ရန်ကုန်၊ ဇွန် ၂၃
သံဃာအများစုဖြင့် ဖွဲ့စည်းထားသော အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ သတင်းမီဒီယာများ လွတ်လပ်ပြီး မျှတမှုရှိမရှိကို အဓိကထားစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ကျင်းပသော အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့ ဖွဲ့စည်းကြောင်း သတင်းစာရှင်းလင်းပွဲတွင် အဆိုပါအဖွဲ့တွင် ရွှေတွံတေးဆရာတော်ဦးဝါယမက မိန့်ကြားသည်။
“သတင်းမီဒီယာဆိုတာ ဖြောင့်မတ်ဖို့လိုတယ်။ မှန်ကန်ဖို့လိုတယ်။ သတင်းမီဒီယာတွေရဲ့ ရေးသားချက်တွေကို နေ့စဉ်စောင့်ကြည့်ပြီး မြေပြင်သတင်းတွေကိုရယူကာ ထောက်ပြမှုတွေ ပြုလုပ်သွားမှာပါ”ဟု ၎င်းက ဆက်လက်မိန့်ဆိုသည်။
အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့မှ မီဒီယာ၊ အစိုးရ၊ လွှတ်တော်၊ အမျိုးသားရေးနှင့်ပတ်သက်သော အရာများကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဘက်မလိုက်မူဝါဒ ကျင့်သုံးရေးစသည့် မူဝါဒငါးရပ်ဖြင့် စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်ထားသည်။
“အမျိုးသားနိုင်ငံရေးနှင့်ပတ်သက်ပြီး စောင့်ကြည့်မှုတွေကို ထုတ်ပြန်ချက်အနေနဲ့ လစဉ်၊ နှစ်စဉ်၊ အရေးပေါ်ကာလတွေမှာ ထုတ်ပြန်ပေးသွားမယ်။ ထုတ်ပြန်ချက်တွေမှာ အမှားအယွင်းတွေ ပါသွားခဲ့ရင်လည်း အဖွဲ့ကနေ တာဝန်ခံသွားမှာပါ”ဟု ဦးဝါယမက မိန့်ဆိုသည်။
အဆိုပါအဖွဲ့တွင် ဆရာတော်ဦးဝါယမဦးဆောင်သည့် ကျောင်းတိုက်အသီးသီးမှ သံဃာခြောက်ပါးနှင့် ဦးဝင်းမော် (ရွှေသံစဉ် ဂီတဖောင်ဒေးရှင်း)၊ မစုစုနွေး၊ ဦးရဲမင်းဦး စသည့် နိုင်ငံရေးတက်ကြွသူများ ပါဝင်ပြီး အလွှာစုံမှ အဖွဲ့ဝင်များက အမျိုးသားနိုင်ငံရေးအတွက် တိတိကျကျ ခိုင်ခိုင်မာမာ ထောက်ပြရန် ရည်ရွယ်ထားကြောင်း အဖွဲ့ဝင် ဦးဝင်းမော်က ပြောကြားသည်။
24.6.2014 ရက်နေ့ထုတ် the voice daily news ဂျာနယ်မှ ကူးယူဖော်ပြသည်။