ငြိမ်းချမ်း၊ ရန်ကုန်။
ပင်လယ်ပြင်မှ လှေစီးဒုက္ခသည်များကို လက်ခံပေးရန် အမေရိကန်အပါအဝင် ဒေသတွင်းနိုင်ငံများက မြန်မာနိုင်ငံအား ဖိအားပေးပြောကြားမှုများကိုကန့်ကွက်ရန်နှင့် အဆိုပါဒုက္ခသည်များသည် မြန်မာနိုင်ငံမှ မဟုတ်ကြောင်း ထုတ်ဖော်ရန် သံဃာတော်များနှင့် အမျိုးသားရေးလှုပ်ရှားသူများက မေလ ၂၇ ရက်တွင် ကန့်ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့နိုင်ငံတွင်းမှာကိုက ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေအများကြီးဗျာ။ ဒီပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို လက်ခံပေးပါလို့ အတင်းထိုးထည့်နေတာတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ နိုင်ငံထက် ချမ်းသာတဲ့ နိုင်ငံတွေ အများကြီးပါ။ နောက်ပြီး ဒီလူတွေကလည်း ကိုယ့်နိုင်ငံက လာတဲ့သူတွေ မဟုတ်ဘူးလေ။ ဒါကို လက်ခံပေးပါလို့ အတင်းထည့်ပေးနေတာ။ အဲဒါကို ကန့်ကွက်မှာပါ” ဟု ဆန္ဒပြကန့်ကွက် ပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမင်းမင်းက ပြောသည်။
ဆန္ဒပြကန့်ကွက်ရန် သက်ဆိုင်ရာထံ ခွင့်ပြုချက်တောင်းခံထားပြီး လူဦးရေ ၅၀၀ ကျော်ဖြင့် မေလ ၂၇ ရက် မွန်းတည့် ၁၂ နာရီတွင် ဗိုလ်စိန်မှန်အားကစားကွင်းမှ လူထုဟစ်တိုင်အထိ စီတန်းလမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
မေလ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၀ ကျော်လိုက်ပါလာသည့် လှေနှစ်စီးသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ အနောက်ဘက် ရေမိုင်လေးမိုင်ခန့်အကွာသို့ ရောက်ရှိလာ၍ တပ်မတော်(ရေ)က တွေ့ရှိကာ ကယ်ဆယ်ထားသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်ဒုဝန်ကြီးသည် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာ့ခေါင်းဆောင်များနှင့်ေ တွ့ဆုံရာ၌ ဘင်္ဂလားဒေံရှ် နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ပြီး ပင်လယ်ပြင်ရှိရွှေ့ပြောင်းဒုက္ခသည်များအား ကူညီကယ်ဆယ်ရန် တိုက်တွန်းထားသည်။