မန္တလေး၊ ဇွန်လ ၈ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သာသနာပိုင်ရပ်ကွက်၊ သာသနာပိုင်ဓမ္မဗိမာန်၌ Y.G.W ရွှေဝါရောင်မျိုဆက်သစ်ဆရာတော်များ ဦးစီးကျင်းပသော ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းမှ အခြေပြုအဆင့်အောင် သင်တန်းသား/သူ(၁၄)ဦးတို့အား အောင်လက်မှတ်များပေးအပ်ခြင်းနှင့် ဆုများချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့(၈.၆.၂၀၁၄)၊ မွန်းတည့်(၁၂း၀၀)နာရီမှာ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ သာသနာကျောင်းတိုက်ဆရာတော်၊ Y.G.W အသင်းမှ သင်တန်းဆရာများဖြစ်ကြသော မစိုးရိမ်တိုက်သစ်မှ အရှင်နာဂိန္ဒာလင်္ကာရ၊ အရှင်ဇောတိပါလ၊ အရှင်ဝိစိတ္တ၊ အရှင်ဉာဏိဿရ၊ သာသနာပိုင်ရပ်ကွက်ဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြပြီး သာသနာပိုင်ကျောင်းတိုက်ဆရာတော်မှ ငါးပါးသီလနှင့် သြဝါဒများချီးမြှင့်ပေးကာ အရှင်ဝိစိတ္တနှင့် အရှင်ဉာဏိဿရတို့မှ သင်တန်း၏ရည်ရွယ်ချက်နှင့် မှတ်သားဖွယ်ရာများကို ဟောပြောခဲ့ကြောင်း သိရသည်။