Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပုခတ်နှင့် သေနတ်”

$
0
0


မိန်းကလေး...
မင်းရဲ့ ခြေဖဝါးနုနုလေးတွေဟာ
စာသင်ကျောင်းခန်းမထဲက ကော်ဇောနီတွေနဲ့သာ ထိုက်တန်တာပါ မိန်းကလေး။
မိန်းကလေး...
မင်းရဲ့ လက်ဖဝါးနုနုလေးတွေဟာ
နိုင်ငံသားကောင်း ရင်သွေးငယ်လေးများအတွက် ပုခတ်လွဲဖို့သာ သင့်တော်တာပါ မိန်းကလေး။
မိန်းကလေး...
မင်းရဲ့ နှုတ်ခမ်းပါးပါးလေးဟာ
သာယာနာပျော်ဖွယ် ပုံပြင်တေးတွေ သီဆိုနေဖို့သာ ကောင်းမွန်တာပါ မိန်းကလေး။
မိန်းကလေး...
မင်းရဲ့ နွေးထွေးတဲ့ရင်ခွင်ကျယ်ကြီးဟာ
ရင်သွေးငယ်တွေ လုံခြုံရေးအတွက်သာ အသုံးပြုသင့်တာပါ မိန်းကလေး။
အခုတော့
မင်းဘဝနှင့် မင်းအလှ
မြင်ရတာ စိတ်မချမ်းသာစရာ။
ခရောင်းလမ်းကို ဖြတ်
စစ်သေနတ်ကို ကိုင်
ကျောက်စိုင် ကျောက်တုံးကို ရင်ဝယ်ထားလို့
စစ်ထွက်မိန့်ခွန်းချွေနေပြီကော။
ဂုဏ်ယူပါတယ် မိန်းကလေး။
တကယ်တော့ မင်းဟာ
မင်းမျိုးဆက်အနာဂတ်အတွက်
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့
အဓမ္မဝါဒီ ချေမှုန်းရေး
အသက်သွေးချွေး စတေးဝံ့သူပါပဲ။
ဂုဏ်ယူပါတယ် မိန်းကလေး
မင်းဟာ ငါ့နှမဖြစ်ရင်တောင်
ငါဟာ မင်းအစ်ကိုဖြစ်တဲ့အကြောင်း
ကမ္ဘာကြီးကို ကြေငြာမောင်းခတ်မိနေမှာပါ။
“တူရကီစစ်မျက်နှာပြင်မှ ကဒ်အမျိုးသမီးစစ်သည်တော်လေးဟာ
ကျုပ်နှမအရင်းပါဗျ” လို့။

ဝီရသူ (မစိုးရိမ်)
8.5.2015, AM.


“အခက်ထန်ဆုံးစစ်မြေပြင်တွင် အရက်စက်ဆုံးရန်သူကို ကြံ့ကြံ့ခံတွန်းလှန်နေသည့် ကာဒ်စစ်သမီးများ”
===========================================================
ဇွဲရဲဝင့်
မွတ်ဆလင်ဓလေ့ထုံးစံအရ အမျိုးသမီးများ လက်နက်ကိုင်ဆောင်ပြီး အမျိုးသားများနှင့် ရင်ပေါင်တန်းစစ်တိုက်နေခြင်းမျိုးကို ကျပ်ကျပ်တည်းတည်း ကန့်သတ်တားမြစ်မည်သာ ဖြစ်သည်။ သို့သော်လည်း အဆိုပါအခြေအနေသည် ကာ့ဒ်အမျိုးသမီးစစ်မှုထမ်းများအတွက်မူ ချွင်းချက်ဟု ဆိုနိုင်သည်။ အရွယ်ကောင်းကာ့ဒ်အမျိုးသမီးများစွာတို့သည် အစ္စလာမ်မစ်နိုင်ငံတော် (ISIS)တပ်ဖွဲ့များကို စစ်ခင်းနေသည်။ မိမိတို့၏ မျိုးနွယ်စုစစ်တပ်များတွင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်နေကြပြီး အချို့ဆိုလျှင် တပ်ဖွဲ့အလိုက် ဦးစီးမှူးများအဖြစ်ပါ တာဝန်ယူခွင့်ရရှိထားကြသည်။
တူရကီအရှေ့တောင်ပိုင်း ဆီးရီးယားမြောက်ပိုင်း အီရတ်မြောက်ပိုင်းနှင့် အီရန်အနောက်ပိုင်းဒေသများတွင် ကာ့ဒ်မျိုးနွယ်များ ဖြန့်ကြက်နေထိုင်ကြသည်။ ကာ့ဒ်တို့တွင် ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်ဓလေ့ထုံစံများ သီးခြားရှိနေပြီး အဆိုပါဒေသတစ်ခုလုံးကို ကာဒစ်စတန်ဟု ဖြန့်ကြက်ခေါ်ဝေါ်ကြသည်။ ကာ့ဒ်တို့သည် အခြားသော အာရပ်အနွယ်များနှင့် အငြင်းပွားမှုအချို့ ရှိခဲ့သည့်တိုင် သာမန်အားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရန် လိုလားလေ့ရှိသည်။ သို့သော်လည်း ထိုအခြေအနေသည် အိုင်အက်စ် တို့အင်အားကောင်းလာပြီး ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအမြောက်အများကို သိမ်ပိုက်လိုက်ချိန်တွင် ပျက်ပြားသွားတော့သည်။
ရက်စက်ကြမ်းကြုတ်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အိုင်အက်စ်တို့သည် ကာ့ဒ်အနွယ်များကို အကြီးအကျယ်ခြိမ်းခြောက်လာသည်။ ဆီရီယားပိုင်နက်ထဲရှိ ကိုဘာနီမြို့နှင့် ကာဒစ်ကျေးရွာတစ်ရာကျော်ကို အိုင်အက်စ်တို့က သိမ်ပိုက်လိုက်ချိန်တွင် ကာ့ဒ်မျိုးနွယ်များအနေဖြင့် စစ်ပွဲကိုရှောင်၍မရတော့ချေ။ ကာ့ဒ်တို့သည် အီရတ်အစိုးရစစ်တပ်နှင့်ပူပေါင်းပြီး အိုင်အက်စ်တို့ကို တွန်းလှန်ခဲ့ပြီး ကာ့ဒ်အမျိုးသမီးအများအပြားသည်လည်း နုနယ်သောပုံရိပ်ကို ဖယ်ခွာကာ ရှေ့တန်းစစ်မျက်နှာရောက် ကျားကျားလျားလျားစစ်သမီးများအဖြစ် ပြောင်းလဲခံယူခဲ့ကြသည်။
အသက်(၁၉)နှစ်အရွယ်ရှိ ဒိုင်လာနှင့် သူငယ်ချင်းအချို့သည် စစ်တပ်ထဲဝင်ရောက်အမှုထမ်းပြီး အိုင်အက်စ်တို့ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးသွားသည် ကာ့ဒ်လူမျိုး ကျောင်းဆရာမတစ်ဦး၏အကြောင်းကို ကြားသိသွားသည်။ အဆိုပါဆရာမအတွက် အလွန်လေးစားဂုဏ်ယူသွားသည့် ဒိုင်လာတို့အဖွဲ့သည် ဆီးရီးယားကာ့ဒ်စစ်တပ်၏ အမျိုးသမီးသီးသန့်တပ်စိတ်တွင် ပါဝင်ရန် ချက်ချင်းစာရင်းပေးသွင်းခဲ့သည်။
တူရကီနယ်ခြားရှိ ရက်စ်အယ်လ်အန်းမြို့တွင် အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွများနှင့် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ရာဒိုင်လာသည် ရှေ့တန်းမှ ရဲရဲရင့်ရင့် ပါဝင်ခဲ့သည်။ ကံအားလျှော်စွာ ဒိုင်လာတစ်ယောက် ဒဏ်ရာမရခဲ့ချေ။ ၎င်းတပ်မခွင့်ရပြီး နေရပ်သို့ပြန်လာချိန်တွင် သူရဲကောင်းတစ်ဦးအဖြစ် ကြိုဆိုခြင်းခံခဲ့ရသည်။ နောက်ပိုင်းတွင် ဒိုင်လာသည် ကိုဘာနီမြို့ကို ပြန်လည်သိမ်းယူသည့်တိုက်ပွဲလည်း ပါဝင်ခဲ့သည်။ “သေနတ်ကို ကိုင်စွဲပြီး ရွာထဲကိုလမ်းလျှောက်ဝင်သွားတဲ့အခါ ယောက်ျားတော်တော်များများက မျက်နှာလွဲသွားတယ်။ ကျွန်မရဲ့ရဲရင့်မှုအတွက် သူတို့ကိုသူတို့ ပြန်ရှက်သွားတတ်တယ်လေ”ဟု ဒိုင်လာကဆိုသည်။ ၎င်းက မိမိ၏ မျိုးရိုးအမည်ကို ထုတ်ဖော်ပြောဆိုရန်မူ ငြင်းဆိုခဲ့သည်။
ကာ့ဒ်အမျိုးသမီးစစ်သမီးများသည် အစောပိုင်းကရန်သူသတင်းကို ကင်ထောက်ရန် ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်ရန်နှင့် စစ်မြေပြင်သူနာပြုများအဖြစ် တာဝန်ပေးခံခဲ့ရလေ့ရှိသည်။ သို့သော်လည်း ၂၀၁၄ နှစ်လယ်ပိုင်းမှစပြီး အိုင်အက်စ်တို့ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေသည့် ကာ့ဒ်အမျိုးသမီးများ၏ သူရဲကောင်းပုံပြင်များသည် ဆီးရီးယားနှင့် အီရတ်တို့တွင် လျင်လျင်မြန်မြန် ပျံ့နှံ့လာခဲ့သည်။
အသက် ၂၇ နှစ်အရွယ်ရှိ ကာ့ဒ်စစ်သမီး ဘာရီတန်က အိုင်အက်စ်တို့သည် အမျိုးသမီးစစ်သားများကို မုန်းတီးကြောက်ရွံ့လေ့ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။
“ရှင်က အမျိုးသမီးတစ်ယောက်ဖြစ်နေပြီဆိုရင် ရိုင်ဖယ်သေနတ်ကိုဆွဲပြီး ထွက်တိုက်ပါ။ အဲ့ဒီအကြမ်းဖက်သမားတွေကို ရင်ဆိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်ထားပါ။ ရှင့်အနေနဲ့ သူတို့ကိုမသတ်နိုင်ဘူးဆိုရင်တောင် သူတို့ကို စိတ်ခြောက်ခြားသွားအောင် လုပ်နိုင်ပါလိမ့်မယ်။”ဟု ၎င်းကဆိုသည်။
လက်ဖြောင့်ခြင်းသည် ဘာရီတန်၏ တိမ်မြုပ်နေသော ပါရမီတစ်ခုဖြစ်သည်။ အဆိုပါ ပါရမီသည် စစ်ပွဲကာလတွင် ထင်ထင်ရှားရှားထွက်ပေါ်လာသည်။ ၎င်းသည် ကာ့ဒ်တပ်ဖွဲ့များအတွက် အားထားရသည့် စနိုက်ပါလက်ဖြောင့်တပ်သားတစ်ဦး ဖြစ်လာခဲ့သည်။
“ကျွန်မက စနိုက်ပါတစ်ယောက်ပါ။ နောက်ဆုံးစစ်ဆင်ရေးမှာ အိုင်အက်စ်အဖွဲ့သားသုံးယောက်ကို ကျွန်မပစ်သတ်ခဲ့တယ်။ ကျွန်မလက်ချက်နှင့် တစ်ယောက်ဒဏ်ရာရသွားတယ်လေ”ဟု ၎င်းက ဂုဏ်ယူစွာဖြင့် ဆိုသည်။ ၎င်းသည် တောင်ကုန်းတစ်ခုပေါ်တွင် မတ်တပ်ရပ်ရင်း ကိုက်လေးရာမျှအကွာရှိ ရွာတစ်ရွာသို့ မျက်နှမူကာ အမေရိကန်သတင်းထောက် မာတင်ဟီလ်မာ၏ မေးခွန်းများကို ဖြေကြားနေခြင်းဖြစ်သည်။ ဟီလ်မာသည် ကာ့ဒ်စစ်သမီးများ၏ဘဝကို မှတ်တမ်းတင်ရန် ဆီးရီးယားသို့ရောက်ရှိနေခြင်း ဖြစ်သည်။ အိုင်အက်စ်တို့က အမေရိကန်သတင်းထောက်အတွက် ဆုငွေ ဒေါ်လာ ရှစ်သောင်းထုတ်ပြန်ထားရာ အဆိုပါနေရာတစ်ဝိုက်ကို လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားရသည်။
“အဲ့ဒီဘက်ရွာတွေကိုကြည့်စမ်းပါ။ အိုင်အက်စ်ကကောင်တွေ ထိန်းချုပ်ထားတာလေ။ ဒါပေမယ့် ကျွန်မတို့စစ်ဆင်ရေးစလိုက်တာနဲ့ ကျွန်မတို့လက်အောက် ပြန်ရောက်လာစေရမယ်။ ဒါကို တကယ်ဘဲ အလေးအနက်ယုံကြည်ထားတယ်”ဟု ၎င်းကဆိုသည်။
ဘာရီတန်က ဆက်လက်၍ “အိုင်အက်စ်စစ်သွေးကြွတွေက စစ်ပွဲမှာ သူတို့သေသွားရင် ကောင်းကင်ပေါ်မှာ အပျိုစင် ၇၂ ယောက်နှင့် ခံစားးရမယ်လို့ ယုံကြည်ကြတယ်။ ဒါပေမယ့် အမျိုးသမီးတိုက်ခိုက်ရေးသမားတစ်ယောက်လက်မှာ သေခဲ့ရင်တော့ ငရဲကိုတိုက်ရိုက်ရောက်သွားမယ်လို့ သူတို့ကထင်နေတယ်လေ။ တစ်နည်းအားဖြင့်ပြောရရင် မိန်းမတစ်ယောက်သတ်တာခံရရင် သေချာပေါက် ငရဲလားမယ့်သဘောမျိုး သူတို့စိတ်ထဲမှာတွေးထားတယ်။ အဲ့ဒီတော့ ကျွန်မတို့ကို သူတို့က ရွံကြောက်ကြီ ဖြစ်နေတတ်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။
တစ်ဖက်တွင် ကာ့ဒ်စစ်ဦးစီးများက အမျိုးသမီးစစ်သည်များကို ရည်ရွယ်ချက်ရှိရှိအသုံးချနေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။ စစ်ဝတ်စုံနှင့် အမျိုးသမီးများ၏ပုံရိပ်က အနောက်နိုင်ငံမီဒီယာများကို ကောင်းစွာဆွဲဆောင်နိုင်ပြီး တစ်ကမ္ဘာလုံးက ကာ့ဒ်တပ်ဖွဲ့များကို ပိုမိုလေးစားထောက်ခံလာရန် စစ်ဦးစီးများက အကွက်ချစီမံနေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်ခဲ့သည်။
ဘာရီတန်ကမူ အဆိုပါသုံးသပ်ချက်များအပေါ် အမှန်အမှားခွဲခြားရန် စိတ်မဝင်စားဟု ဆိုသည်။
“ကျွန်မစစ်တိုက်နေတာဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ။ ပြီးတော့ အမျိုးသမီးထုတစ်ခုလုံးကို တတ်စွမ်းသရွေ့ ကာကွယ်ဖို့ပါပဲ။ နောက်တစ်ချက်က အခြခံအားဖြင့် ကာ့ဒ်တွေဟာ ဒီမိုကရေစီနည်းလမ်းကျကျ ကျင့်သုံးမှုတွေရှိတယ်။ အမျိုးသမီးတစ်ယောက် ခေါင်းဆောင်းခြုံထားဖို့ဆိုတာက မလုပ်မဖြစ်လုပ်ရမယ့်ကိစ္စမျိုးမဟုတ်ဘူး။ အရမ်းတင်းကြပ်တဲ့ အစ္စလာမ်မစ်စည်းမျဉ်းမျိုးတွေနဲ့ ကြပ်မတ်ထားတာမျိုးလည်း မရှိဘူးလေ။ ဒီတော့ အမျိုးသမီးတွေ စစ်ဝတ်စုံ ဘောင်းဘီဝတ်လို့လည်း ဘယ်သူကမှ အပြစ်တင်နေမှာမဟုတ်ဘူး”ဟု ၎င်းကမှတ်ချက်ပြုသည်။
၎င်းက အမျိုးသမီးစစ်သည်များကို ကြောက်ရွံ့မုန်းတီးသည့် အိုင်အက်စ်တို့၏ပင်ကိုစရိုက်က ကာ့ဒ်စစ်သမီးများအတွက် စိတ်ဓာတ်ခွန်အားတစ်ရပ်လည်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
“သူတို့နှင့် တိုက်ခိုက်ရတိုင်း ကျွန်မဘက်ကအားသာချက်ရှိသလိုခံစားရတယ်။ ပိုပြီးသန်မာလာတယ်။ အားကောင်းလာတယ်ဆိုတဲ့ ခံစားချက်မျိုးပေါ်လာတယ်။ သူတို့ရဲ့ အရိုးစွဲယုံကြည်မှုအရ မိန်းမတစ်ယောက်သတ်ဖြတ်တာ ခံရမှာကို အရမ်းကြောက်တယ်လေ။ ဒါကြောင့် ကျွန်မတို့ကိုမြင်ရင် အိုင်အက်စ်တွေက ထိပ်တိုက်ရင်ဆိုင်ဖို့ထက် ထွက်ပြေးဖို့ ပိုပြီးစိတ်စောနေတတ်ကြပါတယ်”ဟု ဘာရီတန်က ရယ်ရယ်မောမောပြောကြားသွားသည်။ 


Viewing all articles
Browse latest Browse all 2129

Trending Articles