28.9.2014 ရက်နေ့ မွန်းလွဲ 2:00 ကျော်မှာ အခမ်းအနားစပါသည်။
အခမ်းအနားစင်မြင့်၏ ရှေ့တည့်တည့် လင်္ကျာဘက်မှာ ဗောဓုဗလစေနအဖွဲ့ ဦးဆောင်ဆရာတော်များ၊ အမျိုးသားများက ဖယောင်းဆီးမီးများထွန်းညှိပူဇော်ကြပါသည်။ ထိုအခါ သံဃာငယ်များ၊ လူပရိသတ်များက ထိုင်ရာမှထကာ မတ်တတ်ရပ်၍ အရိုအသေပြုကြပါသည်။
၎င်းနောက် အမျိုးသမီးကြီးငယ်များက ဝတ်ဖြူစင်ကြယ် တူညီဝတ်စုံများဖြင့် နောက်ခံတေးသွားနှင့်အညီ သရုပ်ဆောင်ကြပါသည်။ ရိုးရာ တူရိယာပညာရှင်များကလည်း စင်အောက်ရှေ့တည့်တည့်မှနေရာယူကာ ပရိသတ်ကို မျက်နှာမူ၍ တီးမှုတ်ဖျော်ဖြေကြပါသည်။ ရခိုင်ရိုးရာ စည်တော်ကြီးနှင့် ခပ်ဆင်ဆင်တူပါသည်။
အခမ်းအနားမှူးက ခေါင်းတုံးနှင့် ဝတ်စုံဖြူနှင့် စင်မြင့်၏ လင်္ကျာဘက် Stage(စတိတ်စင်)မှာ အစီစဉ်ကြေညာ ပါသည်။ အသံသြဇာပြည့်သည့်အပြင် စီစဉ်တင်ဆက်ပုံတော်သောကြောင့် လူတိုင်းသဘောကျကြပါသည်။
အစီအစဉ်တစ်ခုတင်ဆက်တိုင်း LED ဖန်သားပြင်မှာ ဟောပြောမည့်သူ၏ ဓာတ်ပုံနှင့် အကြောင်းအရာကို ပြသထားပါသည်။ နောက်ခံရိုးရာတီလုံးများလည်း ဖွင့်ပေးထားပါသည်။
နီပေါ၊ တိဘက်၊ ကိုရီးယား၊ အိန္ဒိယ စသည့်နိုင်ငံများမှ ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်များက အင်္ဂလိပ်လို မိန့်ခွန်းပြောကြပါသည်။
ဗောဓုဗလစေနအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး အရှင်ဂဏစာရမထေရ်အလှည့်ကျသည့်အခါ ဆင်ဟာလီဘာသာ စကားဖြင့် ရှေ့ပိုင်းမှာ ဟောပြောကာ နောက်ပိုင်းမှာ အင်္ဂလိပ်ဘာသာစကားကိုပါ ကြားညှပ်မိန့်ကြားသွား ပါသည်။ ဆင်ဟာလီဘာသာစကားဖြင့် မိန့်ကြားချိန်တွင် စာရေးသူနှင့် ဦးပညာတို့အား ဘာသာပြန်နားကြပ်များ လာရောက်ဆက်ကပ်ပါသည်။ ထိုနားကြပ်ဖြင့် ဆင်ဟာလီဘာသာစကားကို အင်္ဂလိပ်ဖြင့် တိုက်ရိုက်ပြန်ပေးသည်ကို နားထောင်ရပါသည်။ အကြောင်းအရာမျှသာ သိရှိရပြီး အကြမ်းသဘောမျှသာ နားလည် နိုင်ပါသည်။
ဥက္ကဋ္ဌဆရာတော်ကြီးက ရခိုင်ပြည်မှာ ခိုးဝင်ဘင်္ဂလီတစ်သန်းကျော်ရှိကြောင်း စာရေးသူကို လက်ညှိုးထိုး သက်သေထူကာ မူဆလင်အန္တရာယ်ကြီးမားပုံကို ဟောကြားတော်မူပါသည်။ တိုင်းမ်မဂ္ဂဇင်း အကြောင်းထည့် ပြောသည့်အခါ အင်မတန် မာန်ပါလာသည်ကို တွေ့ရပါသည်။ စာရေးသူကို လက်ညှိုးထိုးပြကာ The Face Of Buddhist Terror ဟုတ်မဟုတ် လက်တွေ့သဘောအရ မျက်နှာနှင့် အမူအရာကြည့်လျှင်ပင် သိနိုင်ကြောင်း ခုခံကာကွယ်ပေးတော်မူပါသည်။
လင်္ကာသားတို့ကား မှတ်မှတ်သားသားရှိဆဲပင်။ တိုင်းမ်မဂ္ဂဇင်းက ပေးသည့်ဒဏ်ရာ လင်္ကာသားတို့ရင်ထဲမှာ ပြည့်နှက်နေပုံရလေသည်။ တစ်နှစ်ကျော်သွားပြီဖြစ်သော်လည်း မနေ့တစ်နေ့ကလို ပူပူနွေးနွေးပင် ရှိနေသေးပေသည်။ ဗုဒ္ဓကိုကြည်ညိုသော ဗုဒ္ဓဘာသာဝင်ပီသစွာ ဗုဒ္ဓဘာသာကို အစော်ကားမခံလိုသော ဘာသာသွေးကို လင်္ကာသားတို့ရင်ထဲ ထိုးဖောက်၍ သိမြင်ခွင့်ရခဲ့သေလည်။ ကျနုပ်များစွာ စိတ်မကောင်းပါ။ မျက်ရည်များဝဲလည်လာခဲ့ပေသည်။
ကျနုပ်သည် ဟိုယခင်က နိုင်ငံတကာသတင်းဌာနတို့ကို အထင်ကြီးခဲ့၏။ လေးစားခဲ့၏။ မည်သည့်အရာကိုမဆို သိနေသည်။ ရပ်ရွာထဲ အပ်ကျပျောက်သံကိုပင် သိနေသည်ဟု ရှုမြင်ကာ အထင်ကြီးခြင်းဖြစ်၏။ ကမ္ဘာ့ပြည်သူများကို မီဒီယာအတတ်ပညာဖြင့် အလုပ်အကျွေးပြုနေသည်ဟု ရှုမြင်ကာ လေးစားမိခြင်းဖြစ်၏။ ထို့ကြောင့် နိုင်ငံတကာ သတင်းသမားများလာသည့်အခါ စိတ်ရှည်ရှည်ထား၍ ဖြေကြားခဲ့လေသည်။ ၄င်းတို့၏ အားမနာတမ်းမေးသော မေးခွန်းများကိုလည်း သည်းခံစောင့်စည်း၍ ချိုသာယဉ်ကျေးစွာ ဖြေကြားခဲ့လေသည်။ တိုင်းမ်မဂ္ဂဇင်းသတင်းထောက် မစ္စစ်ဟန်နာဘိခ်ျကိုလည်း ထို့အတူဖြေကြားကာ ဧည့်ဝတ်ကျေပွန်စွာပင် ဧည့်ခံလိုက်ပါသည်။ သို့သော် နိုင်ငံတကာသတင်းဌာနများသည် သတင်းမှန်သိဖို့ ချဉ်းကပ်ခြင်းမဟုတ်ဘဲ စွဲချက်တင်နိုင်ရေး အပြစ်လာရှာသည်ကများလေသည်။ ထို့ကြောင့် လူသားမဆန် စက်ရုပ်ဆန်သော အမှန်တရားကိုမကြည့် စီးပွားရေးကိုသာကြည့်တတ်သော အဆိုပါ သတင်းဌာနများ၏ ပစ်မှတ်အထားခံရသော မီဒီယာ့သားကောင် ဝီရသူဖြစ်ခဲ့ရခြင်းဖြစ်လေ၏။
နိုင်ငံတကာအတွေ့အကြုံရှိသော မီဒီယာသမားများအကြောင်းကို နောကြေအောင်သိသော ဗောဓုဗလစေန အဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးက တိုင်းမ်မဂ္ဂဇင်းမတရားပုံကို ယခုထိတိုင် မေ့မရနိုင်ဖြစ်နေပုံရလေသည်။
အခမ်းအနားကျင်းပနေစဉ် ကျနုပ်ပြောရမည့် မိန့်ခွန်းကို အများမကြားရအောင် တိုးတိုးလေး အစမ်းဖတ်ကြည့်ပါသည်။ အချိန်ကိုလည်း မှတ်သားထားလိုက်ပါသည်။ သုံးမိနစ်သာကြာပါသည်။ ရသည့်အချိန်က ငါးမိနစ်၊ ရေးထားသည်က သုံးမိနစ်စာသာဖြစ်နေ၍ နောက်ထပ် နှစ်မိနစ်စာ ထပ်ရေးဖို့ ပြင်ဆင်ပါသည်။ ကမ္ဘာ့လူသားတိုင်း လိမ္မာယဉ်ကျေးမှ ကမ္ဘာကြီး ငြိမ်းချမ်းမှာဖြစ်ကြောင်း အသိတရားရှိအောင် လိမ္မာရေးခြား ရှိအောင်၊ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးအောင် ဆုံးမပေးဖို့ ဘုရားသားတော်များမှာ တာဝန်ရှိကြောင်း ဘုရားသားတော်များပီပီ ဘုရားရှင်အလိုကျ ငြိမ်းချမ်းရေးဗိသုကာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါသည်။ ၅×၄ အရွယ် စာရေးပဒ်တစ်မျက်နှာစာဖြစ်ပါသည်။
စာရေးသူအလှည့်ကျရောက်ပါပြီ။ အခမ်းအနားမှူးက ဆင်ဟာလီဘာသာဖြင့် ကြေညာပြီးမှ အင်္ဂလိပ်လို ထပ်မံ ကြေညာခြင်းဖြစ်ပါသည်။ Ashin Wira Thu ကလောင်အမည်နှင့် 969 Leader ဝိသေသနကို ကြားလိုက်ရသူ တိုင်း ရုံလုံးပြည့်လက်ခုပ်သံများ မြိုင်ဆိုင်သွားပါသည်။ ဥက္ကဋ္ဌဆရာတော်ကြီးနှင့် ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများကို လက်အုပ်ချီဂါရဝပြုပြီး စင်ပေါ်တက်ခဲ့ပါသည်။ ဗောဓုဗလစေန အဖွဲ့အတွင်းရေးမှူး အရှင်ဥာဏစာရ မထေရ်နှင့် အဖွဲ့ခေါင်းဆောင်များ စင်ပေါ်ထိလိုက်ပို့ပါသည်။ စာရေးသူ စင်ပေါ် မရောက်မီ လမ်းတစ်လျှေုာက် အခိုက်အတန့်မှာ သံဃာငယ်များ လူပုဂ္ဂိုလ်များက မတ်တတ်ရပ်၍ အရိုအသေပြုကြပါသည်။ စတိတ်စင်မှာ မတ်တတ်ရပ်စကားပြောမှ ပြန်ထိုင်ကြပါသည်။
စာရေးသူက မြန်မာလို အစအဆုံး ဖတ်ပါသည်။ စာရေးသူအားလုံးဖတ်ပြီးမှ အခမ်းအနားမှူးက စင်ဟာလီဘာသာဖြင့် ထပ်မံဖတ်ကြားပါသည်။ လက်ခုပ်သံများ သုံးကြိမ်ကြားလိုက်ရပါသည်။
ဦးပညာက ကြည့်မဖတ်စေလိုပါ။ မြန်မာလိုလည်းဖြစ် ကိုယ်တိုင်ရေးလည်းဖြစ်လို့ အလွတ်တန်းပြောဖို့ တိုက်တွန်းပါသည်။ နိုင်ငံတကာအခမ်းအနားကြီးတစ်ခုမှာ အမှားအယွင်းမဖြစ်စေလိုကြောင်း၊ မိန့်ခွန်းပြော သည်မှာ တရားဟောခြင်း၊ သြဝါဒပေးခြင်းနှင့် မတူကြောင်း၊ အချိန်ဖြင့် ကန့်သတ်ထား၍ တွေးမိတွေးရာ အတွေးစများ စပ်မိစပ်ရာများ ပါသွားလျှင် လိုရင်းမရောက်မှာစိုးရကြောင်း ပြောကာ မနှေးလွန်း မမြန်လွန်းသည့် ပုံမှန်သဘောမျှသာ ဖတ်ပြခဲ့ခြင်းဖြစ်ပါသည်။
ကျနုပ်မိန့်ခွန်းပြောနေသည့်အချိန်တွင် လုံခြုံရေးများက စောင့်ရှောက်နေပေသည်။ စင်ပေါ်တက်စဉ်က လှေကားသည် စင်ရှေ့အလယ်ကောင်တည့်တည့်မှာဖြစ်ပြီး ပြန်ဆင်းသည့်အခါ စင်၏ လက်ဝဲဘက်လှေကား မှ ပြန်ဆင်းရပါသည်။
ကျနုပ်ပြီးသည့်အခါ ဗောဓုဗလစေနအဖွဲ့မှ ရဟန်းပညာရှိ လူပညာရှိ အဖွဲ့ခေါင်းဆောင်များ ဟောကြပါသည်။ လူနေမှုပုံစံ ရိုးအေးကြသော်လည်း မိန့်ခွန်းပြောသည့်အခါ လက်ညှိုးငေါက်ငေါက်ထိုးခြင်း၊ လက်သီး လက်မောင်းတန်းခြင်းများ ပါဝင်ပြီး တက်ထောင်မောင်းနင်းအားမာန်အပြည့်နှင့် ပြောကြသည်မှာ ကျနုပ်အတွက် စဉ်းစားမရအောင် ဆန်းနေပါတော့သည်။
ညနေ 6:00 နာရီထိုးပါပြီ အရှင်ဉာဏစာရမထေရ် ဟောကောင်းဆဲပင်ရှိပါသေး၏။ လက်ခုပ်သံတွေလည်းမြိုင်၊ ကြွေးကြော်သံတွေလည်းမြိုင် အရှင်ဉာဏစာရမထေရ်ကို ရုံလုံးပြည့်အားပေးကြပါသည်။
အခမ်းအနားပြီးခါနီးတွင် ကျနုပ်ထံ စာတစ်စောင်ရောက်လာပါသည်။ သီဟိုဠ်ရောက် မြန်မာရဟန်းပျိုလေး တစ်ပါးစာဖြစ်ပါသည်။ လင်္ကာခရီးအောင်မြင်ကြောင်း၊ လင်္ကာရဟန်းတော်များကိုယ်တိုင် ဝီရသူရောက်လာပြီကွ ဆိုပြီး အားရဝမ်းသာဖုန်းဆက်ပြောကြောင်း၊ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့လို့ ဂုဏ်ယူကြောင်းများ ရေးသားထား လေသည်။
အခမ်းအနားနောက်ပိုင်း အစီစဉ်များ၌ ဖျော်ဖြေရေးကဏ္ဍများပါဝင်လေသည်။ အမျိုးသားတေးသံရှင်များ တစ်ဦးစီ သီဆိုကြပါသည်။ အဖြူရောင်ဝတ်စုံဖြင့် သီးချင်းဆိုပုံကြည့်ရသည်မှာ ကြည်နူးစရာအတိပါ။ ခေါင်းတုံးနှင့် တစ်ဦး၊ ပါးသိုင်းနှင့်တစ်ဦး နှစ်ဦးသီဆိုရာ နှစ်ဦးလုံး အသံကောင်း အဆိုကောင်းကြပါသည်။ မပြန်ခင်မှာပင် လွမ်းချင်လာပါသည်။
အခမ်းအနား ဟောပြောမှုအစီအစဉ်များ ပြီးဆုံးသွားသောအခါ နိုင်ငံတကာဧည့်သည်တော်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။ တိုက်ဆိုင်စွာပင် ကျနုပ်လက်ခံရရှိသော လက်ဆောင်ပစ္စည်းမှာ ဆင်ရုပ်ဖြစ်နေပေသည်။ ကျနုပ်က ဗုဒ္ဓဟူးသားဖြစ်ကြောင်း လက်ခံရင်း ပြောပြသည့်အခါ တစ်ဖွဲ့လုံး အံ့သြနေကြပါသည်။
အခမ်းအနားပြီးဆုံးခါနီးတွင် မြန်မာရဟန်းတော်များ လာရောက်ဖူးမြော်ကြပါသည်။ လုံခြုံရေးဝန်ထမ်းများက စာရေးသူနားကပ်၍မရအောင် အကာအကွယ်ပြုထားပါသည်။ ဥက္ကဋ္ဌဆရာတော်ကြီးက အားလုံးမြန်မာရဟန်း တော်များဖြစ်ကြောင်း ပြောလိုက်မှ နှုတ်ဆက်ခွင့်၊ စကားပြောခွင့်၊ ဓာတ်ပုံရိုက်ခွင့် ရသွားကြပါသည်။ ကျနုပ်၏ တပည့်အရင်း မစိုးရိမ်တိုက်သစ်ထွက် ဦးဇင်းလေးများပါသလို အမျိုးသားရေးဝါဒီ လုပ်ဖော်ကိုင်ဖက် ညီငယ် ဦးဇင်းလေးများလည်း ပါလေသည်။
အခမ်းအနားပြီးဆုံးသည်နှင့် ကျနုပ်အား သံဃာတန်းကြီးနှင့် လူတန်းကြီးက နှစ်ဖက်ညှပ်၍ ခေါ်သွားကြလေ၏။ ခြေတစ်လှမ်းလှမ်းဖို့ပင် မနည်းအားယူလှမ်းရပေသည်။ အချိန်အတော်ကြီးယူပြီးမှ လှမ်းရပါသည်။ အသက်ရှု ကြပ်လောက်အောင်ပင် ပူအိုက်မွန်းကြပ်လာပါသည်။
အားကစားရုံနှင့်ကပ်လျက် နားနေဆောင်သို့ ရောက်အောင် သွားရသည်ပင် မလွယ်ကူလှပါ။ နားနေဆောင်မှာ ရုပ်သံသတင်းဌာနတစ်ခုနှင့် အင်တာဗျူးဖို့ ငါးမိနစ်ခန့် အချိန်တောင်းထားကြောင်း အရှင်ဉာဏစာရမထေရ်က လာရောက်လျှောက်ထားသောကြောင့် ခွင့်ပြုလိုက်ပါသည်။
(ဆက်ရန်ရှိသေးသည်။)