ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးကို 10.5.2014 မှ 12.5.2014 ထိ သုံးရက်တိုင် ကျင်းပမည်ဖြစ်ရာ
11.5.2014 ရက်နေ့မှာ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ နိုင်ငံတော် သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ သံဃာ့သမ္မုတိရဆရာတော်များ၊ သီးခြားပင့်သံဃာတော်များ စုစုပေါင်း ၂၅၅၈ ပါး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေးကို မနက် 8:00 မှ 10:00 ထိ ကျင်းပခဲ့ပြီး မွန်းလွဲ 1:00 မှ 2:00 ထိ ဆက်လက်ကျင်းပ နိုင်ခဲ့ပါတယ်။
မနက်ပိုင်းတွင် ဆရာတော်ကြီးများ၏ သြဝါဒများ၊ ဝန်ကြီးဦးဆန်းဆင့်၏ လျှောက်ထားလွှာများနှင့် ဖွဲ့စည်းပုံ ပြင်ဆင်မှု အဆိုတင်သွင်းခြင်းများဖြင့် ပြီးဆုံးခဲ့ပြီး မွန်းလွဲပိုင်းရောက်မှ အခြေအတင်းဆွေးနွေးကြမှုများဖြင့် ပွဲစည်သွားခဲ့တာ တွေ့ရပါတယ်။
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မဟာနာယက ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်-ဘဒ္ဒန္တကေသရာဘိဝံသ၏ အဆိုကို-စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်းများမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များက အသီးသီးထောက်ခံခဲ့ကြပြီး၊
ရွှေကျင်ဂိုဏ်း၊ မဟာဒွါရဂိုဏ်း၊ စတုဘုမ္မိကငှက်တွင်းဂိုဏ်းများ ကိုယ်စားပြုဆရာတော်များက အကြံပြု ဆွေးနွေးချက်များ သီးခြားလျှောက်ထားခဲ့အပြီးမှာ အစည်းအဝေးကို အဆုံးသတ်ခဲ့ခြင်းဖြစ်ပါတယ်။
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင်ဖြည့်စွက်ချက်ဆိုသည်မှာ သံဃာ့အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ခြင်းပဲ ဖြစ်ပါတယ်။