ရဋ္ဌပါလ (28.7.2014 ရက်နေ့ထုတ် The Voice Daily သတင်းစာမှ ဆောင်းပါးကို ကူးယူဖော်ပြသည်။)
(အပြုသဘော ဆောင်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ စာမရေးတတ်သူများ လေ့လာစေဖို့ပါ။)
၂၀၁၄ ခုနှစ်မေလ ၁၄ ရက်နေ့စွဲဖြင့် ရေးသားထားသော The Voice Weekly ၏ သတင်းတစ်ပုဒ်ကို ဖတ်ရှုရပါသည်။ သတင်းခေါင်းစဉ်ကို “ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့်ရရှိရေး နိုင်ငံတော် သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို” ဟု ရေးသားထားသည်ကို တွေ့ရသဖြင့် သတိထားဖတ်ရှုလိုက်မိပါ သည်ဘုရား။
လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက်မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့မိန့်ကြားသည် ဟု ဖတ်ရှုရပြီး အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့(ဗဟို)အအစည်းအဝေးမှာတင်ပြမယ်။ မရရင် သီးသန့်အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ် ဟု ၄င်းက ဆက်လက်မိန့်ကြား ကြောင်း ရေးသားထားသည်ကို တွေ့ရပါသည်ဘုရား။
သတင်းတင်ပြထားပုံအရ သံဃာတော်များ ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် ဆောင်ရွက်လိုသော သဘောထားမှာ မဘသ(ဗဟို)၏ တရားဝင်ဆုံးဖြတ်ချက်မဟုတ်သေးဘဲ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ၏ သဘောထားဖြစ်သည်ဟု သုံးသပ်သိရှိရပါသည်။ များမကြာမီမှာပင် သံဃာတော်များ ဆန္ဒမဲပေးခွင့် ရရှိရေး အတွက် တင်ပြထောင်းဆိုမည်ဆိုသည့် သဘောထားမှာ အမျိုးဘာသာ သာသနာတော် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားမဟုတ်ဘဲ ဆရာတော် ဦးပါမောက္ခတစ်ပါးတည်း၏ သဘောထားသာ ဖြစ်ကြောင်း ရှင်းလင်းဖော်ပြချက်များကို သတင်းစာမျက်နှာများတွင် ဆက်လက်ဖတ်ရှုရပါသည်ဘုရား။
ယင်းအချိန်နှင့် မရှေးမနှောင်းမှာပင် ဆရာတော်ဦးဝီရသူက “သံဃာတော်များ မဲပေးခွင့်ရရှိရေးအတွက် မိမိ အနေဖြင့် စတင်တောင်းဆိုမည်မဟုတ်ကြောင်း၊ သို့ရာတွင် သံဃာအများစုက တောင်းဆိုလာလျှင် မိမိလည်း ပါဝင်တောင်းဆိုသွားမည်ဖြစ်ကြောင်း” မိန့်ဟ ရေးသားခဲ့သည်ကို ဖတ်ရှုရပြန်ပါသည်ဘုရား။
အမျိုးဘာသာ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ နှစ်ပတ်လည်ညီလာခံ ကျင်းပချိန်၌ ကား အဆိုပါ သံဃာတော်များ ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် တစ်စုံတစ်ရာတင်ပြကြခြင်း ဆွေးနွေးဆုံးဖြတ်ကြ ခြင်းကို မကြားသိခဲ့ရပါ။ ထို့ကြောင့်ပင် သံဃာတော်များ မဲပေးခွင့်ရရှိရေး တောင်းဆိုလာသောသဘောထားမှာ အမျိုးဘာသာ သာသနာတော် ထိန်းသိန်းစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားမဟုတ်ကြောင်းကို ပိုမို ထင်ရှားခဲ့ပြီး အဆိုပါသတင်းလည်း ခေတ္တတိတ်ဆိတ်နေခဲ့ပါသည်။ တောင်းဆိုမည်ဟု စတင်ဖွင့်ဟခဲ့သော ဆရာတော် ဦးပါမောက္ခကိုယ်တိုင်ကလည်း ထိုအရေးအရာနှင့် စပ်လျဉ်း၍ ထပ်မံ မိန့်ဟသည်ကို မကြားသိရတော့ပါဘုရား။
သို့ရာတွင် ၂၀၁၄ ခုနှစ် ဇွန် ၂၁ ရက်နေ့တွင်မူ ခေတ္တတိတ်ဆိတ်နေခဲ့သော အဆိုပါ သံဃာတော်များ ဆန္ဒမဲပေး ခွင့်ရရှိရေး အခြင်းအရာသည် သတင်းစာမျက်နှာများပေါ်သို့ ပြန်လည်တက်ရောက်လာပြန်ပါသည်။ တောင်ငူမြို့ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲတွင် ပြည်သူလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမေးအဖြေ ပြုလုပ်ရာ၌ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝဲကြီးကျေးရွာမှ ဆရာတော်ဦးတိလောက၏ မေးမြန်းချက် အပေါ် ဒေါ်အောင်ဆန်းစုကြည်က ရဟန်းသံဃာတော်များ မဲပေးခွင့် ဖယ်ထားသည့် ဥပဒေပုဒ်မကို ပြည်သူ့ ကိုယ်စားလှယ်များက ပြည်သူများဆန္ဒအရ ပြောင်းလဲနိုင်ကြောင်း ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်လျှင် သံဃာတော်များ မဲပေးခွင့်ရရှိလာမည်ဖြစ်ကြောင်း ဖြေဆိုခဲ့သည်ဟု သတင်းစာမျက်နှာများတွင် ဖတ်ရှုရပြန်ပါသည်ဘုရား။
ထို့နောက်တွင်တော့ မန္တလေးပဋိပက္ခသတင်းများ၊ မပြီးမပြတ်သေးသော သန္တိသုခပြဿနာသတင်းများက လွှမ်းမိုးသွားပြီး သံဃာတော်များ ဆန္ဒမဲပေးခွင့်ရရှိရေး တောင်းဆိုမည့်ကိစ္စမှာ ပြန်လည် တိတ်ဆိတ်သွားပြန် ပါသည်ဘုရား။
မည်သို့ပင်ဖြစ်စေ အဆိုပါ သံဃာတော်များ ဆန္ဒမဲပေးခွင့်ရရှိရေး အကြောင်းအရာမှာ မြန်မာနိုင်ငံတော်တစ်ဝန်း ရှိ သာသနာ့ဝန်ထမ်းရှင်ရဟန်းများနှင့် သာသနာအနွယ်ဝင် သီလရှင်များအတွက်ရော သာသတော်ကို မှီခိုကြည် ညိုထောက်ပံ့နေကြသူ ဒကာ ဒကာမများအတွက်ပါ Message တစ်ခု၊ စဉ်းစားစရာတစ်ခု ဖြစ်လာရသည်မှာ တော့ သေချာခဲ့ပါသည်ဘုရား။
သို့ဖြစ်လေရာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် သာသနာအနွယ်ဝင် သီလရှင်များအနေဖြင့် ဥပဒေပြုလွှတ် တော် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးရန် သင့်၊မသင့်၊ ဆန္ဒမဲပေးခွင့်ကို ရယူရန် သင့်၊ မသင့် ဆိုသည်များကို ဆက်လက်စဉ်းစားမိပါတော့သည်ဘုရား။
၁။ မြတ်ဗုဒ္ဓ သာသနာတော်တွင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ(သာသနာအနွယ်ဝင် သီလရှင်များ) သည် သာသနာ၏ ရှေ့ဆောင်ရှေ့ရွက် ဦးစီးခေါင်းဆောင်ပုဂ္ဂိုလ်များ ဆရာများ ဖြစ်ကြပါသည်။ ရွေးကောက်ခံနိုင်ငံရေး သမားများ ပါတီအဖွဲ့အစည်းဝင်များ ဖြစ်ကြသည့် ဒကာ ဒကာမများသည် တပည့်များ ဖြစ်ကြပါသည်။ ဤသည်မှာ မြတ်ဗုဒ္ဓသာသနာတော် ရှုထောင့်မှ ရပ်တည်၍ ကြည့်ရှုလျှင် ငြင်းဆို၍မရအောင် ထင်ရှားနေသော ဆရာ+တပည့် ဆက်ဆံရေးပင် ဖြစ်ပါသည်ဘုရား။
၂။ မြတ်ဗုဒ္ဓရှင်တော်သည် လူမျိုး အသားအရောင် အဆင့်အတန်း ကိုးကွယ်မှု အယူဝါဒ မတူညီကြသော လောကသားအားလုံးအပေါ်၌ မကွဲမပြား တစ်သားတည်း တန်းတူရည်တူ သဘောထားတော်မူကာ သဒ္ဓမ္မ ထွန်းကားရေးကို ရှေးရှုတော်မူခဲ့ပါသည်။
မြတ်ဗုဒ္ဓသာသနာတော်၏ ရှေ့ဆောင်ရှေ့ရွက် ဦးစီးခေါင်းဆောင်ပုဂ္ဂိုလ်များ ဆရာများ ဖြစ်ကြသော သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ(သာသနာအနွယ်ဝင်သီလရှင်များ) အနေနှင့် ဤလမ်းစဉ်မြတ်မှ ချွတ်ချော် တိမ်းပါးမသွားရအောင် ထိန်းထားကြရမည်သာ ဖြစ်ပါသည်။ မည်သည့်ပါတီ မည်သည့်ကိုယ်စားလှယ် အပေါ်မဆို မကွဲမပြား တစ်သားတည်း တန်းတူရည်တူ သဘောထားနိုင် ဆက်ဆံနိုင်ရမည်ဖြစ်ပါသည်။ သဒ္ဓမ္မမှ လွဲဖယ်နေသော၊ သဒ္ဓမ္မနှင့်ကင်းလွတ်နေသော နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်တို့ကို သဒ္ဓမ္မလမ်းစဉ်သို့ သက်ဝင်ချဉ်းကပ်လာစေရန် စည်းရုံးသွန်သင် ပဲ့ပြင်ထိန်းကျောင်းသွားကြရမည်သာဖြစ်ပါသည်ဘုရား။
၃။ ဆရာ ဟူသော အဆင့်အတန်း၌ တည်နေသည့် ရဟန်းတော်တို့အနေနှင့် မည်သည့်ပါတီ မည်သည့်ပုဂ္ဂိုလ် ကိုမဆို ဆရာ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်တို့နှင့်အညီ ပဲ့ပြင်ဆုံးမ သြဝါဒပေးခွင့် ရရှိနေပါသည်။ လောကကျင့်ဝတ် ဓမ္မကျင့်ဝတ်မှ တိမ်းစောင်းချွတ်ချော်သွားသော မည်သည့်ပါတီ မည်သည့်နိုင်ငံရေးသမားကို မဆို မညှာမထောက် ဝေဖန်တည့်မတ်ပေးနိုင်ခွင့်ကို ရရှိနေပါသည်။ ရဟန်းတော်များဘက်မှ သမာဓိဂုဏ်ရည် မေတ္တာဂုဏ်ရည် သင်္ဂဟဂုဏ်ရည် ပဋိသန္တာရဂုဏ်ရည်များမြင့်မားလျှင် မြင့်မားသဘောက် အရာရောက်မှု ကြီးမားမည်မှာ ယုံမှားသံသယရှိဖွယ် မလိုပါဘုရား။
၎။ အကယ်၍ သာသနာ့ဝန်ထမ်း ရှင်းရဟန်းများ(သာသနာအနွယ်ဝင်သီလရှင်များ) အနေနှင့် ဒကာ ဒကာမ အများနည်းတူ ဆန္ဒမဲပေးခွင့်ကို ရယူလိုက်ပါလျှင် လက်ရှိရရှိထားသော ဆရာဆိုသည့် အဆင့်အတန်းကို စွန့်လွှတ်ရပါလိမ့်မည်။ မည်သည့်ပါတီ မည်သည့်ကိုယ်စားလှယ်လောင်းကို ထောက်ခံသူ၊ မည်သည့်ပါတီ မည်သည့်ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သူ၊ မည်သည့်ဘက်တော်သား ဆိုသည့် သာမန်မဲဆန္ဒရှင် အဆင့်အတန်းသို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။ သဘာဝအားဖြင့်ဆိုရလျှင် မဲဆန္ဒရှင်တို့၏ သြဇာလွှမ်းမိုးမှု သည် သူတို့ထောက်ခံမဲပေးလိုက်သည့် ပါတီနှင့် ကိုယ်စားလှယ်များအပေါ်၌သာ သက်ရောက်နိုင်ပြီး သူတို့ မထောက်ခံသည့်ပါတီများ ကိုယ်စားလှယ်များ၏ လျစ်လျူရှုခြင်း အရေးမလုပ်ခြင်းကို ခံကြရတတ်သည်သာ ဖြစ်ပါသည်ဘုရား။
၅။အကယ်၍ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ(သာသနာအနွယ်ဝင်သီလရှင်များ)အနေနှင့် ဆန္ဒမဲပေးခွင့်ကို ရယူလိုက်ပါလျှင် မလွဲမသွေပင် ပါတီများ၏ စည်းရုံးခြင်း မဲဆွယ်ခြင်းကို ကြုံတွေ့ရမည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့်တက်၍ ပါတီများ ကိုယ်စားလှယ်များအတွက် ရဟန်းတော်များ(သီလရှင်များ) ကိုယ်တိုင်က စည်းရုံးပေးကြ မဲဆွယ်ပေးကြသည့်အဖြစ်မျိုးသို့ ရောက်သွားနိုင်ခြေမှာ အလှမ်းမဝေးတော့ပါ။ ပါတီစွဲ ပုဂ္ဂိုလ်စွဲ များနှင့် မတူညီသော ယုံကြည်ချက်များ မတူညီသော အတွေးအမြင်လမ်းစဉ်များကြားဝယ် သမဂ္ဂါနံ တပေါ သုခေါ ဟူသော အနေအထားကို လက်လွှတ်ဆုံးရှုံးကြရပါလိမ့်မည်။ ယနေ့ ညီညွတ်နေပါသည်ဆိုသော သံဃာ့ အသင်းအပင်းများ ရှေ့ဆောင်ပုဂ္ဂိုလ်များအကြားတွင် အက်ကြောင်းထင်ကာ ကွဲပြားပြိုလဲမှုများ ဖြစ်ပေါ်လာနိုင် ပါသည်ဘုရား။
၆။ အကယ်၍ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ(သာသနာအနွယ်ဝင်သီလရှင်များ) အနေနှင့် ဆန္ဒမဲပေးခွင့်ကို ရယူလိုက်ပါလျှင် ကိုယ်ကျိုးရှာနိုင်ငံရေးသမားတို့၏ အသုံးချခြင်းကို ကြုံတွေ့နိုင်ကဲ့သို့ ကိုယ်ကျိုးရှာတတ်သော သင်္ကန်းဝတ်များအတွက် အခွင့်အရေးကောင်းကို ပေးအပ်လိုက်ရာ ရောက်သွားနိုင်ပါသည်။ ထိုသို့သော ပုဂ္ဂိုလ်များအချင်းချင်း လက်တွဲမိသွားပါက အနည်းဆုံးအားဖြင့် တစ်ရပ်တစ်ရွာ တစ်မြို့နယ် အတွင်းရှိ ပြည်သူအပေါင်း ဆင်းရဲကြောင်း စင်စစ်သာ ဖြစ်ပါလိမ့်မည်။ ထိုအဖြစ်မျိုးကြုံလာခဲ့ရပါလျှင် ပါတီနိုင်ငံရေး၌ သက်ဝင်နေသော ရဟန်းတော်များအနေနှင့် ဖြေရှင်းပေးနိုင်ခွင့်နည်းပါးနေပါလိမ့်မည်။ ကိုယ်ကျိုးရှာသူကို ကိုယ်ကျိုးမရှာသူက ပြစ်တင်တားမြစ်ခြင်းဖြစ်စေကာမူ ပါတီစွဲ ပုဂ္ဂိုလ်စွဲဖြင့် တစ်ဖက်ကို အပုပ်ချသည် စွပ်စွဲကဲ့ ရဲ့သည် အကွက်ဆင်သည်ဟုပင် ထင်မှတ်ကြစရာရှိပါသည်။ ထိုအဖြစ်မျိုးကို ပါတီနိုင်ငံရေးတွင် ပါဝင်ပတ်သက် ခြင်းမှ ကင်းရှင်းသော ရဟန်းတော်များကသာလျှင် ပိုမိုဆောင်ရွက်ပေးနိုင်ပါလိမ့်မည်ဘုရား။
၇။ ပါတီနိုင်ငံရေး၏ အရှိန်အလွန်အားပြိုင်မှုများသည် တစ်မိုးအောက်တွင် အတူတကွနေထိုင်ကြသော မိသားစု ညီအစ်ကိုမောင်နှမများအထိပင် သက်ရောက်ရိုက်ခတ်နိုင်စွမ်းရှိပါသည်။ ထိုကာလမျိုးတွင် ညီအစ်ကိုချင်း စိတ်ဝမ်းကွဲ၊ သားအဖချင်းအငြင်းပွား၊ သားအမိချင်း မျက်နှာချင်းမဆိုင်ကြသော အဆင့်မျိုးအထိပင် ရောက်တတ်ပါသည်။ ပါတီချင်းအားပြိုင်မှုကို အစပြု၍ မဲဆန္ဒရှင် ပြည်သူများအကြား၌ ပဋိပက္ခများ အကြမ်းဖက် မှုများဖြစ်လေ့ဖြစ်ထ ရှိတတ်ပါသည်။ ယင်းအခြေအနေမျိုး ပေါ်ပေါက်လာလျှင် ကိုယ်တိုင်က ပါတီတစ်ခုခုကို ထောက်ခံထားသော(ပါတီစွဲရှိနေသော) ရဟန်းတော်များအနေနှင့် ပဋိပက္ခပြေငြိမ်းရေး၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေးကို သြဇာရှိရှိ ဖြန့်ကြက်ဆောင်ရွက် ဖျန်ဖြေပေးနိုင်မည် မဟုတ်ပါ။ ပါတီနိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမှ ကင်းရှင်းသော ရဟန်းတော်များကသာလျှင် ပိုမိုဆောင်ရွက်ပေးနိုင်ပါလိမ့်မည်ဘုရား။
၈။ အကယ်၍ မျက်မှောက်ခေတ်သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ(သာသနာအနွယ်ဝင်သီလရှင်များ)အနေနှင့် ဆန္ဒမဲပေးခွင့်ကို ရယူလိုက်ပါလျှင် နောင်အနာဂတ်ဝယ်မည်သို့ ဆက်လက် ဖြစ်ပေါ်လာနိုင်ပါသနည်း။ အနာဂတ်မျိုးဆက်သစ် သာသနာ့ဝန်ထမ်းများအနေနှင့် ရရှိထားသော ဆန္ဒမဲပေးခွင့်ဖြစ်သာ နေမြဲနေသွား ကြမည်လော၊ သို့မဟုတ် ဆန္ဒမဲပေးခွင့်မျှဖြင့် မရောင့်ရဲနိုင်ဘဲ ကိုယ်တိုင်ရွေးချယ်ခံပိုင်ခွင့် ရရှိရေးအထိ ဦးတည်သွားကြမည်လော၊ ဤအချက်ကိုလည်း အလေးအနက် စဉ်းစားရပါမည်။ အနာဂတ် ကာလဝယ် သာသနာ့ဝန်ထမ်းများအနေနှင့် ဥပဒေပြုလွှတ်တော်သို့ ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ် ဝင်ရောက်ခွင့် ရရှိရန် ကြိုးပမ်းကြ တောင်းဆိုကြမည်ဆိုပါလျှင် နိုင်ငံရေးမတည်ငြိမ်မှု၏ အဆိုးဝါးဆုံး အနေအထားသို့ ရောက်ရှိသွားမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်၌ ထိုကဲ့သို့သော နေ့ရက်မျိုး ကြုံတွေ့လာမည်ဆိုပါလျှင် အရင်းခံအကြောင်းတရားမှာ ယနေ့ တောင်းဆိုနေသော သာသနာ့ဝန်ထမ်းများ ဆန္ဒမဲပေးခွင့်ရရှိရေး ပင် ဖြစ်ပါလိမ့်မည်ဘုရား။
၉။ ထို့အပြင် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများအတွက် ဆန္ဒမဲပေးခြင်းသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်း တို့၏ အသက်ဖြစ်သော ဝိနည်းတော်နှင့်ညီ၊ မညီ ဆိုသည်မှာ အရေးအကြီးဆုံးထည့်သွင်းစဉ်းစားရမည့် အချက် ဖြစ်ပါသည်။ ယင်းအတွက် အဖြေကို ၁၉၄၆(၁၃၀၈) ခုနှစ်တွင် ရန်ကုန်မြို့လုံးကျွတ် ဂိုဏ်းပေါင်းစုံ သံဃအစည်း အဝေးကြီး၌ တစ်ကြိမ်၊ ၁၉၉၀ ခုနှစ်တွင် အလှည့်ကျနိုင်ငံတော် သံဃမဟာနာယကအဖွဲ့(ဒုတိယအဖွဲ့ခွဲ) ကတစ်ကြိမ် ဖြေရှင်းဆုံးဖြတ်ထားသည်ကို တွေ့မြင်နိုင်ပါသည်ဘုရား။
၁၀။ ၁၉၄၆(၁၃၀၈) ခုနှစ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးတွင် သံဃာတော်များနှင့် သီလရှင်များ မဲဆန္ဒပေးခြင်းကို ဘုရားရှင်ပညတ်တော်မူအပ်သော ဝိနည်းဒေသနာတော်မြတ်နှင့် ဆန့်ကျင်ပြီး သံဃာကွဲပြားမှု ဖြစ်စေ၍ သာသနာတော်၏ ညှိုးနွမ်းဆုတ်ယုတ်ခြင်းကို ဖြစ်စေလျက် သာသနာတော်အား ထိခိုက်စေတတ်သော ကြောင့် ရန်ကုန်မြို့လုံးကျွတ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက လေးနက်စွာ ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟုဆုံးဖြတ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆုံးဖြတ်ချက်၌လည်း ၁၉၄၆(၁၃၀၈)ခုနှစ် ရန်ကုန်မြို့လုံးကျွတ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်သည်ဟု ထပ်တူထပ်မျှပင် ဆုံးဖြတ်ခဲ့ပါသည်ဘုရား။
ဆုံးဖြတ်ချက် နှစ်ရပ်နှင့် စပ်လျဉ်း၍ မှတ်သားဖွယ်ကောင်းသည်မှာ ၁၉၄၆(၁၃၀၈)ခုနှစ် ဆုံးဖြတ်ချက်သည် ဗြိတိန်ပါလီမန်က ပြင်ဆင်ချက်ဖြင့်ပေးသော ဗုဒ္ဓဘာသာ ရဟန်းတော် သီလရှင်များ မဲပေးခွင့်ကို မရယူလို၍ သာသနာ့အရေး မျှော်တွေးတော်မူခဲ့ကြသော သံဃာတော်များမထေရကြီးများကိုယ်တိုင်က ကန့်ကွက်ခဲ့သော ဆုံးဖြတ်ချက် ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် ထိုဆန္ဒမဲပေးရေးအတွက်ပင် ထပ်မံဆုံးဖြတ်ပေးရန် ဆွေးနွေး ကြစဉ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဆရာတော် ဘဒ္ဒန္တခမာဝုဓ ဆရာတော်ဘုရားကြီးက သံဃာတော်များနှင့် သီလရှင်များ ဆန္ဒမဲပေးခြင်းကို ဘုရားရှင် ပညတ်တော်မူအပ်သော ဝိနည်းဒေသနာတော် မြတ်နှင့် ဆန့်ကျင်ပြီး သံဃာကွဲပြားမှု ဖြစ်စေ၍ သာသနာတော်၏ ညှိုးနွမ်းဆုတ်ယုတ်ခြင်းကို ဖြစ်စေလျက် သာသနာတော်အား ထိခိုက်စေတတ်သောကြောင့် ရန်ကုန်မြို့လုံးကျွတ် ဂိုဏ်းပေါင်းစုံသံဃာအစည်းအဝေးကြီး က လေးနက်စွာ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ရှိခဲ့ပြီး ဖြစ်ပါသည်။ တပည့်တော်တို့ သည် ရွှေကျင်၊ သုဓမ္မာ၊ ဒွါရမိမိတို့၏ ဆရာသမားများ၏ သြဝါဒတော်အတိုင်း လိုက်နာရန်သာ ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့ပါသည်ဘုရား။
သို့ဖြစ်ပါ၍ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သော နိုင်ငံအရေးအရာများကို ဆောင်ရွက်ပေးလိုသည့် ရဟန်းတော် များအနေနှင့် ဆန္ဒမဲပေးခွင့်ဆိုသည်မှာ မရရှိသော အခွင့်အရေးမဟုတ်၊ ဆုံးရှုံးနေသော ပိတ်ပင်ခံထားရသော အခွင့်အရေးလည်းမဟုတ်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အနေနှင့် မအပ်စပ် မသင့်လျော်သောကြောင့် ဆရာမြတ်တို့ အစဉ်အဆက် စွန့်လွှတ်ရှောင်ကြဉ်ခဲ့သော အရာဖြစ်သည်ဟု သိမြင်လက်ခံနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အနေနှင့် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သော နိုင်ငံ့အရေးအရာများကို ဆောင်ရွက်ပေးခွင့်မရှိသည်မဟုတ်။ ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်ပေးခွင့် ရှိနေသည်ကိုလည်း သိမြင် လက်ခံနိုင်မည်ဖြစ်ပါသည်။ ဆရာ+တပည့် ဆက်ဆံရေးတွင် ဆရာဟူသော အဆင့်အတန်း၌ သိက္ခာတရား မြင့်မြင့်မားမားဖြင့် ရပ်တည်၍ သမာဓိဂုဏ်ရည် မေတ္တာဂုဏ်ရည် သင်္ဂဟဂုဏ်ရည် ပဋိသန္ဓေရဂုဏ်ရည်များ မြင့်မားလျှင် မြင့်မားသလောက် အရာရောက်အောင် ဆောင်ရွက်ပေးနိုင်ခွင့် ရှိနေသည်သာ ဖြစ်၏ ဟုလည်း သိမြင့်လက်ခံနိုင်မည်ဖြစ်ပါသည်ဘုရား။
ဤသည်မှာ ဆရာ+တပည့် ဆက်ဆံရေးတွင် ဆရာဟူသော ဂုဏ်ဝိသေသကို ဆောင်ထားနိုင်ခြင်း၏ အကျိုးရလဒ်ပင် ဖြစ်ပါသည်။ ထိုအကျိုးရလဒ်ကို ဆန္ဒမဲပေးခွင့် ဆိုသည့် အရာသေးသေးလေးနှင့် အလဲအထပ် မပြုကြပါရန် ရိုသေစွာ လျှောက်ထားတောင်းပန်အပ်ပါသည်အရှင်မြတ်တို့ဘုရား…..။
ရဋ္ဌပါလ
18.7.2014 သောကြာနေ့
(တောင်းပန်စကား။။ စာရေးသူသည် ပုဂ္ဂိုလ်တစ်စုံတစ်ယောက်အပေါ်တွင် အမည်နာမ ဖော်ဆို၍ အပြုသဘော မဆောင်သော ပြစ်တင်ဝေဖန်မှု ပြုခြင်းကို မနှစ်သက်ပါ။ သို့ရာတွင် ယခုလျှောက်ထားလွှာ၌ ဖြစ်စဉ်ဖြစ်ရပ် များကိုပါ ထည့်သွင်းလျှောက်ထားရသည်ဖြစ်ပါ၍ မကွေးကျောင်းဆရာတော်ဦးပါမောက္ခ၊ ဆရာတော်ဦးဝီရသူ၊ တောင်ငူခရိုင်အုပ်တွင်းမြို့နယ် ဝဲကြီးကျေးရွာမှ ဆရာတော် ဦးတိလောက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့၏ အမည်နာမများကို ဖော်ပြသုံးစွဲခဲ့ရပါသည်။ အဆိုပါ ဆရာတော်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ရပ်တည်ရာနယ်ပယ် ဆောင်ရွက်ပုံဆောင်ရွက်နည်း မည်သို့ပင်ကွာခြား ကြစေကာမူ မြန်မာပြည်နှင့် မြန်မာအမျိုးသားတို့၏ အကျိုးစီးပွားကို လိုလားကြသူများ၊ ဆောင်ရွက်နေကြ သူများဖြစ်သည်ဟုလည်း ယုံကြည်ပါသည်။ အမည်နာမများကို ဖော်ပြသုံးစွဲရခြင်းနှင့်စပ်လျဉ်း၍ အဆိုပါ ကာယကံရှင် လေးဦးတို့အား ယခုအတွက်ရော နောင်အတွက်ပါ တောင်းပန်စကားဆိုပါ၏။)