အိုးဘိုထောင်ထဲမှာ ရေးခဲ့တဲ့ စာလေးပါ။
၂၀၁၂ လွတ်လာတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ၄င်းမှ တစ်ဆင့် တောရောမြို့ပါ သူ့နည်းသူ့ဟန်နှင့် ပျံ့နှံ့ခဲ့ပါတယ်။
မိုးမခ ဝက်ဘ်ဆိုဒ်မှာ E-Book အဖြစ် အမြဲတင်ထားပြီး ၂၀၁၃ ဖေဖဝါရီလမှာ ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။
၂၀၁၄ မှာတော့ နိုင်ငံတော်သံဃမဟာနာယက၏ ညွှန်ကြားချက်ကြောင့် တိုက်တာအကြီးအကဲ ဆရာတော်ကြီးများက ခေါ်ယူ သတိပေးခံရတဲ့ လက်ရာလေးပါ။
၂၀၀၃ ခုနှစ်အထိသာ သုံးသပ် ရေးသားနိုင်ခဲ့သေးတာပါ။ ဒီနာမည်ကြောင့် နိုင်ငံရေးမှာလည်း သမိုင်းရဲ့ တရားခံ အဖြစ် စစ်အစိုးရကို ဝေဖန်ရေးသားဖို့ တိုက်တွန်းသူများတောင် ရှိပါတယ်။
အရှုပ်တွေလုပ်နေလို့ အလုပ်တွေရှုပ်နေတာကြောင့် ဝါသနာပါတဲ့ စာရေးခြင်းကို မသက်မသာဖြင့် အောင့်အီးနေရတာကြောင့် စာရေးဖို့နေနေသာသာ ထောင်ထဲမှာရေးခဲ့တဲ့ စာတွေတောင် ကုန်အောင် ထုတ်ချိန် မရခဲ့ပါဘူး။
အမျိုးစောင့်ဥပဒေပေါ်ပေါက်လာရင်တော့ ဝီရသူ ကုလားတရားဟောစရာမလိုတော့ဘူးလေ။ အဲဒီကျမှပဲ အတိုးချ ရေးသားရပါတော့မယ်။
ယခု သန္တိသုခအရေးတော်ပုံကြောင့် လူ့အဖွဲ့အစည်းကိုသာမက သံဃာ့အဖွဲ့အစည်းကိုပါ ပြုပြင် ပြောင်းလဲရတော့မယ်ဆိုတာ တတစ်ကမ္ဘာလုံးက သိလာကြပါပြီ။
နည်းနည်းလေး အထောက်အကူဖြစ်ဖြစ် ဒါလေးကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။ သမိုင်းမှာ တရားခံ မဖြစ်စေချင်ပါဘူး။
ဝီရသူ(မစိုးရိမ်)
17.6.2014
PM 6:12
“သမိုင်း၏ တရားခံ”
ဝီရသူ(မစိုးရိမ်) ရေးသားပြုစုသည်။
“နိဒါန်း”
“သမိုင်းတရားခံ” မည်သော ဤစာမူကို ကျွန်ုပ်သည် 10.12.2006 ရက်နေ့၌ ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ထေရဝါဒရာစုသစ်(သို့) ရာစုသစ်၏ထေရဝါဒ စာအုပ်၌ ထည့်သွင်းဖို့ စီစဉ်ခဲ့သော်လည်း စာပေစိစစ်ရေးဝါဒနှင့် မကိုက်ညီသောကြောင့် ခွင့်ပြုချက်မရနိုင်သောစာမူဖြစ်နေရကား အင်တာနက်တွင်တင်ဖို့ စိတ်ကူးခဲ့ခြင်း ဖြစ်သည်။ စာမူပေါက်သွားလျှင် လှောင်အိမ်ထဲမှာ စောင့်ကြည့်ခံဘဝဖြင့် အနေကြပ် အနေခက် မည့်အရေး ကြောင့် တပည့်လေးက တင်မပေးပေ။ စာရေးသူ မဲဇာလွန်တောရမှ ပြန်ရောက်လာသည့်အခါ ပြည်ပရှိ တပည့်များ၊ သူငယ်ချင်းများက ပူဆာလွန်းသောကြောင့် ပရိသတ်မိတ်ဆက်အဖြစ် ဤစာမူကို အင်တာနက် ဝက်ဘ်ဆိုဒ်မှာ တင်ပေးလိုက်ခြင်းဖြစ်ပါသည်။ အရှင်မေတ္တာစာရ၏ Buddha FM မှာ တင်ထားခြင်းဖြစ်ပါသည်။
ပရု(ပ်)မဖတ်ရသေးသော စာမူကြမ်းပင်ဖြစ်သော်လည်း ဧရာဝတီ၊ ဒေါက်တာလွဏ်းဆွေ၊ သစ်ထူးလွင် စသည့် ဝက်ဘက်ဆိုဒ်ကြီးများမှာလည်း လူဖတ်များသည့် စာမူဖြစ်ခဲ့ကြောင်း သိရသည်။ ဤစာမူသည် ဝေဟင်မှ မြေပြင်သို့ ဆင်းသက်ကာ ယခုအချိန်ထိ ပြည်တွင်းပြည်ပ တောရောမြို့ပါမကျန် နေရာအနှံ့၌ ခြေဆန့်၍ ခရီးရှည်အသွင် ချီတက်ဖြန့်ကျက်လျက်ပင်ရှိနေသည်ကို တွေ့ရပေသည်။ အင်တာနက်-ဖေ့စ်ဘုတ်မှဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ၊ စကားစပ်မိလျှင်လည်း ဤစာမူအကြောင်း များစွာပါဝင်လေသည်။
အထူးသဖြင့် သမီးနှင့် အုန်းသီး၊ အောင်းကောင်ကြီးများအကြောင်းဖြစ်လေ၏။ တွေ့မြင်သမျှ ပရိသတ်များကိုကြည့်လျှင် သြဘာပေးသူများ၊ သာဓုခေါ်သူများ အနုမောဒနာပြုသူများ၊ လက်ခုပ်တီးသူများ၊ ရင်တမမနှင့် စိုးရိမ်သောကရောက်နေသူများက များလေသည်။ နောက်ဆုံးအပိုဒ်ကို သတိမထားမိသူ နားမလည်သူများသည် ဤစာမူကို ကျောင်းရောက်မှ ရေးသည်ထင်ကာ မော်စကို တစ်ခေါက် ပြန်ရောက်သွား မည့်အရေးတွေး၍ စိုးရိမ်သောက ဖြစ်နေကြခြင်းဖြစ်လေသည်။ ထောင်ထဲမှာနေရသူက သည်မျှသိရသလားဟု သူငယ်ချင်းများက တအံ့တသြပြောလာခြင်းများလည်း ရှိပေသည်။ ကြားဖူးနားဝ တစ်စစဖြင့် ကျောင်းသို့လာ၍ စာမူဝယ်သူများပင် ရှိလာလေသည်။ ထိုအခါကျမှ ဒေါင်းလုဒ်လုပ်ယူ၍ ပရင့်ထုတ်ကာ ဖြန့်ဖြူး ဆောင်ရွက် နေသူများရှိနေကြောင်း သိခွင့်ရခြင်းဖြစ်ပေသည်။ အချို့ကလည်း သူများတွေလိုပင် ဖြန့်ဖြူးရောင်းချဖို့ အကြံပြုလေသည်။
အသိဉာဏ်ထွန်းကားရေးကို အဓိကထားသူဖြစ်သောကြောင့် ဘယ်သူတွေ ဘယ်လိုရောင်းရောင်း ရောင်းပါစေဟူ၍သာ ပြန်လည်ပြောပြခဲ့ရပေသည်။ ကျွန်ုပ်ကိုယ်တိုင် လက်ဆောင်ပေးဖို့အတွက် ၄၀၀ိ/၅၀၀ိ ဖြင့် အားပေးခဲ့ဖူးသေး၏။ ဤစာမူနှင့်ပတ်သက်၍ မဟနဘက်မှ(သို့)အစိုးရဘက်မှ မည်သို့သော တုံ့ပြန်မှုများ ရှိခဲ့လေသနည်း? မေးခွန်းက မကြားချင်အဆုံး အမေးခံရဆုံးဖြစ်လေသည်။ “လက်ရှိအဖွဲ့နှင့် မဆိုင်ဘူး။ အဖွဲ့ဟောင်းနှင့်သာ သက်ဆိုင်သည်ဖြစ်၍ မည်သို့မျှ ဖိအားမပေးကြပါ” ဟူ၍သာ ဖြေဆိုခဲ့ရလေသည်။
ရန်ကုန်ပရိသတ်ကား ထက်မြက်လက်သွက်လှ၏။ တပေါင်းလပြည့်ဆွမ်းဆန်တော် လောင်းလှူပွဲမှာ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များကိုရော၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များကိုပါ “သမိုင်း၏ တရားခံ” မည်သော ဤစာမူကို တစ်မူစီ လောင်းလှူသည်ဆို၏။ သာသနာတော်ကို ချစ်မြတ်နိုးသော စိတ်တစ်ခုတည်းနှင့် ငွေကုန်လူပန်းခံကာ စွန့်လွှတ်စွန့်စား ဆောင်ရွက်ကြခြင်းဖြစ်သောကြောင့် များစွာ ဂုဏ်ယူ ထိုက်သော ဆောင်ရွက်ချက်ပင်ဖြစ်လေသည်။
တစ်နေ့သောအခါ နောင်တော်ကြီး အရှင်ပညာနန္ဒ(နယူယောခ်)က ပြောလာပေသည်။ စာအုပ်ထုတ် ချင်သည်။ စာမူခတော့ ရမည်မဟုတ်ပါ။ ဓမ္မဒါနပြုမည်ဖြစ်သောကြောင့်ဟု ဆိုလာ၏။ စာမူခမလိုပါ။ ကျယ်ပြန့်ဖို့ အဓိကပါ။ ထို့ကြောင့် စာအုပ်ထုတ်မည်ဆိုလျှင် တည်းဖြတ်ပေးပါမည်။ တည်းဖြတ်ပြီးမှ ထုတ်ဝေပါဟု ပြန်လည် လျှောက်ထားရလေသည်။
လွန်ခဲ့သော ၂၀၀၃ ခုနှစ်၌ကား မန္တလေးမှာ အင်တာနက် မတွင်ကျယ်သေးပေ။ ထိုအချိန်တုန်းကသာ တွင်ကျယ်ခဲ့လျှင် ကျွန်ုပ်ထောင်ကျမည်မဟုတ်ပေ။ စာပေခွင့်ပြုချက်မရခဲ့သော “ထေရဝါဒတိုက်ပွဲ” စာအုပ်ကို အင်တာနက်တင်ပြီး ရင်ဖွင့်ခွင့်ရမည်ဖြစ်သောကြောင့်တည်း။ ယခုမူ “ထေရဝါဒတိုက်ပွဲ” “ပရိယတ္တိရွှေချိန်ခွင်” စာအုပ်တို့ကြောင့် ပုံနှိပ်အက် ၁၇/၂၀ ဖြင့် ထောင်ဒဏ် ၁၄ နှစ် အဆစ်ပေး အပြစ်ပေးခံခဲ့ရလေသည်။
ဤစာမူရေးရခြင်း၏ ရည်ရွယ်ချက်မှာ သာသနာကို ကာကွယ်စေလိုသောကြောင့် ဖြစ်ပါသည်။ ဆရာတော်ကြီးများကို စော်ကားပြစ်မှားလိုခြင်းမဟုတ်ပါ။ သာသနာတော်ကို သန့်ရှင်းစေလိုသောကြောင့် ဖြစ်ပါသည်။ အဖွဲ့အစည်းကို ပစ်ပယ်လိုခြင်းမဟုတ်ပါ။ သာသနာတော်ကို ထွန်းကားပြန့်ပွားစေလိုသောကြောင့် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး ခံစားချက်များကြောင့်မဟုတ်ပါ။ သာသနာတော်ကို ဦးဆောင်စေလိုသောကြောင့် ဖြစ်ပါသည်။ အကုသိုလ်တရားများ တိုးပွားစေလိုသောကြောင့်မဟုတ်ပါ။ ခိုလှုံရာအစစ်ဖြစ်စေလိုသောကြောင့် ဖြစ်ပါသည်။ မင်းသားကြီးမလုပ်ရ၍ ပတ်မ ထိုးဖောက်ခြင်းမျိုးမဟုတ်ပါ။
ဤစာမူကို စာစီပေးသော တပည့်များ၊ ဝက်ဘ်ဆိုဒ်တင်ပေးသော တပည့် ရှင်ခေမာနန္ဒ၊ မိတ်ဆွေ အရှင်မေတ္တာစာရ၊ လုံ့လစိုက်ထုတ် စာအုပ်ထုတ်ပေးတော်မူသော နောင်တော်ကြီး အရှင်ပညာနန္ဒ၊ အဘက်ဘက်မှ အကူအညီပေးတော်မူသော ဆရာတော်ကြီး ဦးဇဝန(နယ်သာလန် နိုင်/ကျဉ်းဟောင်း)တို့အား ကျေးဇူးစကားဆိုရမည်ဖြစ် ပါသည်။ စာရှုသူအားလုံး သက်တူချစ်စေ ထပ်တူမျှဝေနိုင်ကြပါစေသတည်း။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး
(20.4.2012)
“သမိုင်းတရားခံများအကြောင်း စာတမ်းနှင့်ပတ်သက်၍”
မြန်မာနိုင်ငံ သာသနာရေးလောက၊ ဘာသာရေးလောကမှာ အကြီးဆုံးအဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်များရဲ့ အမှားမှားအယွင်းယွင်း လုပ်ဆောင်နေမှုများအကြောင်းနဲ့ အဂတိလိုက်စားမှုများအကြောင်းကို ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးသားထားတဲ့ “သမိုင်းတရားခံ” လို့ အမည်ပေးထားတဲ့ သာသနာတော် ပြုပြင်ရေးစာတမ်းတစ်စောင်ကို ရှားရှားပါးပါး ဖတ်ရပါတယ်။
ရေးသူကတော့ မော်စကိုတောရပြန် မန္တလေး မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းဆရာတော် ဦးဝိစိတ္တာဘိဝံသ(ခေါ်) ဆရာတော်ဦးဝီရသူဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရေးဟန်အတိုင်း လိုတိုရှင်း ထိထိမိမိ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီစာတမ်းရဲ့ နိဒါန်းမှာ ဖော်ပြထားတာကတော့ မြန်မာနိုင်ငံ အုပ်ချုပ်ရေး လောကမှာ သံဃာ့အဖွဲ့အစည်းနဲ့ လူ့အဖွဲ့အစည်းဆိုပြီး အဖွဲ့အစည်းနှစ်ရပ်ရှိကြောင်း ဖော်ပြထားပြီး သံဃမဟာနာယကအဖွဲ့ကို သာသနာတော် သန့်ရှင်းတည်တံ့ရေးနဲ့ သာသနာတော် ထွန်းကားပြန့်ပွားရေး အတွက် ဖွဲ့စည်းထားကြောင်း၊ မဆလခေတ် ဦးနေဝင်းလက်ထက်တွင် ဓမ္မစက်နှင့်မရရင် အာဏာစက်နဲ့ ဆုံးမရန် အကူအညီပေးကြောင်း၊ မဆလခေတ်နောက်ပိုင်းကနေ ယခုကာလ ၂၀၁၂ အထိ သံဃမဟာနာယကအဖွဲ့ကြီးရဲ့ လုပ်ဆောင်နေမှုများကို ဝေဖန်သုံးသပ်ကြဖို့ တင်ပြထားတာကို တွေ့ရပါတယ်။ ဒီစာတမ်းကို ခေါင်းစီး ၁၈ ခုနဲ့ အမည်ပေးထားပြီး စာမျက်နှာ ၂၄ မျက်နှာရှိပါတယ်။ အကြောင်းအရာအလိုက် တင်ပြထားပြီး ပထမဆုံးခေါင်းစီးစာမျက်နှာကို သမီးနှင့် အုန်းသီးလို့ အမည်ပေးထားပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးနဲ့ သာသနာတော် ထွန်းကားရေးတို့အတွက် ဖွဲ့စည်းထားတဲ့ သံဃာ့အစိုးရတစ်ရပ်ဖြစ်ကြောင်း၊ မဟန ဆရာတော်များအတွင်းမှာ ရဟန်းသီလ လုံးဝပျက်စီးနေသော ထေရ်ကြီးဝါကြီးများ ပါဝင်နေကြောင်း၊ သံဃာ့ကိုယ်စားလှယ်ရွေးချယ်ရာမှာ အကျင့်သီလသိက္ခာကို အလေးမထားဘဲ ဆိုင်ရာပတ်သက်ရာကိုသာ ရွေးချယ်တဲ့အတွက် ပါရာဇိကချိုး(ဂျိုး) များပါ ဝင်နေကြောင်း၊ တချို့ဆရာတော်များဆိုရင် သာသနာတော်အတွက် နှမ်းတစ်စေ့မျှလောက်တောင် အလုပ် မလုပ်ဘဲ ထင်ရာစိုင်းနေတဲ့ ဆရာတော်များ ပါဝင်နေကြောင်း၊ သမီးနဲ့အုန်းသီး မထိရင်ပြီးတာပဲ၊ ကျန်တာ လုပ်ချင်ရာလုပ်ဆိုတဲ့ လူမိုက်အားပေးဆရာတော်တွေကြောင့် ပျက်စီးနေသော ရဟန်းငယ်တွေ များစွာ ပေါ်ထွန်းလာကြောင်း၊ မဟန အဖွဲ့ရဲ့ မမှန်မကန် လုပ်ဆောင်မှုများကြောင့် မကောင်းသတင်း များစွာထွက်ခဲ့ ကြောင်း၊ အမြင်မတော်သဖြင့် မြက်နဲ့ဖုံးလွှမ်းထားပေမယ့် အနံ့မထွက်အောင်တော့ မတတ်နိုင်ကြောင်း၊ အောင်းကောင်ကြီးတွေ များစွာရှိကြောင်း စသည် ရေးသားထားတာကို တွေ့ရပါတယ်။
သာသနာတော်ကို တကယ်သန့်ရှင်းစင်ကြယ်စေလိုရင် မဟနအဖွဲ့ကို အရင်သန့်ရှင်းအောင် လုပ်ဆောင်ဖို့ အကြံပြုထားတာကို တွေ့ရပါတယ်။
“မဏ္ဍိုင်ဗဟိုလဲပြိုနေ” ဆိုတဲ့ ခေါင်းစီးအောက်မှာတော့ မဟနအဖွဲ့ရဲ့ ဝိနိစ္ဆယ ဆုံးဖြတ်ရေး ဌာနတွေမှာ မမှန်မကန် ဘက်လိုက်ပြီး အနိုင်ကျင့်ဆုံးဖြတ်နေကြောင်းနဲ့ လာဘ်ပေး လာဘ်ယူမှုတွေရှိကြောင်း၊ လာဘ်ပေး မှ တရားနိုင်ကြောင်း စသည်ရေးသားထားတာကို တွေ့ရပါတယ်။
“ဒေါ်လာစား မဟန” ဆိုတဲ့ ခေါင်းစီးအောက်မှာ တန့်ကြည့်တောင်ဆရာတော်ရဲ့ ငိုရယ် ကမ္မဋ္ဌာန်း တရားနဲ့ပတ်သက်ပြီး ပိဋကတ်တော်နဲ့ ညီမညီ သူကိုယ်တိုင် စုံစမ်းလေ့လာတဲ့အကြောင်း၊ အဓမ္မတရားကြီး ဖြစ်နေတာတွေ့ရတဲ့အတွက် တန့်ကြည့်တောင် အမှားတော်ပုံ(ခ) တရားထိုင်ရင်း ငိုရယ်ခြင်းအကြောင်း စာအုပ်ရေးသားပြီး သာသနာရေးဌာနသို့ ခွင့်ပြုချက်တောင်းခံခဲ့ပေမယ့် စာအုပ်ထုတ်ဝေခွင့် ပယ်ချခံရကြောင်း၊ တန့်ကြည့်တောင်ဆရာတော်က မဟနဆရာတော်တွေကို ဒေါ်လာလှူဒါန်းထားတဲ့အတွက် အရေးမယူကြောင်း၊ ဒုဥက္ကဋ္ဌဆရာတော်တစ်ပါးက သူကိုယ်တိုင် တရားထိုင်ရင်း “စိန်ခြူးကြာညောင်” သီချင်းတစ်ပုဒ်ဆိုပြီး ထ.က တယ်လို့ မိန့်ကြားဖူးကြောင်းနဲ့ စိန်ခြူးကြာညောင် သီချင်းတစ်ပုဒ်နဲ့ တန့်ကြည့်တောင်ဇာတ်ထုပ်ကို စားပွဲခုံပေါ် မှ ရုပ်သိမ်းပေးခဲ့ကြောင်း၊ အရည်အချင်းရှိပေမယ့် တရားမရှိ၍ အမှားသိခြင်းဖြစ်ကြောင်း ဟာသစွက်ပြီး ရေးသားထားတာကို ဖတ်ရလို့ ပြုံးမိပါတယ်။
“လက်နက်မပါသည့် အာဏာရှင်” ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကိုယ်တွေ့မဟန တရားစီရင်ရေး အကြောင်းနဲ့ ထောင်ကျလောက်တဲ့အပြစ်မရှိဘဲ သံဃာတော်တွေ ထောင်ချခံနေရကြောင်း၊ ထောင်တွင်းမှာ သံဃာတော်တွေ မိလ္လာသန့်ရှင်းရေးတွေ လုပ်ခိုင်းကြောင်း၊ သံဃာ့အဖွဲ့အစည်း၏ မညှာမတာ လုပ်ဆောင်မှု ကြောင့် ထောင်ကျနေသူများဖြစ်ကြောင်း ရေးသားထားတာကို တွေ့ရသလို အာဏာအားကိုးနဲ့ မိုက်လုံးကြီး နေသော သံဃာ့အဖွဲ့အစည်း၊ လက်နက်မရှိသော အာဏာရှင်များဖြစ်ကြောင်း ပြစ်တင်ရေးသားထားပါတယ်။
ကျန်တဲ့ အခန်းတွေမှာတော့ သံဃာ့ကိုယ်စားလှယ် ရွေးချယ်တဲ့အခါ ဒီမိုကရေစီနဲ့အညီ ရွေးချယ်ဖို့၊ သန့်ရှင်းလွတ်လပ်တဲ့ သံဃာ့ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းထားသလို စစ်အစိုးရက နှစ်စဉ်ဆက်ကပ်ပေးတဲ့ (လာဘ်ထိုးမှရတဲ့) တံဆိပ်တော်တွေအကြောင်း၊ သာသနာသန့်ရှင်းရေးအကြောင်း၊ စစ်အစိုးရလက်ကိုင်တုတ်ကြီးများ အကြောင်းစတဲ့ အကြောင်းအရာများနဲ့ ဆရာတော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်များစွာကို စိတ်ဝင်စားဖွယ်ရာ ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။
သံဃာ့နာယကအကြောင်း အတွင်းကျကျ သိလိုသူများနဲ့ ပြုပြင်လိုသူများ ဖတ်သင့်တဲ့ စာတမ်းတစ်ခု ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရေးသားတင်ပြချက်တွေဟာ ရဲဝံ့ပြတ်သားလှပါတယ်။ ဟုတ်သည် မဟုတ်သည်၊ မှန်သည် မှားသည်ကိုတော့ မိမိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ဖို့ အကြံပြုပါတယ်။
နောက်ဆုံး မှတ်ချက်အနေနဲ့ ဆရာတော် ဒီစာတမ်းရေးရခြင်းရဲ့ ရည်ရွယ်ချက်ကို တင်ပြထားပါတယ်။
ကျွန်ုပ်သည် ကျွန်ုပ်၏ အနာဂတ်သာသနာအတွက် သည်စာတမ်းကို ပြုစုပါသည်။ အတ္တကြီး၍ သဘောထား အမြင်ကျဉ်းလျှင် စုဖုရားလတ်လို ပယ်ချနိုင်ပါသည်။ အတ္တပါးလွှာ၍ အမြင်ကြီး အမြင်ကျယ်ပါမူ အပြုသဘောနှင့် ဝေဖန် အကြံပြု၍ အနာဂတ်သာသနာ၏ အခြေခံအုတ်မြစ်ကို စနစ်တကျခိုင်မာအောင် လုပ်သင့်ပါသည်။ အကယ်၍ ရောဂါပေါင်းစုံ ဝင်ရောက်နေသည့် ဂိလာနသာသနာကို အချိန်မီ မကုစားပါလျှင် သမိုင်း၏ တရားခံသည် စုဖုရားလတ်ပင် ဖြစ်ပေမည်။ သမိုင်း၏ လက်ညှိုးထိုးကျိန်ဆဲမှုကို ခံရပါလိမ့်မည်။ သာသနာကြီး နာတာရှည်ရောဂါဆိုးကြီး ပျက်စီးရပါလိမ့်မည်။ သည်လိုဆိုရင် သမိုင်း၏တရားခံအစစ်သည် သင်ကိုယ်တိုင်ဖြစ်ပေလိမ့်မည်။
ကျွန်ုပ်သည် သည်စာတမ်းကို မော်စကိုမြို့မှာ ရေးသားပါသည်။ သည်စာမူ ထွက်ရှိလာသည့်အခါ စနစ်မပြောင်း သေးလျှင် တစ်ခေါက်ဂျောင်းရပေဦးမည်။ ထိုအခါ မော်စကိုသို့ ဒုတိယမ္ဗိခြေဦးလှည့်ခွင့် ပေးတော်မူသော ဆရာကြီးများကို ကျေးဇူးတင်ရပေဦးမည်လို့ ဆိုထားပါတယ်။ ဆရာတော်လေးရဲ့ တင်ပြချက်တွေကို ဖတ်ရှုပြီး ပြင်သင့်တာတွေကို အချိန်မီပြုပြင်ဖို့ လက်ရှိအစိုးရကိုရော သံဃာတော်များကိုပါ တိုက်တွန်းချင်ပါတယ်။
(စီစဉ်သူ)
အရှင်ပညာနန္ဒ
ပြည်ပရောက် မြန်မာရဟန်းတော်များအဖွဲ့
ယူတီကာ၊ နယူးယောက်
မေ၊ ၀၁၊ ၂၀၁၂။
(နေ့စဉ် တင်ပြသွားပါမည်။)