အေးသူစံ၊ ရန်ကုန်။
ပင်လယ်ပြင်အတွင်း လှေစီးဒုက္ခသည်များ မြန်မာ့ရေပိုင်နက်တွင် တွေ့ရှိပါက စောင့်ရှောက်စိစစ်မှုများပြုလုပ် မည်ဖြစ်သော်လည်း ယင်းလှေစီးဒုက္ခသည်အားလုံး မြန်မာနိုင်ငံမှဖြစ်ကြောင်း ပြောကြားချက်ကို လက်မခံနိုင် ကြောင်း သမ္မတဦးသိန်းစိန်က အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးအား ပြောကြားလိုက်သည်။
မေလ ၂၁ ရက်က သမ္မတဦးသိန်းစိန်နှင့် အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့သည် နေပြည်တော် သမ္မတအိမ်တော်တွင် တွေ့ဆုံစဉ် ပင်လယ်တွင်း လှေစီးဒုက္ခသည်များအရေး စိုးရိမ်ကြောင်း ဒုဝန်ကြီး၏ ပြောကြားချက်အပေါ် သမ္မတဦးသိန်းစိန်က ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပင်လယ်အတွင်းမှ အခြားဒေသသို့ ရောက်ရှိသွားသူများအနက် မြန်မာနိုင်ငံသားဖြစ်ကြောင်း ပြောဆိုနေသူများကို နိုင်ငံသားဟုတ်၊ မဟုတ် စိစစ်မည်ဖြစ်ပြီး လူမှောင်ခိုကူးမှုနှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သမ္မတက ကန်ဒုဝန်ကြီးအား ပြောကြားခဲ့ကြောင်း တွေ့ဆုံမှုတွင် ပါဝင်သည့် သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။
“လှေနဲ့ ရွှေ့ပြောင်းနေသူတွေက မြန်မာနိုင်ငံကလို့ ပြောရင် ဒုက္ခသည် အဆင့်အလွယ်တကူရနိုင်တဲ့အတွက် လူမှောင်ခိုကူးသူတွေက ဒီစကားလုံးကို အသုံးချနေကြောင်း ထောက်ပြတယ်။ ဒါကြောင့် အခုရောက်နေသူ တွေအားလုံးကို မြန်မာကလို့ ပြောတာမျိုး လက်မခံကြောင်း ပြောခဲ့ပါတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။ အရှေ့တောင်အာရှဒေသတွင်း ရွှေ့ပြောင်းသူများဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကန်အစိုး ရ၏ စိုးရိမ်ပူပန်မှုများကို ကန်နိုင်ငံခြားရေးဒုဝန်ကြီးက နေပြည်တော်တွင် မျှဝေပြောကြားခဲ့ကြောင်း အမေရိကန် သံရုံး(ရန်ကုန်) က ထုတ်ပြန်သည်။
ယခုပြဿနာကို ရင်ဆိုင်ဖြေရှင်းရေး ဒေသတွင်း မိတ်ဖက်များနှင့် အတူတကွ လုပ်ဆောင်ရန် မြန်မာ အစိုးရအား ၄င်းက တိုက်တွန်းခဲ့သည်။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ် မှုများနှင့် မျိုးစောင့်ဥပဒေလေးခုတွင် ပါရှိသည့် ဝိရောဓိများကိုလည်း ဒုဝန်ကြီးက အလေးထားပြောကြားခဲ့ သည်ဟုလည်း ဖော်ပြထားသည်။
နိုင်ငံခြားရေးဒုဝန်ကြီး အန်ထော်နီဘလင်ကင်း ဦးဆောင်သည့် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ် အဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။ ကန်ဒု နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကင်းနှင့် လှေစီးဒုက္ခသည်များအရေးအပြင် ၂၀၁၅ ရွေးကော်ကပွဲကျင်းပ ရေး၊ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးတို့ ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည်ဟု ပြောကြား ခဲ့သည်ဟုသတင်းရရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပင်လယ်အတွင်း မျောနေကြသည့် လှေစီးရွှေ့ပြောင်းဒုက္ခသည်အရေးတွင် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ဒုက္ခသည်များကို လက်မခံနိုင်သဖြင့် ကမ်းကပ်ခွင့်မပေးဘဲ အစားအစာနှင့် ရေများဖြည့်ဆည်းပေးလျက် ပင်လယ်ပြင်အတွင်း ပြန်လွှတ်ခဲ့သည်။ ထို့နောက် နိုင်ငံတကာဖိအားပေးမှုများ မြင့်တက်လာချိန်တွင် မေလ ၂၀ ရက်က မလေးရှားနှင့် အင်ဒိုနီးရှားတို့က ဒုက္ခသည်များကို ယာယီလက်ခံမည် ဖြစ်ကြောင်း နိုင်ငံတကာသို့ ပြောကြားခဲ့သည်။ လှေစီးဒုက္ခသည်များကို မြန်မာနိုင်ငံသားဖြစ်ပါက ပြန်လည်လက်ခံမည်ဟုအစိုးရ၏ ပြောကြားချက်ကို ကြိုဆိုပြီး ရွှေ့ပြောင်းဒုက္ခသည်များအရေးမှာ တစ်ကမ္ဘာလုံး တွင် ကြုံတွေ့နေရသည့် ပြဿနာဖြစ်၍ ဒုက္ခသည်များကို အရေးကြုံမှ ကူညီကယ်ဆယ်ခြင်းထက် ဒုက္ခသည်များ ပေါ်ပေါက်ရသည့် ဇာစ်မြစ်ကို ရှာဖွေ၍ ထိထိရောက်ရောက်ကိုင်တွယ်ပြုပြင်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA နှင့် သီးသန့်မေးမြန်းခန်း၌ ပြောကြားခဲ့သည်။