြီး နားနေချိန်၌ မြန်မာရဟန်းပျိုလေးများ ရောက်လာကြလေသည်။ လင်္ကာတမန် မဂ္ဂဇင်းနှစ်အုပ် လက်ဆောင်ကပ်လှူကြ၏။ မြန်မာရဟန်းတော်များ စုပေါင်း ထုတ်ဝေသည့် မြန်မာမဂ္ဂဇင်းတစ်ခု ဖြစ်လေသည်။
အရှင်ဉာဏစာရမထေရ်တို့အဖွဲ့ မရောက်လာသေးချိန်မှာပင် မနက် စာ အရုဏ်ဆွမ်းကပ်လေသည်။ ထူးခြားဆန်းပြားစွာပင် ကြာဖက်ပန်းကန်ဖြင့် စားရ၏။ တစ်ခါသုံးဖော့ဖြူပန်းကန်ပြားပေါ်မှာ ကြာဖက်ကလေး ခင်းကာ နနွင်းမကင်းပုံစံ ထမင်းဖြူခဲများထည့်ကာ ဟင်းပုံစားရခြင်း ဖြစ်၏။ စင်ဟာလီဦးဇင်းလေးများက လက်ချောင်းလေးများဖြင့် ရိုးရာအတိုင်း စားကြလေသည်။ လက်ဆေးရေလည်းမရှိ။ စားပြီးလျှင်လည်း လက်ဆေးရေဆပ်ပြာခကခဲမည့်အရေးကြောင့် ဇွန်းခက်ရင်းတောင်းလိုက်ရ၏။ ကော်ကြွပ်ဇွန်းခက်ရင်းလေးများ လာချလေသည်။ ကော်ဇွန်းလေးများကိုကြည့်ကာ ဘဝဟောင်းကို သတိရလာ၍ အိုးဘိုရောက်စ ကျောင်းသားသစ်ဘဝကို မှတ်မှတ်ရရ ပြန်ပြောပြမိလေသည်။
အိုးဘိုရောက်စ ကော်ဇွန်းလေးများဖြင့် စားရ၏။ ကျောင်းမှာလို အောက်မေ့ကာ ထမင်းခဲလေးများကို ဇွန်းဖြင့် ဖိချေမိလိုက်၏။ ဂျွတ်ခနဲ မြည်ကာ ကျိုးပဲ့သွားလေသည်။ ထိုအကြောင်းကို မြန်မာဦးဇင်းလေးများ သဘောကျ ရယ်မောကာ ပွဲကျသွားလေတော့၏။
ဆွမ်းကျန်ဟင်းကျန်များကို အလှမွေးထားသည့် မြက်ခင်းပေါ်မှာပင် စွန့်ပစ်ထားကြ၏။ ကျီးကန်းငှက်လေးများ ကောက်ကာငင်ကာ တိုးဝှေ့စားကြလေသည်။ လူမကြောက်ဘဲ ယဉ်ပါးနေသော ကျီးကန်းလေးများကို မြင်ဖူးသည်မှာ နှစ်ခါပင်ရှိခဲ့လေပြီ။ မဟာသိမ်တော်ကြီးဘုရားဖူးစဉ် ဗောဓိပင်မှာ ကပ်လှူထားသော ရေတော်များကို လူအုပ်ကြားမှာပင် တည်ငြိမ်အေးဆေးစွာ သောက်သုံးနေသော ကျီးငှက်ကလေးများ၊ ယခုအခါ စာရေးသူတို့ဘေးနားကပ်လျက် ထမင်းစားနေသော ကျီးငှက်ကလေးများဖြစ်၏။
ကျနုပ်အံ့သြနေမှန်းသိ၍ မြန်မာရဟန်းတော်လေးများက ရှင်းပြကြ၏။ “ဗမာတွေ တိရစ္ဆာန်ချစ်တာနှင့် စင်ဟာလီတွေ တိရစ္ဆာန်ချစ်တာ မတူပါဘူး။ ဗမာတွေက တိရစ္ဆာန်ကို အစာကျွေးသူကကျွေး သတ်သူကသတ် လုပ်ကြပါတယ်။ သီရိလင်္ကာမှာ တိရစ္ဆာန်တွေကို သီးသန့်အစာမကျွေးပေမယ့် သတ်သူကတော့ လုံးဝ မရှိပါဘူး။ တိရစ္ဆာန်တွေကို မသတ်ရ ဥပဒေထုတ်ပြန်ထားပါတယ်”
ပိဋကတ်တော်ထဲက မိဂဒါဝုန်တောဆိုတာ(မိဂဒါယဝန) သားငှက်တို့ကို ဘေးမဲ့ပေးရာတော ဖြစ်ပါသည်။ သီရိလင်္ကာဟာ တိရစ္ဆာန်လေးတွေကို ဘေးမဲ့ပေးရာ မိဂဒါဝုန်ယဉ်ကျေးမှုကို အမွေဆက်ခံထားသော ဗုဒ္ဓအမွေးခံ သားကောင်းရတနာများ ဖြစ်ကြပါပေသည်။
သီရိလင်္ကာတွင် တိရစ္ဆာန်များကို ဘေးမဲ့ပေးထားသဖြင့် လမ်းဖြတ်ကူးသည့် တိရစ္ဆာန်များကြောင့် ယာဉ်ကြော ပိတ်ဆို့သည်များပင် ရှိကြောင်း သိရပါသည်။
“သီရိလင်္ကာမှာ ဖွတ်ကြီးတွေက အကြီးကြီးတွေ၊ သူတို့လမ်းဖြတ်ကူးတယ်ဆိုရင် ကားတွေက ရပ်ပေးထားရတာ၊ တစ်ခါတလေ နာရီဝက်လောက်တောင် ကြာတဲ့အခါရှိတယ်။ အဲဒီအချိန်မှာဆို ကားတွေ တန်းစီနေတော့တာပဲ။ ဘယ်လောက်အရေးကြီးကြီး ဖွတ်တွေကို နင်းကြိတ်ပြီး မောင်းကြတယ်လို့ မကြားရဘူး”
ဤကား တပည့်အရှင်ခေမာန္ဒ(ကျန်ကျောင်း)၏ ပြောစကားပင်ဖြစ်ပါသည်။
ဗောဓုဗလစေနအဖွဲ့ အတွင်းရေးမှူးဆရာတော် အရှင်ဉာဏစာရမထေရ်တို့အဖွဲ့ရောက်ရှိလာပြီးနောက် ခရီးဆက်ကြပါသည်။ ခရီးရှည်ဖြစ်သောကြောင့် ဒကာမောင်မောင်က ကားတစ်စင်းသို့ ပြောင်းစီးပါသည်။ စာရေးသူက ညာဘက်၊ ဦးပညာက ဘယ်ဘက် သက်သာချောင်ချိစွာ လိုက်ပါနိုင်ပါသည်။ ကျနုပ်သည် ကျီးငှက်ကလေးများ ယဉ်ပါးပုံကိုကြည့်ပြီး လမ်းခရီးတစ်လျှောက်တွင် အတွေးနယ်ချဲ့မိလေသည်။
စာရေးသူမြန်မာနိုင်ငံ၌ ခိုလေးတွေကို အစာကျွေးသော်လည်း ကျီးငှက်တွေကို အစာမကျွေးကြပေ။ ကျီးကန်းအမူအရာများကြောင့် မသဒ္ဓါသည့် အစဉ်အလာလည်း ဖြစ်နိုင်ပေသည်။
ကျီးကန်းများသည် အမြဲတန်း ယောက်ယက်ခတ်နေတတ်ပြီး ပိုင်ရှင်အလစ်ကို အမြဲချောင်းနေတတ်ပါသည်။ လစ်လျှင် လစ်သလို ထိုးသုတ် ခိုးယူတတ်ပြီး တစ်ကောင်ထိလျှင် ဝိုင်းအာတတ်ပါသည်။ အဆင်းကမည်းတူး နေခြင်း၊ အသံက မသာယာခြင်း၊ စရိုက်က ဆိုးသွမ်းခြင်း၊ အမူအရာက ဂဏာမငြိမ်ခြင်းတို့ကြောင့် လူသားတို့၏ မေတ္တာကို မရရှိကြခြင်းဖြစ်ပါမည်။ လူသားတို့ကသာ ခိုလေးတွေ စာကလေးငှ့်လေးတွေနှင့် တန်းတူ ကျီးငှက်လေးတွေအပေါ် မေတ္တာထားနိုင်ပါမူ သီရိလင်္ကာကျီးကန်းကဲ့သို့ပင် မြန်မာ့ကျီးကန်းတို့သည်လည်း ယဉ်ကျေးလိမ္မာနိုင်မည်ဖြစ်ပါသည်။
ထို့နောက် တစ်ဆက်တည်းမှာပင် ကရုဏာသက်ဖွယ် လူနည်းစုဆိုသူများအကြောင်းကို စဉ်းစားမိပါသည်။ အသားကမည်း၊ မျက်လုံးကရွဲ၊ နှာခေါင်းကတွဲ၊ ကျီးကန်းတောင်းမှောက်အကြည့်တွေ၊ အလစ်သုတ်အမြတ်ထုတ် အကျင့်တွေ၊ အုပ်စုဖွဲ့ဝိုင်းအာစရိုက်တွေကြောင့် ကျီးကန်းတွေလို အယုံအကြည်မဲ့ခံရခြင်း ဖြစ်ပေမည်။
ကျီးလိမ္မာလေးများကိုကြည့်၍ သီရိလင်္ကာကို နိမိတ်ဖတ်မိ၏။ အနာဂတ်မှာ သီရိလင်္ကာဟာ ကျီးငှက်လူသားများကို လိမ္မာယဉ်ကျေးအောင် ဆုံးမနိုင်တော့မည်။ သီရိလင်္ကာသာသာနာ ထာဝရ တောက်ပပေတော့မည်။ သီရိလင်္ကာပြည်သူတွေ ဘေးမခဘဲ အေးမြသာယာရှိတော့မည်။ သီရိလင်္ကာနိုင်ငံ တော်ကြီး ထာဝရငြိမ်းချမ်းပေတော့မည်ဟူ၍ ဖြစ်လေသည်။
(ဆက်ပါဦးမည်)
2.11.2014