ကျေးဇူးတင်ပါတယ်။ ဦးကိုနီနှင့် စည်သူမောင်။ လူမျိုးနှင့် ဘာသာကို မကြည့်ဘဲ အကြမ်းဖက်သမားကို အကြမ်းဖက်သမားလို့ပဲ မြင်တဲ့အတွက် ကျေးဇူးတင်တာပါ။
နောက်ပြီးတော့ တိုင်းပြည်အန္တရာယ်ကျရောက်လာတဲ့အပေါ် ရှေ့နေကြီး ဦးကိုနီနှင့် ကျောင်းသားခေါင်းဆောင် ကြီး စည်သူမောင်တို့ရဲ့ သဘောထားအမှန်ကို တွေ့လိုက်ရလို့ ကျေးဇူးတင်မိတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလောက်နဲ့တော့ မရသေးပါဘူး။
စည်သူမောင်တို့တ အမျိုးစောင့်ဥပဒေကျတော့ ကြေညာချက်ထုတ်ကန့်ကွက်ပြီး အကြမ်းဖက်ဂျီဟဒ် လုပ်ရပ် ကျတော့ သဘောထားမှတ်ချက်ပေးရုံနဲ့တင် ပြီးသွားမယ်ဆိုရင် တာဝန်ကြေ-စတိသဘောလောက်ပဲလို့ ဝေဖန် လို့ရနိုင်ပါသေးတယ်။ ဒါကြောင့် ဒီလောက်နဲ့တော့ မရသေးပါဘူးနော်။
ဦးကိုနီ-ပါးစပ်က မှတ်ချက်ပြုရုံနဲ့လည်း မပြီးသေးပါဘူး။ မြန်မာပြည်တွင်းမှာရှိတဲ့ မွတ်စလင်အားလုံးဟာ အမိမြန်မာပြည်အပေါ် သစ္စာစောင့်သိတဲ့အကြောင်း ပြါရပါဦးမယ်။ တိုင်းရင်းသားအားလုံးနှင့် တစ်သွေးတည်း တစ်သားတည်းရှိတယ်ဆိုတဲ့အကြောင်း ပြရဦးမယ်။
ဒီအတွက် အစ္စလာမ်အဖွဲ့ချုပ်ကြီးရဲ့ မှန်ကန်တဲ့ရပ်တည်ချက်ကို ပြသရမှာဖြစ်ပါတယ်။
စောင့်ကြည့်နေတယ်ဗျာ။
ဝီရသူ(မစိုးရိမ်)
7.9.2014
7 Day Daily သတင်းကို ပူးတွဲတင်ပြလိုက်ပါတယ်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“အယ်လ်ကိုင်ဒါ၏ ခြိမ်းခြောက်မှုပြည်တွင်းနေမွတ်စလင်များ ကန့်ကွက်”
အေးသူစံ
ရန်ကုန်-အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုလုပ်ရပ်ကို ပြည်တွင်းနေ မွတ်စလင်များက ကန့်ကွက်ရှုတ်ချပြီး ပြည်ပအကြမ်းဖက်မှုများ ကူးစက်ဝင်ရောက်မှု မရှိစေရန် လူမျိုး ဘာသာ မခွဲခြားဘဲ ပြည်ထောင်စုသားအားလုံး စည်းလုံးချစ်ခင်ကြရန်လိုကြောင်း ပြည်တွင်းနေမွတ်စလင်အသိုင်းအဝိုင်း က တိုက်တွန်းပြောကြားသည်။
အယ်လ်ကိုင်ဒါ အပါအဝင် မည်သည့်အကြမ်းဖက်အစွန်းရောက်ဝါဒကိုမဆို အစ္စလာမ်ဘာသာဝင်တစ်ဦးအနေ ဖြင့်ရော ဥပဒေပညာရှင်နိုင်ငံသားတစ်ဦးအနေဖြင့်ပါ ကန့်ကွက်ရှုတ်ချသည့်အပြင် နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်ဝါဒများ ပြည်တွင်းတွင် ခြေမချနိုင်ရန် စနစ်တကျ စီမံကိန်းချမှတ်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
“အယ်လ်ကိုင်ဒါရဲ့ အကြမ်းဖက်မယ့် ကြေညာချက်နဲ့ ပတ်သက်လို့ ပြည်တွင်းက အစ္စလာမ်အဖွဲ့အစည်းတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ ကန့်ကွတ်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြီး တုံ့ပြန်သင့်တယ်။ အစ္စလာမ် ဘာသာကို အကြမ်းဖက်ဘာသာလို့ မြင်အောင် အဲဒီ အစ္စလာမ်ဘာသာဝင်တွေကပဲ လုပ်နေတာ။ တကယ်တော့ အစ္စလာမ်ဘာသာရဲ့ အနှစ်သာရက ငြိမ်းချမ်းရေးပဲ။ အစွန်းရောက်တွေကြောင့် ကမ္ဘာမှာရှိတဲ့ တခြားမွတ်စလင် တွေပါ အထင်လွဲခံရတယ်” ဟု ၄င်းကပြောသည်။
အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ခေါင်းဆောင် အေမန်အယ်လ်ဇာဝါဟီရီက အိန္ဒိယနိုင်ငံတွင် အကြမ်းဖက် အဖွဲ့ခွဲတစ်ခု ဖွဲ့စည်းပြီး မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ဂျီဟတ်လှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက်က ရုပ်သံဖိုင်တစ်ခုထုတ်လွှင့်ပြီး ကြေညာခဲ့ခြင်းဖြစ်သည်။
အစွန်းရောက်ဝါဒများ ပြည်တွင်း၌ ခြေမချနိုင်အောင် အစိုးရက ကိုင်တွယ်ရာတွင် မျှတရန်လိုအပ်ပြီး အကိုင်အတွယ် မမျှတပါက အစွန်းရောက်ဘက်ကို ရောက်သွားရန် အားပေးသလို ဖြစ်သွားနိုင်သည်ကို စိုးရိမ်ကြောင်း ၄င်းကအကြံပြုသည်။
ပြည်တွင်းနေ မွတ်စလင်များအားလုံး မည်သည့်အကြမ်းဖက်မှုကိုမှ လက်ခံထားခြင်းမရှိဘဲ အကြမ်းဖက်မှု မှန်သမျှကို ကန့်ကွက်ရှုတ်ချဆန့်ကျင်ကြောင်းနှင့် ပြည်ထောင်စုသားအားလုံး စိတ်ဝမ်းမကွဲဘဲ စည်းလုံး ချစ်ခင်လက်တွဲကာကွယ်ပါက ပြည်ပက အကြမ်းဖက်မှုမျိုးကူးစက်ဝင်ရောက်နိုင်စရာမရှိအကြောင်း မွတ်စလင် များ ပြည်လုံးကျွတ်ညီလာခံဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအုန်းမောင်ကလည်း BBC သတင်းဌာနအား ပြောကြားထားသည်။
“သေချာတာကတော့ ဘာသာရေးကို အသုံးချပြီး အကြမ်းဖက်ဝါဒလုပ်နေတဲ့ အစွန်းရောက်အဖွဲ့အစည်းဆိုရင် ဘယ်အဖွဲ့အစည်းကိုမဆို ကျွန်တော်တို့ ကန့်ကွတ်ရှုတ်ချပါတယ်။ အကြမ်းဖက်မွတ်စလင်ဝါဒ အုပ်စုတွေကို လည်း လက်မခံဘူး” ဟု တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုစည်သူမောင်က ပြောကြားသည်။
အယ်လ်ကိုင်ဒါ၏ ခြိမ်းခြောက်မှုကြောင့် အိန္ဒိယနိုင်ငံတွင် လုံခြုံရေးအစီအမံများတိုးမြှင့်လိုက်ပြီး မြန်မာနိုင်ငံ ကလည်း လိုအပ်သည့် ထောက်လှမ်းရေးသတင်းစုဆောင်းရေးများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ထားသည်။