
နောက်တစ်နေ့ (၁၃-၄-၂၀၁၀) ရက်နေ့ (၁၂း၀၀)ခန့် အချိန်မှာ စခန်းမှူးအောင်ကိုနဲ့ ကနီမြို့နယ်မှူး တို့က “မင်းတို့ တရား သူကြီးရှေ့မှာ ဖြောင့်ချက်သွားပေးရမယ် ”လို့ ပြောပါတယ်။ ကျွန်တော်က ကိုယ်မကျူး လွန်ခဲ့ဘဲ ဒီလောက်ထိ နှိပ်စက်ညှင်းပန်း တာရော မတရား တရားခံဖြစ်အောင်လုပ်တဲ့အတွက်ပါ စိတ်ထဲမှာ နာနေပြီမို့ ခေါင်းကိုသာတွင်တွင်ခါပြလိုက်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း မကြာခင်သေ သွားတော့မှာပဲ ဆိုပြီးထင်ကာ ယုံကြည်နေပါတယ်။ သေတော့မယ့်အတူတူ အသက်နဲ့ လဲတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။
“ဖြောင့်ချက်မပေးနိုင်ဘူး ကိုယ်မှ ဘာမှ မလုပ်ခဲ့တာ” လို့ ကျွန်တော်က ပြန်ပြောတဲ့အခါ “မပေး ချင်လည်းရပါတယ်”လို့ အောင်ကိုက ပြန်ပြောပါတယ်။ နောက်ထပ် ဘာမျှ မပြောတော့ဘဲ ပြန်သွားကြပါ တယ်။ ကျွန်တော့်ကိုတော့ နှိပ်စက်ညှင်းပန်းခြင်းများ ဆက်မလုပ်တော့ပါ။ ဒုတိယအကြိမ် ကနီကို ပြန်ခေါ် လာတုန်း ကလို မူးပြီးရိုက်မည် ထင်ခဲ့ပါသေးတယ်။ အဲဒိတုန်းက ကျွန်တော်ကို အစာမကျွေး ရေမတိုက်ဘဲ ထားတဲ့အကြောင်း ရွာကို ဖုန်းဆက်တယ်ဆိုပြီး မူးပြီး ပါးရင်းနားရင်းကို အတင်းအဓမ္မလွှဲရိုက်ခဲ့တာပါ။ မိသားစုနှင့်လည်းတွေ့ခွင့်မရ။အချုပ်သားတွေနှင့်လည်းအတူနေခွင့်ရတာလည်းမဟုတ်ဘဲနဲ့ သက်သက် မူးပြီးရမ်းတာရစ်တာပဲလိုအောင့်မေ့မိခဲ့ပါတယ်။
(၁၄.၄.၂၀၁၀)နေ့ကျွှန်တော့ကိုမပန်းဖြူသေဆုံးခဲ့တဲ့ကျွှန်တော်တို့ရွာကိုသွားဖို့ခေါ်ပါတယ်။အဲဒီအခါမှာတော့
လက်ပန်စုရွာကျောင်းကဦးဇင်းဖြစ်သူဦးသုဗောဓကိုလူဝတ်နဲ့တွေ့လိုက်ရပါတယ်။သူ့ကိုလည်းဒီအမှုနဲ့ကျွန်တော့်လိုအဖမ်းခံထားရတယ်ဆိုတာအဲဒီကျမှသိရတာပါ။သူ့ကိုလည်းကျွှန်တော်နဲ့အတူခေါ်လာပါတယ်။ကျွန်တော်တို့ရွာရောက်တော့စာသင်ကျောင်းထဲမှာ ထားပြီးမှုခင်းဓာတ်ပုံရိုက်ဖို့စီစဉ်ပါတယ်။မရိုက်နိုင်ဘူးကိုယ်မှမဟုတ်ဘဲနဲ့လိုကျွန်တော်ကငြင်းတဲ့အခါမှာဝင်မနားစခန်းမှ ရဲတပ်ကြပ်ဝင်းထွန်းက သစ်သားဝင်းထရံ အကျိုး အချွှန်တွေနဲ့ ခါးအောက်ပိုင်းကို နေရာမလပ်ဆောင့်ထိုးပြီ မခံနိုင်အောင်နှိပ်စက်ပါတယ်။
နောက်ပြီး မင်းတို့နှစ်ယောက် ဗွီဒီယိုရုံနားမှာတွေ့ပြီး ဗွီဒီယိုအနားမှာရှိတဲ့ စိန်ပန်းပင်အောက်သွားပြီး တိုင်ပင်တဲ့အကြောင်းဓာတ်ပုံရိုက်ရမယ်လို့ ဝင်မနားစခန်းမှူး အောင်ကိုကပြောပြီး ကျွန်တော်တို့ကို အတင်းအဓမ္မဗွီဒီယို ဝင်ပေါက်မှာတစ်ပုံ၊ စိန်ပန်းပင်အောက်မှာတစ်ပုံ၊ မပန်းဖြူသေဆုံးရာ နေရာမှာတစ်ပုံ စသည်ဖြင့် ကျွတော်နဲ့ဦးဇင်းကို သူတို့လိုချင်သလိုဇွတ်အတင်းလုပ်ခိုင်းပြီးဓာတ်ပုံရိုက်ခဲ့ပါတယ်။
နောက်ထပ် စခန်းမှူးအောင်ကိုကရွာထဲက အရက်ပုလင်းတွေရှာလာပြီး မင်းတို့နှစ်ယောက်ရွာတောင် ဘက် သုဿာန်ဇရပ်မှာ အရက်အတူ သောက်တဲ့ပုံတစ်ပုံ၊ ရွာတောင်ဘက်ရှိ တံတားရဲ့တောင်ဘက်မှာ ထိုင်ပြီး အရက်သောက်နေတဲ့ပုံတစ်ပုံ နှစ်ပုံထပ်ရိုက်ပြီး ကနီစခန်းကို ပြန်ခေါ်ခဲ့ပါတယ်။
(၃၀.၄.၂၀၁၀)ရက်နေ့မှာတော့ ကျွန်တော်တို့နှစ်ယောက်ကို မုံရွာခရိုင် တရားရုံးသို့တင်ပြီး စတင်စစ်ဆေးပါတယ်။
တရားရုံးတွင် ကျွန်တော်တို့ကိုရဲစခန်းမှ ဆယ့်နှစ်ရက်တိတိ မတရားနှိပ်စက် စစ်ဆေးပြီး ဝန်ခံခိုင်း ကြောင်း ရဲဖြောင့်ချက်မှာလည်း မခံရပ်နိုင်အောင် နှိပ်စက်ပြီး လက်မှတ်ထိုးယူသွားတဲ့အကြောင်း မှုခင်း ဓာတ်ပုံများကိုလည်း စခန်းမှူးအောင်ကိုမှ နေပြီး အဓမ္မသရုပ်ပြခိုင်း ရိုက်ယူကြောင်း တရားသူ ကြီးရှေ့မှောက်မှာ ထွက် ဆိုခဲ့ပါတယ်။
သို့သော်လည်း တရားရုံးမှာ တရားလိုပြသက်သေ ကျွန်တော်တို့ရွာမှ တင်ဝင်းဆိုသူက ကျွန်တော်တို့ နှစ်ယောက်ကို မပန်းဖြူနဲ့အတူ ရွာတောင်ဘက်တွင် (၁၃.၃.၂၀၁၀)နေ့မြန်မာလို တန်းခူး လပြည့်ကျော် နှစ်ရက်နေ့ညရှစ်နာရီမှာ မစင်စွန့်သွားရင်း တွေ့လိုက်ပါသည်ဟု ထွက်ဆိုသွားပါတယ်။ တင်ဝင်းက ကျွန်တော်တို့ နှစ်ယောက်ကို တွေ့လိုက်တယ်ဆိုတဲ့နေ့က တန်ခူးလဆုတ်နှစ်ရက်နေ့ဖြစ်တာမို့ လမိုက်ညဖြစ်ပြီး ည(၈း၀၀)ဖြစ်ပါတယ်။အဲဒီအချိန်မှာ ကျွန်တော်တို့ရွာဟာ တောရိပ်တောင်ရိပ်တွေနဲ့ အလွန်မှောင်မဲနေပြီး ကိုက် (၅၀)လောက်မှာရှိတဲ့ အရာကိုသဲသဲကွဲကွဲမမြင်နိုင်ပါ။
တင်ဝင်းထွက်ဆိုခဲ့သည်မှာ ကျွန်တော်တို့ကို ကိုက်(၁၅၀)အကွာအဝေးမှ မြင်ရခြင်းဖြစ်တယ်လို့ ထွက်ဆိုပါတယ်။ တင်ဝင်းထွက်ဆိုချက်ဟာ လုံးဝယုတ္တိမရှိပါဘူး။ ကျွန်တော်တို့ရွာလာရောက်ပြီး အဲဒီအချိန်လမိုက်ညရက်မျိုးကို လေ့လာကြည့်ရင် သိမြင်ရမှာဖြစ်ပါတယ်။
နောက်ပြီး တင်ဝင်းက ရွာတောင်ဘက်ချုံတောထဲ မစင်စွန့်သွားရင်း မြင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါလည်းယုတ္တိမရှိပါဘူး။ ကျွန်တော်တို့ရွာထုံးစံက ရွာတောင်ဘက်မှာ ရွာသင်္ချိုင်းရှိနေလို့ဘယ်သူမှ ညအချိန်မှာ မစင်စွန့်ဖို့ မသွားရဲကြပါ။သွားလေ့သွားထလည်းမရှိကြပါဘူးဆိုတာ တစ်ရွာလုံးအသိဖြစ်ပါ တယ်။ တရားလိုပြ သက်သေ တင်ဝင်းထွက်ဆိုသွားတဲ့ ထွက်ဆိုချက်များမှာ တစ်စုံတစ်ဦး စည်းရုံး လို့ ခြိမ်းခြောက်လို့ထွက်ဆိုခဲ့တယ်ဆိုတာ ကျွန်တော့်ကိုရဲများက မရမက နှိပ်စက်ညှင်းပန်းပြီး တရား ခံဖြစ်အောင် စစ်ဆေးခဲ့တာတွေနဲ့ နိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့တရားရုံးမှာ စစ်ဆေးလို့ပြီးသွားပြီး အမိန့်ချဖို့ တရားရုံးထွက်တဲ့ (၇.၁၀.၁၀)နေ့မှာ ကျွန်တော်ကိုလာတွေ့ကြတဲ့ အကိုတွေက ကျွှန်တော်တို့ရွာနီးချင်းလက်ပံစုရွာမှာလည်း ကျွန်တော်အမှုနဲ့ တထေရာတည်းတူတဲ့ အမှုတစ်ခုထပ်ဖြစ်တယ်လို့ပြောပါတယ်။
မပန်းဖြူနဲ့ အသက်အရွယ်တူတာရော မပန်းဖြူလိုမုဆိုးမသမီးဖြစ်တာရောဗွီဒီယို ရုံကခေါ်သွား တာရော မပန်းဖြူလိုဆင်းရဲနွမ်းပါတာရော အဓမ္မကျင့်ပြီး သတ်တာရော သတ်တဲ့နေရာက ဘုန်းကြီးကျောင်း အနီးဖြစ်လို့ ဗုဒ္ဓဘာသာဘုန်းကြီး ဦးဇင်းတွေ အမှုနဲ့ဆက်နွယ်ပတ်သက်စေဖို့လုပ်တာရော အားလုံး တူနေပါတယ်။ ဒါပေမဲ့ အကျင့်ခံပြီးသတ်သွားခံရတဲ့မိန်းကလေးက ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့သေမသွားပဲ သတိပြန်လည်လာပါတယ်။ သူ့ကိုမတရားကျင့်တဲ့သူကိုလည်း ကောင်းကောင်း မှတ်မိထားတော့ သက်ဆိုင်ရာကို တိုင်ကြတာပေါ့။ တရားခံလည်း ဖော်ထုတ်နိုင် ခဲ့ပါတယ်။ဒါပေမဲ့ ရဲတွေက ကြားကနေဝင်ပြီး ပွဲစားလုပ်ပေး ပါတယ်။ ကာယကံရှင် မိန်းကလေးကို ငွေ(၁၅)သိန်းပေးပြီး ကျေအေးခိုင်းလိုက်တယ် လို့ပြောပါတယ်။ ကျွန်တော်တို့ ရွာနားနီးချင်းတွေဟာ တစ်ရွာမှတစ်ရွာဗွီဒီယိုလာရောက်ကြည့်ကြတာ အမြဲတမ်းရှိကြပါတယ်။ တခြားရွာတွေက ကျွန်တော်တို့ရွာလာကြည့်ကြသလို ကျွန်တော်တို့ရွာကလည်း တခြားရွာကို သွားကြည့်ကြပါတယ်။ နောက်ကျွန်တော်တို့ ရွာကိုလည်း ရဲတွေလာပြီးကျွန်တော်တို့ အမှုနဲ့ပတ်သက်၍ သိထားတဲ့သူတွေရှိရင် သိထားတဲ့သူတွေက ဒီအမှုပတ်သက်ပြီး ပြောကြတာ တို့ ဝေဖန်တာတို့ မခံမရပ် ဖြစ်တာတို့ကို သတင်းကြားရင် အဲဒီသိတဲ့သူပြောတဲ့သူ ဝေဖန်သူ မခံမရပ်ဖြစ်တဲ့ သူတွေကို အကုန်ဖမ်းပြီး ထောင်သုံးနှစ်စီ ချပစ်မယ်လို့ ခြိမ်းခြောက် ထားတယ်ဆိုတာ သိရပါတယ်။ ကျွန်တော်တို့သာအမှန်တကယ် တရားခံဖြစ်ခဲ့ရင် ကျွန်တော်တို့ကို ဖမ်းမိထားပြီမို့ ဒီအမှုမျိုးနောက် ထပ်ဖြစ်ပါ့မလားဆိုတာ အားလုံးစဉ်းစား ကြည့်ကြပါ။