နေ့စွဲ- ဝါခေါင်လပြည့်ကျော် ၁၃ ရက်၊ ၁၃၇၆- ခု၊ (သြဂုတ် ၂၃၊ ၂၀၁၄) စနေနေ့။
အကြောင်းအရာ။ ။ အမျိုးစောင့်ဥပဒေအပေါ် မှားယွင်းစွာ သုံးသပ်ပြောဆိုမှုနှင့်ပတ်သက်၍ မဘသအဖွဲ့ (ဗဟို)မှ သဘောထား ထုတ်ပြန်ခြင်း။
ဖော်ပြပါ အကြောင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၄-ခုနှစ်၊ သြဂုတ်လ ၉-၁၅ ထုတ် ၊ အတွဲ ၃၊ အမှတ် ၂၂၊ မြန်မာသံတော်ဆင့်ဂျာနယ်ပါ NLD ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး၊ ဗေဒါနိုင်ငံရေးသိပ္ပံ ကျောင်းအုပ်ကြီး ဦးမျိုးရန်နောင်သိမ်းနှင့် တွေ့ဆုံခြင်း ဆောင်းပါး၌ -
၁။ အမျိုးစောင့်ဥပဒေဆိုတဲ့ အပေါ်ယံဆန်တဲ့ အပေါစားနိုင်ငံရေးပုံစံ လုပ်လာတာ ထပ်တွေ့ရတယ်။
၂။ အထူးသဖြင့် အမျိုးစောင့်ဥပဒေလိုဟာမျိုး တင်လာတဲ့ ကိစ္စပေါ့။
ဟု မှားယွင်းစွာ သုံးသပ်ပြောဆိုမှုကို ဖော်ပြထားပါသည်။
အမျိုးစောင့်ဥပဒေ တင်ပြတောင်းဆိုရခြင်း အကြောင်းကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြချက် အကြိမ်ကြိမ် ထုတ်ပြီး ဖြစ်ပါသည်။ အမျိုးစောင့်ဥပဒေဟာ မြန်မာဗုဒ္ဓဘာသာ တစ်ခုတည်းအတွက် ရည်ရွယ်၍လုပ်တာ မဟုတ်ပါ။ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ် - စသော အခြားဘာသာများနည်းတူ တန်းတူအခွင့်အရေး တောင်းဆိုခြင်းသာ ဖြစ်ပါသည်။ တိုင်းပြည်နှင့်လူမျိုးအကျိုးကို ရှေးရှု၍ အမျိုးစောင့်ဥပဒေ တောင်းဆိုခြင်းသာ ဖြစ်သည်။ ဦးမျိုးရန်နောင်သိမ်း ပြောဆိုသလို မဟုတ်ကြောင်း တိုင်းပြည်နှင့် လူမျိုး ဘာသာသာသနာ ချစ်သူတိုင်း သိနိုင်ပါသည်။
အမျိုးစောင့်ဥပဒေ တင်ပြ တောင်းဆိုခြင်းတာဝန်သည် တိုင်းပြည်နှင့်လူမျိုး ဘာသာသာသနာ ချစ်သူတိုင်း တောင်းဆိုရမည့် ပြုလုပ်ရမည့် မဖြစ်မနေ ယူရမည့် တာဝန်သာ ဖြစ်ပါသည်။
ထို့ကြောင့် အမျိုးစောင့်ဥပဒေအပေါ် ဦးမျိုးရန်နောင်သိမ်း ၏ သုံးသပ်ပြောဆိုမှုသည် မှားယွင်းစွာ သုံးသပ်ပြောဆိုမှုသာဖြစ်ကြောင်း မဘသအဖွဲ့ (ဗဟို)မှ သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ၊
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။