၁။ ဧရာဝတီတိုင်းဒေသကြီး ကျွဲ/နွား ဇီဝိတဒါန အသက်ကယ်ကုသိုလ်တော်အဖွဲ့သည် (၁/၂၀၁၅) သဘောထားထုတ်ပြန်ချက်ဖြင့် အချက်(၄)ချက် ထုတ်ပြန်ကြေငြာခဲ့ပါသည်။
၂။ ထိုသဘောထားထုတ်ပြန်ကြေငြာချက် (၁)အရ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကိုထေရ အပါ (၇)ဦးတို့အား မတရားဖမ်းဆီးချုပ်နှောင်ခြင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
၃။ ထိုသို့ဆွေးနွေးညှိနှိုင်းမှုတွင် အမှန်တရားအတိုင်းဆောင်ရွက်ခြင်းမရှိပါက ဧရာဝတီတိုင်းဒေသကြီး တစ်တိုင်းလုံးအနေဖြင့် ပုသိမ်မြို့၌ဆန္ဒထုတ်ဖော်သွားမည်ဟု ကြေငြာချက် (၂)ကိုလည်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။
၎။ (၆.၅.၂၀၁၅)ရက်နေ့ နေ့လည် ၃ နာရီ ၃၀ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ရဲမင်းကြီးတို့နှင့် ကျုံပျော်မြို့ ကျွဲ/နွား ဇီဝိတဒါန အသက်ကယ်ကုသိုလ်တော်အဖွဲ့ ဥက္ကဋ္ဌ၊ ကျုံပျော်မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ဆရာတော် ဘဒ္ဒန္တပါမောက္ခ၊ ဆရာတော် ဘဒ္ဒန္တအင်္ကုရ၊ မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့တို့ အပြန်အလှန် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမှန်တရားအတိုင်း အမြန်ဆုံး ပြန်လည်စိစစ် ဆောင်ရွက်ပေးမည်ဟု သဘောတူညီချက် ရရှိခဲ့ပါသည်။
၅။ သို့ပါ၍ (၇.၅.၂၀၁၅)ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်မည့် ဆန္ဒထုတ်ဖော်ပွဲကို ခေတ္တဆိုင်းငံ့ပြီး စောင့်ကြည့်ကာလအဖြစ် (၁၀)ရက်သတ်မှတ်ကာ ထူးခြားမှုမရှိပါက ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးရှိ ကျွဲ/နွား ဇီဝိတဒါန အသက်ကယ်ကုသိုလ်တော်အဖွဲ့နှင့် မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးကြသူများ အမှန်တရာအတွက် တိုက်ပွဲဝင်လိုသူများအား လေးစားစွာ သတင်းထုတ်ပြန်အပ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး
ကျွဲ/နွား ဇီဝိတဒါန အသက်ကယ်ကုသိုလ်တော်အဖွဲ့