မဟာသန္တိသုခကျောင်းတိုက်အား ပီနန်ဆရာတော် ဦးပညာဝံသအား ပြန်လည်ပေးအပ်မည်မဟုတ်ဘဲ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင်အဖြစ်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇွန်လ ၁၆ ရက်နံနက်ပိုင်းက Tae Daily Eleven သတင်းစာ၏ မေးမြန်းမှုကို သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က ဖြေကြားသည်။
အဆိုပါကျောင်းတိုက်အား မည်သို့ဆက်လက် လုပ်ဆောင်သွားမည်ကိုမူ ဇူလိုင်လဆန်းပိုင်း သံဃနာယက အဖွဲ့ ၄၇ ပါးစုံညီအစည်းအဝေးခေါ်ယူကာ ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
“ဒီကျောင်းကို ဘယ်လိုဆက်လုပ်မယ်။ ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာ မဟနကပဲ ဆုံးဖြတ်မှာ။ မဟနပိုင်ဆိုတာ သံဃိကပိုင်ပဲ။ သံဃိကပစ္စည်းကိုပေးတဲ့ပုဂ္ဂိုလ်ရော၊ လက်ခံတဲ့သူရော အာပတ်သင့်တယ်။ ကြီးလေးတဲ့အပြစ်ဖြစ်တယ်။ ဒီသံဃာကို လှူထားတဲ့ပစ္စည်းကို ဟိုဘက်သံဃာကို မလှူရဘူး။ အခုလည်း သံဃိကပစ္စည်းဖြစ်တဲ့အတွက်ကြောင့် သံဃိကပစ္စည်းဖြစ်တဲ့အတွက်ကြောင့် သံဃာကနေ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ပေးလို့မရဘူး။ မလုပ်ကောင်းတဲ့အရာဖြစ်တယ်။ ဇူလိုင်မှာလုပ်မယ့် ၄၇ ပါး စုံညီအစည်းအဝေး က ကျောင်းပေး-မပေးကို ဆုံးဖြတ်မှာမဟုတ်ဘူး။ သံဃနာမဟာနာယကအဖွဲ့က ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာကိုပဲ ဆုံးဖြတ်မှာ” ဟု ဦးခိုင်အောင်က ပြောကြားသည်။
မဟာသန္တိသုခကျောင်းတိုက်အား ချိပ်ပိတ်ခြင်း အပါအဝင် ဖမ်းဆီးခံဆရာတော်များအား လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ခဲ့ခြင်းမှာလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ လုပ်ရာတွင်မူ သာသနာရေးဦးစီးဌာနမှ မဟန ကိုယ်စားရှင်းလင်းပေးခြင်းသာဖြစ်ကြောင်း ၄င်းက ဆိုသည်။
“မဟနက အမြင့်ဆုံးအဖွဲ့ ဖြစ်ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေ အကောင်းအထည်ဖော်ဖို့ ဝန်ကြီးဌာနက အကောင်အထည်ဖော်ပေးရတယ်။ ဒီကိစ္စက မဟနက ဆုံးဖြတ်ချက်ချတယ်။ ဒီဆရာတော်တွေရဲ့ ဆုံးဖြတ်တဲ့ ဓမ္မစက်ကို အာဏာစက်နဲ့ ကူညီပေးရတာပါ။ ဒါမှ သာသနာအဓွန့်ရှည်မှာပေါ့။ မဟန ကိုယ်စား ရှင်းပေးတာပါ” ဟု ဦးခိုင်အောင်က ဆိုသည်။
သက်ထား၊ အေးမြတ်မွန်။