အစ္စလာမ်ဘတ်၊ ဇွန် (၉)ရက်
မြန်မာနိုင်ငံတွင် အာဏာပိုင်များကို ပုန်ကန်တိုက်ခိုက်ပြီး ဂျီဟတ်ဆင်နွှဲရန် မြန်မာနိုင်ငံရှိ မွတ်ဆလင်များကို ပါကစ္စတန်တာလီဘန်တို့က တနင်္လာနေ့က သွေးထိုးလှုံ့ဆော်လိုက်ကြောင်း Daily Mail သတင်းဌာနတွင် ဖော်ပြထားသည်။
မြန်မာမွတ်ဆလင်တို့အနေနဲ့ ဓားကိုထုတ်၍ တိုက်ပွဲဝင်ကြရန်နှင့် ၄င်းတို့ကလည်း လိုအပ်သော အကူအညီ အထောက်အပံ့များ ပေးအပ်သွားမြည်ဖြစ်ကြောင်း ပါကစ္စတန်တာလီဘန်တို့က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များ၏ ဆင်းရဲဒုက္ခကို ၄င်းတို့အနေနှင့် သနားစာနာမိသည်ဟုလည်း Tehreek-e- Taliban Pakistan(TTP)၏ အဖွဲ့ခွဲ Jamaat-ul-Ahrar ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အာဆန်နူလာအာဆန်က ပြောကြားခဲ့သည်။
မင်းတို့ကိုထောက်ပံ့ဖို့ ငါတို့ရဲ့လေ့ကျင့်ရေးစခန်းတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေ၊ လူတွေအသင့်ရှိပါတယ်"ဟု အာဆန်နူ လာအာဆန်က အသံဖိုင်မက်ဆေ့ခ်ျတစ်ခုထဲတွင် မြန်မာမွတ်ဆလင်လူငယ်များကို ရည်ညွန်းပြီး ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းရှိသည့်အနက်တွင် မွတ်ဆလင်ဘာသာဝင် ဦးရေမှာ ၄ ရာခိုင်နှုံန်းရှိသည်။
Tehreek-e-Taliban Pakistan(TTP) အဖွဲ့သည် ၂၀၀၇ နှစ်က ပါကစ္စတန်အစိုးရနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း လူထောင်နှင့်ချီ၍ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သော်လည်း ပြည်ပနိုင်ငံများတွင် အကြမ်းဖက်တိုက်ခိုက်ရန်အတွက်မူ စိတ်ဝင်စားမှု ပြသခဲ့ခြင်း မရှိဘူးချေ။
သိုရာတွင် လက်ရှိအချိန်၌ ပါကစ္စတန်တွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး ပြောဆိုဝေဘန်မှုများ စတင်ပေါ်ပေါက်လျက်ရှိသည်။
ပါကစ္စတန်ဝန်ကြီးချုပ် နာဝစ်ဇ်ရှာရစ်ဖ်သည် ရိုဟင်ဂျာများကို အကူအညီအပေးရန် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းထားသည်ဟု သတင်းထွက်ပေါ်လျက်ရှိပြီး ပြီးခဲ့သော တနင်္ဂနွေနေ့ကလည်း ပါကစ္စတန် ဆန္ဒပြသူများက မြန်မာအလံကို မီးရှို့ခဲ့ကြသည်။
ဆန္ဒပြခြင်း၊ ချီတက်ခြင်းများ ပြုလုပ်ရုံဖြင့် သိသိသာသာ အကျိုးထူးမည်မဟုတ်ဘဲ အလုံးစုံဘာသာရေးစစ်ပွဲ သို့မဟုတ် ဂျီဟတ်ဆင်နွဲမှသာ မြန်မာအာဏာပိုင်များက ဂရုပြုလာမည်ဖြစ်သည်ဟု အာဆန်က ပြောကြားခဲ့သည်။
Tehreek-e- Taliban Pakistan(TTP) အဖွဲ့သည် ပြီးခဲ့သောနှစ် ဇွန်လအတွင်းက ၎င်းတို့၏ လျှိုဝှက်စခန်းများကို အစိုးရတပ်များက အဓိကထိုးစစ်ကြီးများ ဆင်နွဲပြီးသည့်နောက်ပိုင်းကတည်းက ဆုတ်ခွါနေခဲ့ရသော အဖွဲ့ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်းတွင် အယ်လ်ကေဒါအပါအဝင် အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက် အဖွဲ့များက ဂျီဟတ်ဆင်နွှဲရန် ရိုဟင်ဂျာမွတ်ဆလင်များကို သွေးထိုးလှုံ့ဆော်ထားသော ကြေညာချက်များ မကြာခဏထုတ်ပြန်ခဲ့ကြသည်။
သို့ရာတွင် ရိုဟင်ဂျားများကမူ ၎င်းတို့ လှုံ့ဆော်သည့်လမ်းစဉ်အတိုင်း အကြမ်းဖက်တိုက်ခိုက်ရန်၊ သို့မဟုတ် ဂျီဟတ်ဆင်နွှဲရန် အတွက် စိတ်ဝင်စားသည့် လက္ခဏာ တစ်စုံတရာ ပြသခဲ့ခြင်းမရှိချေ။
(10.6.2015) The Voice Daily သတင်းစာ