လားရှိုး ဇွန် ၁၂
လားရှိုးမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ကျော်မှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များစုပေါင်း၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(လားရှိုးမြို့နယ်) ဖွဲ့စည်းသည့် အခမ်းအနားကို ဇွန် ၁၂ရက် မွန်းလွဲ(၁)နာရီက လားရှိုးမြို့၊ နမ့်ခိုက်ကျေးရွာတွင် ကျင်းပရာ ဆရာတော်၊ သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ စုစုပေါင်းအင်အား ၂၀၀ကျော်တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေ၀လ၊ နတ်ရေကန်သောဘိတာရာမ ပရိယတ္တိစာသင်တိုက်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော်ဘဒ္ဒန္တသောဘိတ၊ နမ့်ခိုက်ထေရ၀ါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုစိတ္တတို့က အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးဆိုင်ရာများကို သြ၀ါဒများ မိန့်ကြားတော်မူကြသည်။
ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပြည်နယ်ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစာရက အမျိုးစောင့်ဥပဒေအကြောင်းသိကောင်းစရာ အကျဉ်းချုပ်ကိုလည်းကောင်း၊ ပြည်နယ် ဒုတိယဥက္ကဋ္ဌ(၂) ဆရာတော် ဘဒ္ဒန္တကုသလသာမိက အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှမ်း/ဗမာ နှစ်ဘာသာဖြင့်လည်းကောင်း၊ တွဲဖက် အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တ သုဇာတ က အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ပြည်နယ်/ ရှမ်းမြောက်)၏ သဘောထားကြေညာချက်အမှတ် (၈/၂၀၁၄)ကိုလည်းကောင်း၊ ဘဏ္ဍာရေး အထောက်အကူပြု ဆရာတော်ဘဒ္ဒန္တ၀ိလာသမှ အဖွဲ့၏ ဘဏ္ဍာရေးအကြောင်းသိကောင်းစရာများကိုလည်းကောင်း ရှမ်း/ပလောင်/ ဗမာ ဘာသာစကားများဖြင့် အသီးသီးရှင်းလင်း ဟောပြောကြသည်။
အခမ်းအနားကို မဘသ၏ အဓိဋ္ဌာန် (၅)ချက်ကို ညီညာစွာရွတ်ဆိုကြ၍ ညနေ(၄)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။