Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

"မျိုးစောင့်ဥပဒေကို လက်မခံသည့် အဖွဲ့အစည်းများနှင့် မဘသအဖွဲ့ မန္တလေးတွင် တွေ့ဆုံ ဆွေးနွေးမည်"

$
0
0


မန္တလေး၊ မေ ၁၄

အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိသည့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ လူမှုအဖွဲ့အစည်းများ အကြားတွင် အမျိုးသမီးဆိုင်ရာ အခွင့်အရေး ထိပါးသည်ဟု ဆိုကာ လက်မခံသည့် လူမှုအဖွဲ့အစည်းများ အားလုံးနှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို မန္တလေးမြို့တော်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသက မိန့်ကြားသည်။

ယင်းတွေ့ဆုံပွဲကို မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် နယုန်လပြည့် ဇွန်လ ၁၂ ရက်နေ့တွင် ချမ်းအေးသာစံ မြို့နယ်ရှိ ဦးလှသိန်း ဓမ္မဗိမန်တွင် ပြုလုပ်မည်ဖြစ် ပြီး စိတ်ပါဝင်စားသူများ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့သို့ ဆက်သွယ်နိုင်ကြောင်း ဆရာတော်က ထပ်လောင်း မိန့်ဆိုသည်။

“မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး လူမှုအဖွဲ့အစည်းတွေက စွပ်စွဲ ပြောဆိုနေတာတွေ ရှိတယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေကို အကုန်လုံး ဖိတ်ပြီး ဟောပြောပွဲ ပြီးတာနဲ့ မဘသမှာ ရှိတဲ့ ဥပဒေ ပညာရှင်တွေရယ်၊ မဘသ ဆရာတော်တွေရယ်ကို ဘယ်လူမှုအဖွဲ့အစည်းကမဆို လွတ်လပ်စွာ ဆွေးနွေးနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသ မိန့်ဆိုသည်။

အဆိုပါနေ့တွင် မဘသအဖွဲ့ ဆရာတော်များက မျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာများနှင့် အဖွဲ့၏ ဥပဒေရေးရာ အကြံပေး လွှတ်တော် ရှေ့နေကြီး ဦးအေးပိုင်နှင့် စာရေးဆရာ မောင်သွေးချွန်တို့က ဟောပြောပေးမည် ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးပွဲကို ဟောပြောပွဲအပြီး ပြုလုပ်သွားမည် ဖြစ်ကာ သိလိုသည်များကို ပြန်လည် ဖြေကြားပေးမည် ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ကျွန်တော်တို့လည်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်ချင်ပါတယ်။ အခုလို တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဟိုလိုသတ်မှတ်၊ ဒီလို သတ်မှတ်နေတာထက်စာရင် ပွင့်ပွင့်လင်းလင်း ထောက်ပြ ပြောဆိုပြီး ဝိုင်းဝန်း လုပ်ကိုင်တာဟာ ပိုမို ကောင်းမွန်ပါတယ်။ လူမှုအဖွဲ့အစည်းတွေကို အခုလို ဖိတ်ကြားတဲ့ အတွက်လည်း ကြိုဆိုပါတယ်” ဟု Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုသည်။

နိုင်ငံတော်သမ္မတက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်း၌ ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ် စဉ်းစားပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများ/ကွန်ရက်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ၉၇ ဖွဲ့က မေလ ၅ ရက်နေ့တွင် အကြံပြု တင်ပြချက်များကို စုစည်းလျက် ပူးပေါင်းထုတ်ပြန်ခဲ့ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည်က အဆိုပါ အဖွဲ့အစည်းများကို မေလ ၉ ရက်နေ့တွင် အမျိုးသားရေး သစ္စာဖောက်များအဖြစ် သတ်မှတ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Viewing all articles
Browse latest Browse all 2129

Trending Articles