အာဏာရပါတီ အမြဲတမ်းအောင်ပွဲခံနေ။ ဒါဟာ တစ်ပါ
တီအာဏာရှင်ပဲ။ အတိုက်အခံပါတီ တစ်ခုတည်း နေရာအပြည့်ယူချင်နေရင် ဒါဟာ အာဏာရှင်သို့ ဦးတည်နေခြင်းပါပဲ။
ပါတီကြီးနှစ်ခု မြင်းဖြူနဲ့မြင်းနက် အပြောင်းအလဲလေးနဲ့ စီးနှင်းလိုက်ပါနိုင်ပါမှ ပြည့်စုံသွားမှာပါ။ ဒီမိုကရေစီသို့ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ ပါတီကြီးတွေ ရှိနေရင် ပါတီငယ်လေးတွေလည်း ရှိနေရမယ်။
အာဏာရပါတီ အတိုက်အခံပါတီ ပါတီကြီး ပါတီငယ် မခွဲခြားပဲ လွတ်လပ်စွာ စည်းရုံးခွင့် ရှိရမယ်။
အစိုးရက အာဏာရပါတီလို အခွင့်အရေးတစ်မျိုး ကျန်ပါတီကို အခွင့်အရေးတစ်မျိုး ပေးနေရင် မျှတမှု မရှိဘူး။
ဒါကြောင့် မျှတဖို့အတွက် တန်းတူအခွင့်အရေးပေးဖို့ လိုပါတယ်။
လွတ်လပ်သည်ဖြစ်စေ မျှတသည်ဖြစ်စေ မမှန်ကန်ဘဲနှင့် အကျိုးမဖြစ်ထွန်းနိုင်ပါဘူး။ မှန်ကန်ဖို့လည်း လိုသေးတယ်။
ဒါကြောင့် မဲလိမ်မဲခိုး ပြောင်လိမ်ပြောင်စား ကောက်ကျစ်ညစ်ပတ် ယုတ်မာပက်စက် ဖြတ်လမ်းနည်းတွေ အောက်လမ်းနည်းတွေနဲ့ အနိုင်ယူဖို့ ကြံစည်အားထုတ်တာတွေ ရှောင်ကြဉ်ရမယ်။
ပြည်သူတွေ ချစ်ခြင်းမုန်းခြင်း ကင်းဖို့လိုတယ်။ ကြောက်ရွံ့ခြင်း မိုက်မဲခြင်း ကင်းဖို့လိုတယ်။
ချစ်တာတစ်ခုတည်းနှင့် နိုင်ငံကို တည်ဆောက်လို့မရဘူး။
အမုန်းတရားကို ရှေ့တန်းတင်ရင် မှားလိမ့်မယ်။
ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ ကိုယ်ယုံကြည်လေးစားတဲ့သူ အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးမယ့်သူ မည်သူ့ကိုမဆို ရွေးချယ်ရဲတဲ့ သတ္တိရှိရမယ်။
သူများလက်ခုတ်တီးတိုင်း ရမ်းမတီးမိဖို့၊ သူများ လက်ညှိုးထိုးတိုင်း ရမ်းမထိုးဖို့၊ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ဖို့ ဗဟုဿုတတွေ ကြွယ်ဝနေရပါမယ်။
ဒါမှ လွတ် မျှ မှန် နိုင်ငံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဝီရသူ(မစိုးရိမ်)
16.8.2014
PM 3:53
(သူရဦးရွှေမန်းစကားကို ပူးတွဲတင်ပြလိုက်ပါသည်။)
===================================================
“၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ပြီး သတင်းမီဒီယာများအနေဖြင့်လည်း ပါဝင်ရန်လိုအပ်ကြောင်း သူရဦးရွှေမန်း ပြောကြား”
===================================================
ရန်ကုန် သြဂုတ် ၁၄
၂၀၁၅ ရွေးကောက်ပွဲသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက်သော်လည်းကောင်း၊ အခြားပါတီများအတွက်သော်လည်းကောင်း လွတ်လပ်ပြီးတရားမျှတသည့် သန့်ရှင်းသည့်ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ကြောင်း၊ သတင်းမီဒီယာများကလည်း ပါဝင်ရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုလ ၁၁ ရက်က ပြည်တွင်းပြည်ပသတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတရင်းနှီးမှုများရှိခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် တစ်စုံတစ်ရာသက်ရောက်မှု ရှိနိုင်မည်လားဟု စိုးရိမ်သူများ ရှိနေကြောင်း သတင်းမီဒီယာ၏ မေးမြန်းမှုကို ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ပတ်သက်ပြီးတော့ ဝေဖန်အကြံပြုလိုတာတွေကို ဆန္ဒကောက်ခံနေပါတယ်။ သို့ရာတွင် နိုင်ငံတော်က သက်ဆိုင်ရာတာဝန်ရှိသူအနေနဲ့ ဆောင်ရွက်တဲ့အခါမှာ ဥပဒေနဲ့အညီ တရားမျှတစွာ ဆောင်ရွက်ခွင့်ရှိပါတယ်။ မိမိအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ အဲဒီလိုပဲ တိုက်တွန်းသွားပါမယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ မိမိတို့ပါတီအနေနဲ့သော်လည်းကောင်း၊ တခြားပါတီတွေအနေနဲ့သော်လည်းကောင်း လွတ်လပ်ပြီးတရားမျှတတဲ့၊ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လိုလားပါတယ်။ အဲဒီအတွက် သတင်းမီဒီယာ သမားများကလည်း ပါဝင်ဖို့လိုပါတယ်။ သန့်ရှင်းတဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲဝင်သူတွေမကဘဲ ပြည်သူများရဲ့ အခန်းကဏ္ဍ၊ မီဒီယာများရဲ့အခန်းကဏ္ဍ အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။”ဟု ပြောကြားသည်။
15.8.2014 ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ ကူးယူဖော်ပြသည်။