ခင်မောင်မြင့်နဲ့ ကျော်ဇေယျာထွန်း ရေးသည်။
ကောင်းမြတ်မိုး ပံ့ပိုးသည်။
ရန်ကုန် (မေ ၂ဝ၁၅)
လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့အတူ ပေါ်ထွက်လာခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့တွေထဲမှာ အင်အားအကောင်းဆုံး၊ အတက်ကြွဆုံးနဲ့ ပြည်တွင်း၊ ပြည်ပဝေဖန်ခံရမှုတွေ၊ ထောက်ခံမှုတွေနဲ့ အများအာရုံစိုက်အခံရဆုံးအဖွဲ့ကတော့ မ.ဘ.သလို့ အတိုကောက်ခေါ်နေကြတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ၊ ရွာမပရိယတ္တိစာသင်တိုက်မှာ ၂ဝ၁၃ ဇွန် ၂၆/၂၇ ရက်က ကျင်းပခဲ့တဲ့ သံဃာ့ညီလာခံကနေ ပေါ်ထွန်းလာခဲ့တဲ့ မ.ဘ.သအဖွဲ့ရဲ့ သက်တမ်းဟာ လာမယ့်ဇွန်ဆိုရင် နှစ်နှစ်တင်းတင်း ပြည့်ပါတော့မယ်။
မ.ဘ.သ အဖွဲ့ဟာ နှစ်နှစ်အတွင်းမှာ အတော်ပဲအင်အားကောင်းတဲ့အဖွဲ့ပဲ ဖြစ်လာခဲ့ပါတယ်။ မ.ဘ.သအဖွဲ့ထံမှ ရရှိတဲ့စာရင်း ဇယားတွေအရ နှစ်နှစ်အတွင်းမှာ မြန်မာတစ်နိုင်ငံလုံး မ.ဘ.သ အဖွဲ့ပေါင်း (၁၇၃)ဖွဲ့ အထိ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဖြစ်ပါတယ်။ သဘောကတော့ မ.ဘ.သ အဖွဲ့တွေဟာ မြို့နယ်နှစ်မြို့နယ်လျှင် တစ်မြို့နယ်နှုန်းရှိတဲ့သဘောပါ။
ဗဟိုအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့်ဆိုပြီးတော့ အဆင့်(၅)ဆင့်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမှာ ဥက္ကဋ္ဌက အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ဖြစ်ပါတယ်။ မ.ဘ.သ (အထက်မြန်မာပြည်) ဦးဆောင်ဆရာတော်ကတော့ ဦးဝီရသူ(မစိုးရိမ်)ဖြစ်ပြီး မ.ဘ.သ (အောက်မြန်မာပြည်)ကိုတော့ ဓမ္မဒူတဆရာတော် ဦးပညာဝရက တာဝန်ယူထားပါတယ်။ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ရန်ကုန်တိုင်းဒေသကြီးရဲ့ ဦးဆောင်ဆရာတော်အဖြစ် တာဝန်ယူထားပါတယ်။
နှစ်နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ မ.ဘ.သ ဟာ ဘာတွေလုပ်ဆောင်ခဲ့ပါသလဲ၊ ဘယ်အချက်တွေကို လူအများက သဘောကျ လက်ခံကြပြီး၊ ဘယ်လုပ်ဆောင်ချက်တွေကိုတော့ အပြစ်တင် ဝေဖန်ခဲ့ကြပါသလဲ။ အမျိုးဘာသာ သာသနာကို အမှန်တကယ် ထိထိရောက်ရောက် စောင့်ရှောက်ရာ ကျပါရဲ့လား စတဲ့ အချက်တွေကို ဆန်းစစ်ဝေဖန်ဖို့ လိုအပ်ပါလိမ့်မယ်။
ရည်ရွယ်ချက်တွေ ကောင်းပေမယ့် ဝေဖန်ခံရ
အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံအတွင်း လူမျိုးရေး၊ ဘာသာရေး အကြမ်းဖတ်မှု ပဋိပက္ခတွေ မပေါ်ပေါက်ရေး၊ သာသနာရေး၊ လူမှုရေး ဆောင်ရွက်ကြတဲ့ အဖွဲ့ အချင်းချင်း အပြန်အလှန် ချိတ်ဆက်ပံ့ပိုးကူညီနိုင်ရေးဆိုတဲ့ မ.ဘ.သ အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေကို ဝေဖန်မှုတွေ မရှိပေမယ့်လည်း ဒီအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုအချို့ အပေါ်မှာတော့ ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။
နွေရာသီမှာ ကလေးသူငယ်တွေကို သင်ပေးတဲ့ ယဉ်ကျေးလိမ္မာသင်တန်းတွေ ဖွင့်လှစ်ခြင်း၊ တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ်ပေးတဲ့ ဓမ္မစကူးလ်တွေ ဖွင့်လှစ်ခြင်း စတာတွေအပေါ်မှာ ရဟန်းရှင်လူများက နှစ်သက်သဘောကျကြတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေလို့ ဆိုသော်လည်း ဗုဒ္ဓဘာသာအသိတရားတွေနဲ့ ကင်းကွာ၊ ပြတ်ထွက်သွားတဲ့အတွက် ဗုဒ္ဓဘာသာရဲ့ ဘာသာရေးအသိတရားတွေကို စောင့်ထိန်းနိုင်အောင် မ.ဘ.သ အနေနဲ့ ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ ဓမ္မစကူးလ်တွေ ဖွင့်လှစ်သင်ကြားပေးနေသလို တောရော မြို့ပါမကျန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သင်တန်းတွေပေးသွားဖို့ ရှိတယ်လို့ မ.ဘ.သ ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။
နယ်လှည့်ဓမ္မကထိက ဆရာတော်တစ်ပါးဖြစ်တဲ့ မန္တလေးမှ ဒယ်အိုးလေးဆရာတော် အရှင်တေဇနန္ဒကတော့ ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ ဓမ္မစကူးလ်တွေ ဖွင့်လှစ်သင်ကြားပေးနေတာနဲ့ပတ်သက်ပြီး အခုလို မိန့်ပါတယ်။ “မ.ဘ.သ က အခုလို ယဉ်ကျေးလိမ္မာသင်တန်းတွေ ပေးနေတာ ဒါက အင်မတန်ကောင်းတဲ့ ပန္နက်ရိုက်မှုတွေပဲ”
သို့သော်လည်း အချို့အချက်တွေကိုတော့ ဝေဖန်ကြတာ တွေ့ရပါတယ်။ အထူးတလှယ် ဝေဖန်ခံရတဲ့ကိစ္စကတော့ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးကိစ္စမှာ ဖြစ်ပါတယ်။
အဲဒီလို ဝေဖန်တဲ့သူတွေထဲမှာ အများဆုံးကတော့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ပါတယ်။ ဝေဖန်ကြတဲ့အထဲမှာ နိုင်ငံရေးသမားနဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ပါဝင်ပေမယ့် အများစုကတော့ ဒီအဖွဲ့နဲ့ ထိပ်တိုက်မတိုးချင်တာကြောင့် လက်ရှောင်ကြတဲ့ သူတွေဖြစ်ပါတယ်။
တကယ်တော့ မ.ဘ.သ ကို ဝေဖန်တဲ့နေရာမှာ လူပုဂ္ဂိုလ်တွေကပဲ ဝေဖန်ကြတာတော့ မဟုတ်ပါဘူး။ နာမည်ကြီး သံဃာအချို့တောင် ဝေဖန်တဲ့နေရာမှာ ပါဝင်နေကြတာကို တွေ့ရပါတယ်။
ရွှေညဝါဆရာတော်ဆိုရင် ကနဦးကာလတွေမှာ မ.ဘ.သအဖွဲ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို ကြိုက်တဲ့အတွက် မ.ဘ.သအဖွဲ့ထဲ ဝင်ခဲ့တာပါ။
သံဃာတွေ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကောင်းအောင် ပြိုင်တူတွန်းမလား ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဝင်ခဲ့ပေမယ့် နောက်ပိုင်းစောင့်ကြည့်တဲ့အခါမှာ ပူးပေါင်းလို့မရတော့လို့ မ.ဘ.သအဖွဲ့မှာ ဆက်လက်မပါဝင်တော့တာဖြစ်တယ်လို့ မိန့်ပါတယ်။
“ငါ့ရဲ့ရည်ရွယ်ချက်တွေ၊ စိတ်နေစိတ်ထားတွေနဲ့ အကောင်အထည်ဖော်ဆောင်မှုအပိုင်းတွေမှာ ငါက တစ်မျိုးသားလုံးကိုဗဟိုပြုတဲ့အကျိုးစီးပွားကို လိုချင်တာ”လို့ ရွှေညဝါဆရာတော်က မိန့်ပါတယ်။
မ.ဘ.သရဲ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အဓိကဝေဖန်ကြတာတော့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေက အစ္စလာမ်ဘာသာဝင်အမျိုးသားတွေကို လက်မထပ်ကြဖို့ လှုံ့ဆောင်စည်းရုံးတာတွေကိုပဲ အများဆုံးဦးတည်နေတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။
ပြည်တွင်းမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့လက်ထပ်တာတွေက သိပ်မပြောပလောက်ဘူးလို့ ရွှေညဝါဆရာတော်က ယူဆပါတယ်။
ပြည်ပမှာ “မြန်မာအမျိုးသမီးကောင်းတွေ အတင်းအဓမ္မအနိုင်ကျင့်ခံရတာတွေအပါအဝင် တရုတ်ပြည်ကို လူကုန်ကူး ရောင်းစားခံလိုက်ရတာတွေကိုလည်း ဆောင်ရွက်ဖို့လိုအပ်တယ်”လို့ မိန့်ပါတယ်။
“အခုတော့ ဒီလိုမဟုတ်ဘူးကွာ။ မျက်ကန်းမျိုးချစ်တွေ”လို့ ရွှေညဝါဆရာတော်က ပြောဆိုပါတယ်။
ရွှေညဝါဆရာတော်လိုပဲ သီတဂူဆရာတော် ဦးဉာဏိဿရလည်း မ.ဘ.သစတင်ဖွဲ့စည်းစဉ်တုန်းက ပါဝင်ခဲ့ပါသေးတယ်။ ဗဟိုကော်မတီအဖွဲ့မှာ ပါဝင်ခဲ့တာပါ။ နောက်ပိုင်းကာလတွေမှာတော့ မ.ဘ.သအဖွဲ့မှာ သီတဂူဆရာတော်ကြီး ပါဝင်မှု ရှိခြင်း မရှိခြင်းနဲ့ပတ်သက်လို့ အငြင်းပွားမှုတစ်ချို့ပင် ဖြစ်ခဲ့ပါသေးတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး မ.ဘ.သအပေါ် သီတဂူဆရာတော်ကြီးရဲ့အမြင်ကို သိရှိနိုင်ဖို့ မော်ကွန်းကဆက်သွယ်ပေမယ့် ဆရာတော်ကြီးကို ဆက်သွယ်လို့ မရခဲ့ပါဘူး။ သီတဂူမှ ကျန်တဲ့ဆရာတော်တွေကလည်း သီတဂူဆရာတော်ကြီးရဲ့ ညွန်ကြားမိန့်မရတဲ့အတွက် အင်တာဗျူးလက်မခံပါဘူးလို့ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခဒေါက်တာအရှင်ကောဝိဒသိရီက မိန့်ပါတယ်။
နှစ်နှစ်အတွင်း မ.ဘ.သ ဘာတွေလုပ်ဆောင်ခဲ့လဲ ဆိုတာကို အခုကြည့်ကြရအောင်ပါ။
မ.ဘ.သ ဘာတွေလုပ်ခဲ့လဲ
အွန်လိုင်းလူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook ကို အသုံးပြုပြီး လူထုနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေလည်း ဖောက်ထားတဲ့ မ.ဘ.သဟာ နှစ်နှစ်အတွင်းမှာ သဘောထားကြောငြာချက်အများအပြားကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်တွေထဲမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကိစ္စတော်တော်များများကို ကန့်ကွက်ဆန္ဒပြတာ၊ သဘောထားကြေငြာချက်ထုတ်ပြန်တာတွေ များစွာလုပ်ခဲ့တာကို တွေ့ရပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဘင်္ဂလီလူမျိုးတွေကို ရိုဟင်ဂျာလို့ နိုင်ငံတကာက ခေါ်ဝေါ်သုံးစွဲနေမှုအပေါ် ကန့်ကွက်ဆန္ဒပြတာတွေ ပါပါတယ်။
ဒါ့အပြင် လောက်ကိုင်စစ်ပွဲ၊ ပညာရေးဥပဒေကို ကျောင်းသားတွေဆန္ဒပြမှု၊ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးမှု၊ ဆီးရီးယားနိုင်ငံနှင့် အီရတ်မြောက်ပိုင်းရှိ ISIS အဖွဲ့တွေရဲ့ ဘာသာရေးအစွန်းရောက်လုပ်ရပ် စတာတွေနဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်ကြေငြာချက်တို့ လုပ်ခဲ့တာကို တွေ့ရပါတယ်။
မ.ဘ.သ (ဗဟို)ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ကတော့ မြန်မာနိုင်ငံရဲ့ အဓိကအထွတ်အမြတ်ထားကြတဲ့ ရွှေတိဂုံစေတီပုံကို မလေးရှားနိုင်ငံထုတ် Song Singha အရက်ပုလင်းတွေမှာ တံဆိပ်ကပ်ရောင်းချတာတွေနဲ့ပတ်သက်ပြီး ဧပြီ ၂၂ ရက်က ကန့်ကွက်ရှုတ်ချခဲ့တာပါပဲ။
ကြေငြာချက်တွေထဲမှာ မ.ဘ.သအဖွဲ့ကို စွပ်စွဲပြောဆိုနေခြင်းနဲ့ ဝေဖန်မှုပြုလုပ်ခြင်းတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ထုတ်ပြန်ချက်တွေလည်း ပါပါတယ်။
မ.ဘ.သအဖွဲ့က နောက်ထပ် လိုက်လံဆောင်ရွက်ပေးတဲ့လုပ်ငန်းတစ်ခုက ဘာသာခြားတွေရဲ့ အဓမ္မပြုကျင့်ခြင်းခံရတဲ့ မိန်းကလေးတွေ၊ အသက်မပြည့်သေးဘဲ အိမ်ထောင်ပြုခံရတဲ့ မိန်းကလေးတွေအနေနဲ့ သက်ဆိုင်ရာမှာ အမှုဖွင့်ချင်တယ်ဆိုရင် အမှုဖွင့်နိုင်အောင် လိုက်လံဆောင်ရွက်ပေးတဲ့ အလုပ်ဖြစ်တယ်လို့ မ.ဘ.သ (ရန်ကုန်တိုင်းဒေသကြီး) ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။
ဦးပါမောက္ခကို မော်ကွန်းက တွေ့ဆုံမေးမြန်းတဲ့နေ့က ဆရာတော်ဟာ အမှုတစ်ခုကို လိုက်ပါဖွင့်ပေးခဲ့ရတယ်လို့ မိန့်ပါတယ်။
ဖြစ်စဉ်က ဒီလိုပါ။ အသက် ၁၅ နှစ်အရွယ် ဗုဒ္ဓဘာသာမိန်းကလေးတစ်ယောက်ဟာ ဘာသာခြားတစ်ယောက်နဲ့ ခိုးရာလိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ လိုက်သွားတုန်းက ဘာသာခြားအမျိုးသားက ဗုဒ္ဓဘာသာကိုကူးပြောင်းမယ်လို့ဆိုပေမယ့် ဘာသာခြားရွာရောက်သွားတဲ့အခါမှာ သူ့ရဲ့ဘာသာကိုပဲ မိန်းကလေးကို လိုက်ပါပြောင်းလဲရမယ် ဆိုလာတာကြောင့် ပြဿနာဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် မိန်းကလေးမှာ အသက်မပြည့်သေးတဲ့အတွက် တရားနည်းလမ်းနဲ့အညီ အရေုးယူပေးဖို့ “ကိုယ့်အမျိုးသားရေးဘက်ကနေ အမှုဖွင့်ပေးရတယ်”လို့ ဆရာတော်ဦးပါမောက္ခက မိန့်ပါတယ်။
ဘာသာတူ လူမျိုးတူတွေဖြစ်တဲ့ အမှုတွေကိုတော့ လိုက်ပါဆောင်ရွက်ပေးခြင်းမရှိဘဲ ဘာသာခြားနဲ့ပတ်သက်တဲ့ အမှုကိစ္စတွေမှသာ လိုက်ပါကူညီဆောင်ရွက်ပေးတယ်လို့ မ.ဘ.သ အဖွဲ့ ဦးဆောင်ဆရာတော်တွေက ဆိုပါတယ်။
မ.ဘ.သတည်ထောင်ခဲ့တဲ့နှစ်နှစ်အတွင်း ၎င်းကဲ့သို့ အမှုပေါင်း မည်မျှရှိတယ်ဆိုတာကို မော်ကွန်းက စာရင်းမှတ်တမ်းများ တောင်းဆိုသော်လည်း စာရင်းအတိအကျမရှိခဲ့ပါဘူး။
မ.ဘ.သရဲ့ အကြီးမားဆုံးလှုပ်ရှားမှု
နှစ်နှစ်အတွင်း မ.ဘ.သ လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်ချက်တွေထဲမှာ ယနေ့အထိ အငြင်းပွားဖွယ်အဖြစ်ဆုံးနှင့် အကြီးမားဆုံးလှုပ်ရှားမှုကတော့ အမျိုးစောင့်ဥပဒေရေးဆွဲအတည်ပြုရေးလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆောင်ရွက်နေကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ အဓိကစိုးရိမ်တာက မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်ဦးရေ များပြားလာပြီး တစ်ချိန်မှာ ဗုဒ္ဓဘာသာနိုင်ငံကနေ အစ္စလာမ်နိုင်ငံ ဖြစ်သွားမှာကိုပါ။
အင်ဒိုနီးရှား၊ မလေးရှား၊ အာဖဂန်နစ္စတန်နိုင်ငံတွေဟာ တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားရာ နေရာတွေဖြစ်ခဲ့ပေမယ့် နောက်ပိုင်း အစ္စလာမ်ဘာသာဝင်ဦးရေ များပြားလာတဲ့အချိန်မှာ အစ္စလာမ်မစ်နိုင်ငံတွေ ဖြစ်ကုန်တာတွေဟာ ဘာသာသာသနာစောင့်ထိန်းရေးလုပ်ဆောင်နေတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေအတွက် ထိတ်လှန့်စရာ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။
ဒါကြောင့်လည်း မ.ဘ.သ အဖွဲ့ စတင်ဖွဲ့စည်းကတည်းက အမျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ရေးဟာ မ.ဘ.သရဲ့ အဓိကရည်မှန်းချက်တစ်ခု ဖြစ်လာခဲ့တာပါ။
“မွတ်ဆလင်တွေကို လက်ခံလိုက်တာနဲ့ မွတ်ဆလင်ဦးရေပွားများလာတာတွေကို သင်္ခန်းစာယူဖို့အတွက် သမိုင်းသုတေသနဆိုတာရှိတယ်။ အမြဲတမ်းဆောင်ရွက်နေမှာပါ”လို့ ဦးဝီရသူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာစတဲ့ ဘာသာကြီးတွေအပြင် နတ်ကိုးကွယ်တဲ့သူတွေပါ ပေါင်းလိုက်မယ်ဆိုရင် ကိုးကွယ်တဲ့ ဘာသာ ငါးခုရှိပါတယ်။ ဒီအထဲကမှ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာတွေမှာ အမျိုးစောင့်ဥပဒေတွေ အသီးသီးရှိပြီး ဗုဒ္ဓဘာာသာမှာ ဗုဒ္ဓဘာသာအမျိုးသမီးတွေကို ကာကွယ်ပေးမယ့် တိကျတဲ့ဥပဒေမရှိတဲ့အတွက် အမျိုးစောင့်ဥပဒေပြဋ္ဌာန်းဖို့ တောင်းဆိုရခြင်းဖြစ်တယ်လို့ မ.ဘ.သအဖွဲ့ရဲ့ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးပါမောက္ခက မိန့်ပါတယ်။
“ဗုဒ္ဓဘာသာအမျိုးသမီးတွေကိုလည်း တစ်ခြားဘာသာကြီးသုံးခုနည်းတူ တန်းတူအခွင့်အရေးရစေချင်လို့ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းရခြင်းဖြစ်တယ်”လို့ ဆရာတော်ဦးပါမောက္ခက ဆက်လက်မိန့်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဘာသာကြီးသုံးခုမှာ အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေလို့ဆိုရာမှာ အဲဒီဥပဒေတွေက ကိုးကွယ်ရာဘာသာရဲ့ ဓလေ့ထုံးတမ်းတွေသာဖြစ်ပြီး ဥပဒေတစ်ခုအနေနဲ့ မရှိဘူးလို့ ဆိုပါတယ်။
“လင်မယားကိစ္စတို့၊ အမွေဆက်ခံကိစ္စတို့မှာသာ ဒီဓလေ့ထုံးတမ်းက အသက်ဝင်တာပါ။ ပြစ်ဒဏ်ပေးလို့မရပါဘူး။ လင်မယားကိစ္စ၊ အမွေဆက်ခံတဲ့ကိစ္စတို့မှာကလည်း နှစ်ဖက်သောပုဂ္ဂိုလ်တွေ ဘာသာတူမှ ဘာသာရေးဓလေ့ထုံးတမ်းနှင့် ဆုံးဖြတ်ပေးလို့ရတယ်”
“မတူညီရင်တော့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေနဲ့ ပတ်သက်ရင်တော့ အထူးဥပဒေရှိတဲ့အတွက် အထူးဥပဒေအရ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအရ ဆောင်ရွက်ရမှာဖြစ်ပါတယ်”လို့ ဦးရောဘတ်စန်းအောင်က ရှင်းပြပါတယ်။
မည်သို့ပင်ဆိုစေ မ.ဘ.သကတော့ သူတို့တင်တဲ့ အမျိုးစောင့်ဥပဒေ လေးရပ်ကို ပြဋ္ဌာန်းပေးဖို့ကို တောင်းဆိုခဲ့ပါပြီ။
အဲဒီဥပဒေလေးရပ်ကတော့ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်ဆိုင်ရာဥပဒေကြမ်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ ဖြစ်ပါတယ်။
ယခုအချိန်မှာတော့ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမားရေးစောင့်ရှောက်မှုဥပဒေကြမ်းနှင့် မြန်မာဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားခြင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ကတော့ လွှတ်တော်မှာ အတည်မပြုရသေးပါဘူး။
အမျိုးစောင့်ဥပဒေတွေဟာ နိုင်ငံအတွင်း ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေ အထူးသဖြင့် ဘာသာကူးပြောင်းခွင့်နှင့် လက်ထပ်ထိမ်းမြားခွင့်တွေကို ခွဲခြားမှုတွေဖြစ်စေသလို နိုင်ငံတကာရဲ့ ဘာသာရေးလွတ်လပ်ခွင့်သတ်မှတ်ချက်တွေကို ချိုးဖောက်ရာရောက်နေတယ်လို့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်က ဝေဖန်ရှုံ့ချမှုတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုးဆယ်ကျော်ကလည်း အမျိုးစောင့်ဥပဒေကို လက်မှတ်ရေးထိုးကန့်ကွက်ခဲ့တာတွေ ရှိပါတယ်။ ၎င်းကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်းတွေကို စကိုင်းနှင့် လားရှိုး မ.ဘ.သအဖွဲ့တွေက အမျိုးသားသစ္စာဖောက်အဖြစ် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ မ.ဘ.သ (ဗဟို)ကတော့ အဲဒါနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမရှိဘူးလို့ မ.ဘ.သ (ဗဟို) သုတေသနနှင့် သမိုင်းမှတ်တမ်းဌာနအဖွဲ့ဝင် ဦးအောင်မြိုင်က ဆိုပါတယ်။
အမျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်လာရင် အမြင်အမျိုးမျိုးနဲ့ မတူကွဲပြားတာတွေဟာ များစွာရှိပါတယ်။ လူ့အခွင့်အရေးပညာပေးမှုတွေ လုပ်ဆောင်နေတဲ့ Equality Myanmar ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးမင်းကတော့ အမျိုးစောင့်ဥပဒေအပေါ်မှာ အခုလို ရှုမြင်သုံးသပ်ပါတယ်။
“အမျိုးသမီးတွေကို ကာကွယ်ပေးမယ်ဆိုရင် ဗုဒ္ဓဘာသာအမျိုးသမီးတွေအပြင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံက အမျိုးသမီတွေရဲ့ အကြမ်းဖက်ခံရခြင်း၊ အတင်းအကြပ်ဘာသာကူးပြောင်းစေခြင်း၊ ဘာသာမကူးပြောင်းလို့ နှိပ်စက်တာတွေကိုပါ ကာကွယ်ပေးတဲ့ အားလုံးနဲ့သက်ဆိုင်တဲ့ ဥပဒေမျိုးဖြစ်သင့်တယ်”လို့ ဆိုပါတယ်။
လူတိုင်းကသာ ကိုယ့်လူမျိုးနှင့် ကိုယ့်ဘာသာကိုပဲ ကာကွယ်နေမယ်ဆိုတဲ့ စိတ်ဓာတ် လွန်ကဲသွားမယ်ဆိုပါက တစ်ခြားလူမျိုးတွေရဲ့ ဘဝတွေ ခံစားချက်တွေကို အသိအမှတ်မပြုရာရောက်သွားနိုင်တယ်။ ပြီးတဲ့အခါ သံဃာတွေအနေနဲ့ နေရာတိုင်းမှာသာ ပါဝင်နေမယ်ဆိုရင် အစိုးရအုပ်ချုပ်တာမဟုတ်ဘဲနဲ့ သာသနာပိုင်တွေကပဲ အုပ်ချုပ်ခဲ့တဲ့ အင်္ဂလန်က သက်ဦးဆံပိုင်စနစ်လိုပုံစံမျိုး ပြန်ဖြစ်သွားနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
မ.ဘ.သအဖွဲ့အနေနဲ့ အမျိုးစောင့်ဥပဒေကို ဆောင်ရွက်တဲ့အခါ လူ့အခွင့်အရေးနှင့် ကိုက်ညီမှုမရှိတဲ့အပိုင်းတွေကို လာရောက်ဆွေးနွေးအကြံပေးဖို့ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနှင့် အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ခဲ့သော်လည်း ဥပဒေစတင်ဆောင်ရွက်ချိန်က အမျိုးသမီးအဖွဲ့အစည်းတွေသာ လာရောက်ဆွေးနွေးခဲ့ပြီး နောက်ပိုင်းမှာ လာရောက်ဆွေးနွေးတာမရှိတော့ဘူးလို့ မ.ဘ.သ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဒေါက်တာအရှင်သောပါက က မိန့်ကြားပါတယ်။
မ.ဘ.သအဖွဲ့က လုပ်ငန်းဆောင်ရွက်တဲ့အခါ တံခါးပိတ်ဆောင်ရွက်နေတာမျိုးမဟုတ်ဘဲ တံခါးဖွင့်ဆောင်ရွက်ခြင်းသာဖြစ်ပြီး လူ့အခွင့်အရေးနှင့် အမျိုးသမီးဥပဒေတွေနှင့် ငြိစွန်းနေရင် ကြိုက်တဲ့အချိန်မှာ လာဆွေးနွေးနိုင်တယ်လို့ ဒေါက်တာအရှင်သောပါက က မိန့်ပါတယ်။
“ဘေးကနေ အပြစ်ပြောနေမယ့်အစား ဒီအချက် ဒီအချက်တွေ ငြိစွန်းနေတယ်။ ဒါလေးကတော့ ဒီလိုလေးလုပ်လိုက်ရင်မကောင်းဘူးလား ဆိုတဲ့ အကြံပေးမှုတွေနဲ့ လာပြီးတော့ဆွေးနွေးမယ်ဆိုရင် တို့ကဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီးတော့ သူအကြံကောင်းရင် လက်ခံသွားမယ်”လို့ ဒေါက်တာအရှင်သောပါက က ဆက်လက်မိန့်ပါတယ်။
တွေ့ဆုံဆွေးနွေးတယ်ဆိုရာမှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဆွေးနွေးကြတာဟာ ကောင်းမွန်တဲ့အလေ့အထဖြစ်ပေမယ့် တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားမှုနှင့် တွေ့ဆုံဆွေးနွေးဖို့လိုအပ်သလို လုံခြုံမှုရှိဖို့လည်း လိုအပ်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဦးအောင်မျိုးမင်းက သူ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။
“ကျွန်တော်တို့မှာ တွေ့တောင်မတွေ့ရသေးဘူး။ ကျွန်တော်တို့အပေါ်မှာ အမျိုးဘာသာ သာသနာကို မစောင့်ရှောက်တဲ့သူဆိုပြီး ကြွေးကြော်ခြိမ်းခြောက်တာ စာနယ်ဇင်းတွေမှာ ရေးသားနေတာတွေကို ကြုံတွေ့နေရသမျှကာလပတ်လုံး တွေ့ဆုံဆွေးနွေးမှုက အကျိုးပြုမှာမဟုတ်ဘဲနဲ့ ပိုပြီးတော့ ပဋိပက္ခတွေ ပေါများစရာဖြစ်တယ်”
မော်ကွန်းမဂ္ဂဇင်းက အရပ်ဖက်လူ့အဖွဲ့အစည်းမှ အမျိုးသမီးနှစ်ဦးကိုမေးမြန်းရာမှာ တစ်ဦးက မ.ဘ.သနဲ့ပတ်သက်ပြီး ဘာမှမပြောချင်းဘူးလို့ ပြန်လည်ဖြေကြားခဲ့သလို နောက်တစ်ဦးကလည်း ဒီအဖွဲ့အစည်းဟာ ရှိနေစရာမလိုဘူးလို့ ထင်တဲ့အတွက်လည်း ဘာမှတ်ချက်မှမပြောလိုဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေအနေနဲ့ ဘာသာခြား လူမျိုးခြားတွေနဲ့ လက်ထပ်ရတဲ့အဓိကအကြောင်းရင်းဟာ စီးပွားဥစ္စာဆင်းရဲခြင်း ဆင်းရဲတဲ့အတွက် အသိဉာဏ်ပညာ ဗဟုသုတနည်းပါးခြင်း အသိဉာဏ်ပညာနည်းပါးတဲ့အတွက် လူတောသူတောထဲ မတိုးရဲခြင်းဆိုတဲ့အချက်တွေကို အဓိကအခြေခံတယ်လို့ ရွှေညဝါဆရာတော်က မှတ်ချက်ပြုပါတယ်။
“ဘာသာခြား လူမျိုးခြားက အဲဒီအားနည်ချက်ကို အမြဲချောင်းနေတာ အဲဒါတွေကို ဘယ်လိုကာကွယ်နိုင်မလဲ အဲဒါတွေကို ကာကွယ်ဖို့လုပ်တာက ဥပဒေထက်မကောင်းဘူးလား”လို့ ရွှေညဝါဆရာတော်က မေးခွန်းထုတ်လိုက်ပါတယ်။
မူယစ်ဆေးဝါးရောင်းဝယ်ခြင်းနဲ့ပတ်သက်လို့ တင်းကြပ်တဲ့ထောင်ဒဏ် သေဒဏ်တွေနဲ့ ဥပဒေတွေကို ပြဋ္ဌာန်းထားပေမယ့် မိသားစုအတွင်း ဆင်းရဲမွဲတေမှုဒဏ်ကို ရင်ဆိုလာရတဲ့အခါမှာ မည်သည့်အပြစ်ဒဏ်ကိုမှ မကြောက်တော့ဘဲ ကျူးလွန်သူတွေရှိကြတာကြောင့် ဥပဒေဟာ ပြဋ္ဌာန်းထားပေမယ့် မလိုက်နာရင် အလကားဘဲလို့ ဆရာတော်က ယူဆပါတယ်။
“စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ ပျောက်ကွယ်စရာအကြောင်းမရှိသလို သာသနာလည်း ပျောက်ကွယ်စရာအကြောင်းမရှိဘူ”လို့ ရွှေညဝါဆရာတော် ဆက်လက်မိန့်ပါတယ်။
အထက်ပါအယူအဆကို မ.ဘ.သ အဖွဲ့ အထက်မြန်မာပြည် ဦးဆောင်ဆရာတော်ဖြစ်တဲ့ ဦးဝီရသူက အခုလို ချေပပါတယ်။
“ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ ဆင်းရဲလို့ ဘာသာခြား လူမျိုးခြားတွေကို လက်ထပ်တယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ဖွံ့ဖြိုးတဲ့အထိ ထိုင်စောင့်နေမှာလား။ ငါးဆယ်ရာခိုင်နှုန်းချမ်းသာအောင် ထိုင်စောင့်နေရမှာလား။ ဆင်းရဲတဲ့သူတွေကိုကာကွယ်ဖို့ ဥပဒေမလိုဘူးလား။ အဲဒါအတွက် ကျုပ်တို့က အလုပ်လုပ်နေရတာ”
ဘယ်သူတွေက ဘယ်လောက်ပဲကန့်ကွက်နေပေမယ့် စတင်ဖွဲ့စည်းကတည်းက ပြင်ဆင်ခဲ့တဲ့အမျိုးစောင့်ဥပဒေကိုတော့ ပြဋ္ဌာန်းဖြစ်အောင် မဖြစ်မနေ ကြိုးစားသွားမယ်လို့ မ.ဘ.သ ဦဆောင်ဆရာတော်တွေက မိန့်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)