Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သီရိလင်္ကာခရီးစဉ်(၆)”

$
0
0
27.10.2014 ည 7:00 ခန့်တွင် ကိုလံဘိုမြို့၊ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ရောက်ပါသည်။
ကျောင်းတိုက်အဝင် မုဒ်ဦးတွေ့လိုက်ရသည်နှင့် အလွမ်းဓာတ်အဆွေးဓာတ်များ လွင့်စင်သွား၏။ ရောင်စုံမီးလုံးလေးများ အလှဆင်ထားသည်မှာ ကျောင်းဝင်းအနှံ့ဖြစ်လေသည်။ ကားပေါ်မှဆင်းလိုက်သည့်အခါ အားရဝမ်းသာ ဆီးကြိုသည်နှင့်ကြုံရ၏။
ပရိသတ်များကြားမှ စင်မြင့်တစ်ခုပေါ်တက်ရသည်။ စင်မြင့်ပေါ်မှာ ဆရာတော်တစ်ပါးက ပန်းကြဲနေ၏။ ပရိသတ်ထံ ကြဲ၍ပေးဝေနေခြင်းမဟုတ်ဘဲ စွယ်တော်မြတ်ကိန်းဝပ်ရာ ဂန္ဓကုဋိ(ဘုရားကျောင်းဆောင်)လေးပေါ် သို့ကြဲဖြန့် ပူဇြေ်နေခြင်းဖြစ်၏။ မျက်စိနှစ်လုံးနေရာမှာသာချန်လှပ်၍ ဆင်ကြီးတစ်ကောင်လုံးကို မင်္ဂလာဆင်တော်အဖြစ် ကကြိုးတန်ဆာများ ဆင်ယင်ပေးထားလေသည်။ ဆင်ကြီးပေါ်တွင် စွယ်တော်တိုက်(ဘုရားကျောင်းဆောင်)ကိုအခိုင်အမာ ပူဇော်ထားလေသည်။ စင်မြင့်ပေါ်ရှိ သံဃာတော်များနှင့် ပြည်သူများက ဆင်ကြီးပေါ်ရှိ စွယ်တော်မြတ်ကို ပန်းဖြင့် ပူဇော်နေကြခြင်းဖြစ်၏။
စာရေးသူရောက်လာသည့်အခါ စာရေးသူအား လက်ခုပ်ဖြင့် ပန်းကပ်ပါသည်။ စံပယ်ပန်းလေးများဖြစ်၏။ စာရေးသူက လက်ခုပ်ဖြင့် ခံယူကာ ဆင်ကြီးနားသို့ကပ်သွားပါသည်။ ဆရာတော်ကြီးတစ်ပါးက စွယ်တော်ကို ပန်းဖြင့်ပူဇော်ခိုင်းပါသည်။ စာရေးသူပူဇော်ပြီးသည့်အခါ ပြည်သူများ ပူဇော်ကြပါသည်။
သံအမတ်ကြီးကတော်က လာရောက်နှုတ်ဆက်ပါသည်။ ထိုအချိန်တွင် သံအမတ်ကြီးက ပန်းဖြင့် ပူဇော်နေပါသည်။ စာရေးသူ မနေ့ညက ရောက်သည်ကို မသိရှိရ၍ မကြိုဆိုလိုက်ရကြောင်း သံအမတ်ကတော်က လျှောက်ထားပါသည်။ သံအမတ်ကြီးရောက်လာသည့်အခါ သံအမတ်ကြီးက တာဝန်ကျသည်မှာ တစ်နှစ်ကျော်သာရှိသေးကြောင်း၊ တစ်ခါမျှ အခမ်းအနားများ အဖိတ်မခံခဲ့ရကြောင်း၊ ဒီတစ်ခါ ပထမဦးဆုံးဖြစ်ကြောင်း ကြည်နူးစရာကောင်းကြောင်း လျှောက်ထားလေသည်။
စင်အောက်ပြန်ဆင်းကြပါသည်။ ဆင်ကြီးနှင့် ဓာတ်ပုံများရိုက်ကြပါသည်။ တိုင်းရင်းသူ/သားများက ရိုးရာဝတ်စုံဖြင့် ဓာတ်ပုံတွဲ၍ အရိုက်ခံကြပါသည်။ ဧည့်ဆောင်မှာ ခဏနားပါသည်။ ကျောင်းတိုက်ဆရာတော် ကြီးက မြန်မာပြည်မှ ဆက်ကပ်သော အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်ရရှိထားသော ဆရာတော်ကြီးဖြစ်ပါသည်။ သက်တော်(၉၅)နှစ် ရှိပြီဖြစ်သောကြောင့် ကျန်းမာရေးမကောင်းဟုဆိုပါသည်။ ဆရာတော်ကြီးသည် နာတာရှည်ရောဂါကြောင့် အိပ်ရာထဲမှ မထနိုင်ကြောင်း၊ ဝင်ဖူးလိုက တစ်ပါးတည်းသာ ဖူးခွင့်ရမည်ဖြစ်ကြောင်း၊ အားနည်းနေပြီဖြစ်သောကြောင့် လူတွေပါလာလျှင် မွန်းကြပ်သွားမည်စိုးကြောင်း လျှောက်ထားလာပါသည်။ စာရေးသူက တစ်ပါးတည်း ဝင်ဖူးပါသည်။
ဆရာတော်ကြီးသည် ခုတင်ပေါ်မှာ ပက်လက်အိပ်နေပါသည်။ သတိတော့ ကောင်းပုံရပါသည်။ ဆေးရုံလည်းမတက်၊ ဆေးလည်းမထိုး၊ ဆေးလည်းမသွင်း၊ ဆေးလည်းမသောက်ရုံသာမဟုတ်ဘဲ ပိုက်ဖြင့် အာဟာရသွင်းဖို့ကိုပင် ခွင့်မပြုဟု ဆိုပါသည်။ မျက်လုံးလေးမှိတ်ကာ တရားနှလုံးသွင်းနေသည်မှလွဲ၍ ဝေဒနာ ပြင်းထန်စွာ ခံစားရပုံ မရှိပါ။
ရိုသေစွာဦးချ ရှိခိုးပြီး ခုတင်ဘေးမှာထိုင်ကာ ဆရာတော်ဘုရားကြီး လက်တော်ကို ညင်သာစွာ ကိုင်၍ ဗောဇ္ဈင်သုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။
ဆရာတော်ကြီးသည် ဘာသာစကား ငါးဘာသာတတ်ကျွမ်းသည်ဟုဆိုပါသည်။ ထက်မြတ်သော ဆရာတော်ကြီးတစ်ပါး ဆုံးရှုံးရမည်ကို နှမြောနေမိပါသည်။
ဆရာတော်ကြီးထံမှ ပြန်လာကာ ကျောင်းအပေါ်ထပ်သို့ တက်ခဲ့ပါသည်။ စွယ်တော်မြတ်ကိန်းဝပ်ရာ ဂန္ဓကုဋိ မျက်နှာစာ၌ ဆင်စွယ်အစစ်ကြီးတွေကို တွေ့ရပါသည်။ လုံးပတ်အားဖြင့် မကြီးမားသော်လည်း အလျားကား ရှည်လျားလွန်းပါသည်။ သီရိလင်္ကာနိုင်ငံ၌ ဆင်နှင့် ဆင်စွယ်ကိုလည်း အမြတ်တနိုး တန်ဖိုးထားကြသည်ကို တွေ့ရပါသည်။
ဘုရားကျောင်းဆောင်ရှေ့၌ ဆရာတ်ာတစ်ပါးက စာရေးသူအား ယဉ်ကျေးဖော်ရွေစွာ နှုတ်ခွန်းဆက်ပါသည်။ လက်ဆောင်ပစ္စည်းများလည်း ပေးပါသည်။ ပရိတ်တရား စီဒီ အချပ်များ ဖြစ်နေပါသည်။ မြန်မာပြည်၊ ရွှေလင်းယုန်ဆရာတော်လိုပင် သီရိလင်္ကာမှာ ပရိတ်တရားနာမည်ကြီးသော ဆရာတော်ဟု သိရပါသည်။ ထိုဆရာတော်ကား အခြားမဟုတ်ပါ။ စင်မြင့်ပေါ်မှနေ၍ သံအမတ်ကြီး မိသားစုနှင့်အတူ ဆင်ကြီးပေါ်ရှိ စွယ်တော်မြတ်ကို ပန်းဖြင့်ပူဇော်ခဲ့သော ဆရာတော်ပင်တည်း။
ဆရာတော်ဘုရားက စာရေးသူ ဦးထိပ်ပေါ်တွင် စွယ်တော်ကျောင်းဆောင်လေးကိုပင့်ကာ ဆုတောင်းမေတ္တာ ပို့သပေးပါသည်။ စာရေးသူကလည်း လက်အုပ်ချီ၍ အရိုအသေပြုကာ မေတ္တာခံယူခဲ့ပါသည်။ စွယ်တော်ရှေ့မှာ ဓာတ်ပုံစုရိုက်ကြပါသည်။ စွယ်တော်ကို ကျောမပေးကောင်း၍ လက်ဝဲ လက်ယာမှာ မျက်နှာချင်းဆိုင်ရပ်ကာ ဓာတ်ပုံအရိုက်ခံကြပါသည်။
ကျောင်းအောက်ပြန်ဆင်းကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုကြပါသည်။ စွယ်တော်လှည့်လည် အပူဇော်ခံဖို့အတွက် ဆင်ကောင်ရေနှစ်ဆယ်ကို အလှဆင်ထားသည်ကို တွေ့ရပါသည်။ တိုင်းရင်းသူ တိုင်းရင်းသား ရိုးရာ ယတ်စုံများ၊ ဆိုင်းဗုံတူရိယာများနှင့် ကြီးကျယ်ခမ်းနားစွာ စွယ်တော်မြတ်ကို ပူဇော်ပွဲကျင်းပသည်မှာ နှစ်စဉ်အမြဲဟု ဆိုပါသည်။
ည 8:00 နာရီရှိပါပြီ။ ကျောင်းမှာလည်း ချိန်းထားသည့်အဖွဲ့ တစ်ခုရှိပါသည်။ မနက်ဖြန် 28.9.2014 အတွက်လည်း ဘာတစ်ခုမျှ မပြင်ဆင်ရသေးပါ။ ထို့ကြောင့် စွယ်တော်လှည့်လည်သည့်အချိန်ထိ မနေတော့ဘဲ တည်းခိုရာ သီရိမဟာဗောဓိကျောင်းတိုက်သို့ ပြန်ကြွလာခဲ့ပါသည်။
ရွှေမြန်မာတို့ ဗုဒ္ဓကို မြတ်နိုးသည်က မိရိုးဖလာဆန်သည်။ လင်္ကာသားတို့ ဗုဒ္ဓကို မြတ်နိုးသည်ကား မရိုးဖလာထက် သာလွန်သည်။ ကျွနုပ်သည် လင်္ကာသားတို့အား ချစ်ပြီးရင်း ချစ်နေမိလေတော့၏။
(အဆိုပါ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘုရားကြီးသည် (8.10.2014) နေ့တွင် ပျံလွန်တော်မူသွားကြောင်း သိရပါသည်။)
(ဆက်ပါဦးမည်။)
















Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...