၁။ မူရှာရက်ဖ် ပခုံးပေါ်က
ကြယ်ပွင့်တွေဟာ
ဘနာဇီယာ ဘူတိုရဲ့
သွေးစက်တွေလောက်
မတောက်ပြောင်ခဲ့ပါဘူး။
၂။ ဆက်ဒန်လည်ပင်းမှာ စွပ်လိုကတဲ့
ဇီဝိန်ခြွေ ကြိုးကွင်းဟာ
ဆက်ဒမ်ရုပ်တုကို ဆွဲချရာ
သိက္ခာခြွေ ကြိုးကွင်းလောက်
ရိုက်ချက်မပြင်းခဲ့ပါဘူး။
၃။ ဗိမ္ဗိသာရ အပေါ်မှာ ကျင့်သုံးတဲ့
အဇာတသတ်ရဲ့ နည်းဗျူဟာတွေဟာ
ဗိုလ်ချုပ်အပေါ်မှာ ကျင့်သုံးတဲ့
သမိုင်းသတ် နည်းဗျူဟာတွေလောက်
မကောက်ကျစ်ခဲ့ပါဘူး။
၎။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီဆိုတာ
ဗိုလ်ချုပ်ယူပေးခဲ့တဲ့
လွတ်လပ်ရေးအတုအယောင်ဆိုတာလောက်
မက်မောစရာ မရှိလှပါဘူး။
၅။ ဟီရိုရှီးမားရဲ့
အဏုမြူဗုံးဒဏ်ဟာ
စစ်အာဏာရှင် စနစ်ဆိုးရဲ့
တရားမဲ့ပြုကျင့်မှုလောက်
လူညွန့်မတုံးစေခဲ့ပါဘူး။
၆။ နာဇီတွေရဲ့ လက်အောက်မှာ
အသက်ပျောက်ခဲ့ရတဲ့ ဂျူးတွေဟာ
စစ်တပ်က ပစ်သတ်လို့
အသတ်ထွက်ခဲ့ရတဲ့
ပြည်သူတွေလောက်
နာကျည်းစရာမကောင်းပါဘူး။
၇။ ဂဠုန်စောရဲ့ လုပ်ကြံမှုဟာ
အကြီးအကဲရဲ့ သဘောထားလောက်
ဗိုလ်ချုပ်အပေါ်မှာ
မနာကျင်စေခဲ့ပါဘူး။
၈။ တိုင်းခြားမျိုးခြား
ဘာသာခြားတို့ရဲ့
ကျူးကျော်မှုကိုခံနေရတဲ့
အီရတ်ပြည်သူတွေဟာ
ဗုဒ္ဓဘာသာဝင်
သူတော်စင်ကြီးတွေလက်အောက်က
ရွှေမြန်မာတွေလောက်တော့
သနားစရာမကောင်းခဲ့ပါဘူး။
၉။ အီရတ်ကို ကျူးကျော်တဲ့စစ်ပွဲဟာ
ခန့်အပ်ကိုယ်စားလှယ်
လေးပုံတစ်ပုံပါဝင်မှုလောက်တော့
တရားမဲ့ရာ မရောက်ပါဘူး။
၁၀။ တရုတ်ပြည်ရဲ့
ပန်းပေါင်းတစ်ရာ စီမံကိန်းဟာ
န.အ.ဖ ရဲ့
အမျိုးသားညီလာခံလောက်
သရုပ်ဆောင် မကောင်းခဲ့ပါဘူး။
၁၁။ ကီဘာကီနဲ့ မားကို့စ်တို့ရဲ့
ရွေးကောက်ပွဲရလဒ်တွေဟာ
န.အ.ဖ ရဲ့
အခြေခံဥပဒေအောင်ပွဲလောက်
ဟာသမမြောက်ခဲ့ပါဘူး။
၁၂။ အမာဒီနီဂျက်ရဲ့
ဘလောင်းဘလဲဆန်တဲ့
ကတိစကားတွေဟာ
အကြီးအကဲရဲ့
ပရမ်းပတာနိုင်တဲ့
သစ္စာတရားလောက်
မဖောက်ပြန်ခဲ့ပါဘူး။
၁၃။ ဇင်ဘာဘွေရဲ့
ငွေကြေးဖောင်းပွမှုဟာ
မြန်မာတွေရဲ့
ပြစ်ဒဏ်ဖောင်းပွမှုလောက်
ရယ်စရာမကောင်းခဲ့ပါဘူး။
၁၄။ မုယိုနေတဲ့
ဆင်ရိုင်းတစ်ကောင်ဟာ
အာဏာဓားပြ
စစ်သားတစ်ယောက်လောက်တောင်
မမောက်မာခဲ့ပါဘူး။
၁၅။ ခန္တီဝါဒီရသေ့ကို ရိုက်သတ်ခဲ့တဲ့
ကလာဗုမင်းရဲ့ သတ္တိဟာ
မိန်းမသားတစ်ယောက်ကို
အနိုင်ကျင့်ရဲတဲ့
ဗိုလ်ချုပ်ကြီးတွေရဲ့ မိုက်မဲမှုလောက်
မပြောင်မြောက်ခဲ့ပါဘူး။
၁၆။ ဆူနာမီလှိုင်းလုံးတွေနဲ့
နာဂစ်ရဲ့ ဒီရေတွေဟာ
နေပြည်တော် စီမံကိန်းတွေလောက်
ခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့ပါဘူး။
၁၇။ ရောမမြို့ကြီး မီးဟုန်းဟုန်းတောက်နေချိန်မှာ
တယောထိုး မပျက်ခဲ့တဲ့
နီရိုးဘုရင်ရဲ့ ဂီတအရသာဟာ
နာဂစ်ဘေးကို ကုသဖို့အတွက်
စိတ်ကူးယဉ် အိပ်မက်ခဲ့တဲ့
အကြီးအကဲရဲ့ လ္ဘက်ရည်ပွဲလောက်
မချိုမြိန်ခဲ့ပါဘူး။
၁၈။ သန်းပေါင်းများစွာသော
နာဂစ်ပြည်သူတွေအရေးဟာ
အကြီးအကဲအတွက်
အခြေခံဥပဒေအတည်ပြုရေးလောက်
အရေးမရောက်ခဲ့ပါဘူး။
၁၉။ သားတရားစီရင်ခန်းလာ
ဘီလူးမရဲ့ ကြမ်းကြုတ်မှုဟာ
နာဂစ်အရေးလာ
အကြီးအကဲရဲ့ မေတ္တာတရားလောက်
မရက်စက်နိုင်ခဲ့ပါဘူး။
၂၀။ စိဉ္စမာဏရဲ့ အကောက်ကြံမှုဟာ
အကြီးအကဲဆိုတဲ့
ယောက်ျားရင့်မာကြီးတစ်ယောက်ရဲ့
မိန်းမကျင့် မိန်းမကြံ ကြံမှုလောက်တောင်
ဇောက်မနက်ခဲ့ပါဘူး။
၂၁။ မယ်နုမျိုးဆက် သုံးခုရဲ့
ညစ်ပေနေတဲ့ ထမီဟောင်းတွေဟာ
အကြီးအကဲဆိုတဲ့
လက်နက်ကိုင် ယောက်ျားသားကြီးရဲ့
သစ်လွင်တောက်ပတဲ့
စစ်ဘောင်းဘီတစ်ထည်လောက်တောင်
ရွံစရာမကောင်းခဲ့ပါဘူး။
၂၂။ တာလီဘန်တွေရဲ့
ရုပ်ပွားတော်ဖျက်ဆီးမှုဟာ
န.အ.ဖ ရဲ့
ဘုရားကြီး ဗိုက်ဖောက်မှုလောက်တောင်
မရိုင်းစိုင်းခဲ့ပါဘူး။
၂၃။ လေ့ကျင့်သား ပြည့်ဝတဲ့
Army Dog(စစ်ခွေး)တွေဟာ
န.အ.ဖ ရဲ့
လက်ကိုင်တုတ်တပ်သားတွေလောက်
ရိုကျိုးစွာ အမိန့်မနာခံတတ်ပါဘူး။
၂၄။ အမေရိကန်ရဲ့
အမျိုးသားလုံခြုံရေး
စီမံချက်တွေဟာ
န.အ.ဖ ရဲ့
အာဏာလုံခြုံရေး
စီမံချက်တွေလောက်
ဒေါင့်မစေ့လှပါဘူး။
၂၅။ အမေရိကန်ရဲ့
အမျိုးသားလုံခြုံရေးအတွက်
အသက်သွေးချွေးပေါင်းများစွာ
ပေးဆပ်လိုက်ရခြင်းဟာ
န.အ.ဖ အာဏာလုံခြုံရေးအတွက်
အသက် အိုးအိမ်စည်းစိမ်ပေါင်းများစွာ
စတေးခံလိုက်ရတာလောက်
မနစ်နာခဲ့ပါဘူး။
၂၆။ အဘူဂါရစ် ငရဲခန်းတွေဟာ
စစ်ဖိနပ်အောက်က
မြန်မာပြည်လောက်
ကြောက်မက်ဖွယ် မကောင်းပါဘူး။
၂၇။ တိန့်ရှောင်ဖိန်ရဲ့
တီအမ်မင်နှိမ်နှင်းရေးဟာ
န.အ.ဖ ရဲ့
ရွှေဝါရောင်စစ်ဆင်ရေးလောက်
စက်ဆုပ်စရာမကောင်းပါဘူး။
၂၈။ ဆက်ဒမ်ဟူစိန်ရဲ့
ဗိုလ်ချုပ်ရူး ရူးခြင်းဟာ
အကြီးအကဲရဲ့
ဘုရင်ရူး ရူးခြင်းလောက်
အာဏာရူးရာ မရောက်ပါဘူး။
၂၉။ ဘုရားတည် ထီးတင်
ရှင်ပြု ကျောင်းလှူ
ကုသိုလ်မှန်သမျှဟာ
သံဃာစစ်တွေကို
သင်္ကန်းချွတ်ပစ်တဲ့
သာသနာဖျက် အကုသိုလ်လောက်
စွမ်းအားမကြီးခဲ့ပါဘူး။
၃၀။ ဗကပ ရဲ့
ဖြုတ် ထုတ် သတ် ဖြစ်စဉ်ဟာ
န.အ.ဖ ရဲ့
ဇာတ်တူသားစားခြင်းလောက်
မကြီးမားခဲ့ပါဘူး။
၃၁။တိဘက်လားမားတို့ရဲ့
သွေးစက် သွေးကွက်တွေဟာ
ရွှေဝါရောင် သံဃာသွေးလောက်
ခြောက်ခြားဖွယ် မကောင်းပါဘူး။
၃၂။ သောပတ်အက်ဒီဆင်ရဲ့
လျှပ်စစ်မီး စွမ်းအင်တွေဟာ
ရွှေဝါရောင် သံဃာ့သွေးစက်တွေလောက်
မလင်းလက်ခဲ့ပါဘူး။
၃၃။ ငွေဗျိုင်းဖြူနဲ့ ကျီးနက်မှောင်
ဒီကလပ်နဲ့ မင်ဒဲလား
အုပ်စိုးသူနဲ့ ခြားနားသူ
လူဖြူနဲ့ လူမည်း
ဒီအတွဲတောင် စေ့စပ်လို့ရသေးရင်…….။
၃၄။ မူဂါဘီ နဲ့ ရှန်ဂီရိုင်း
ညှိနှိုင်းလို့ မရတဲ့ မာန်အတ္တ
ဇင်ဘာဘွေရဲ့ ဒုက္ခတွေဟာ
ထင်တာတွေထက် ရှုပ်လှတာမို့
သံဝေဂ ကောင်းကောင်းပြွး။
၃၅။ သင်္ခါရ နဲ့ အနတ္တ
အာဏာရှင် နဲ့ ရာဇဝင်
စနစ်ဆိုး နဲ့ အဖြစ်ဆိုး
ကျစ် ရစ် ညစ်တာတွေ
တင်းပြတ် လျော့ပတ်သဘောတွေ
စောကြောလို့ဆင်ခြင်။
၃၆။ ပုခုံးပေါ်က
ငွေစင်ကြယ်တွေကို
ဓူဝံကြယ်လို သဘောထား
“စိန်” ကို
“ရွှေ” နဲ့
ကွပ်ချင်နေသလား
(၁၃၇၀၊ ဝါခေါင်လဆန်း(၁၃)၊ 14.8.2008)
(အိုးဘိုတက္ကသိုလ်တွင် စပ်ဆိုသည်။)
ဝီရသူ(မစိုးရိမ်)
10.9.2014
(စိန်=ဆက်ဒန်ဟူစိန်/ရွှေ=သန်းရွှေ)။