“အမျိုးသားရေးဝါဒီဆရာတော်၏ ဝံသာနုဓမ္မဒူတခရီးစဉ် (ရှမ်း/တောင်)”
မန္တလေးမြို့၊ မဟာအောင်မြေမြိုနယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်)သည် ရှမ်းပြည်နယ်တောင်ပိုင်းသို့ရောက်ရှိ၍ အမျိုးသားရေးတရားတော်များ ဟောကြားခဲ့ကြောင်း သိရသည်။
မ.ဘ.သ (ဗဟို) ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် အရှင်ဝီရသူသည် ရှမ်းပြည်တောင်ပိုင်းသို့ တတိယအကြိမ်မြောက် ကြွရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တို့၌တောင်ကြီး၊ ကလော၊ နောင်တရား၊ အောင်ပန်းတို့သို့ ကြွရောက်ခဲ့ဖူးကြောင်း သိရသည်။
ယခုတတိယအကြိမ်ခရီးစဉ်သည် ၂၀၁၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ခြောက်ရက်ကြာခရီးစဉ်ဖြစ်သည်။ တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်၊ ရပ်စောက်မြို့နယ် စူဠာမုနိကုသိုလ်တော်ဘုရား၊ ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာတို့၌လည်းကောင်း၊ ပင်းတယမြိုနယ် ပွေးလှစံပြကျေးရွာ၊ ကလောမြို့နယ် မွေတော်ပအိုဝ့်ရွာနှင့် မကွေရွာ၊ ရွာငံမြို့နယ် မြင်းကျဒိုးရွာနှင့် ကျုံးရွာ၊ ကလောမြို့၊ အောင်ပန်းမြို့တို့၌လည်းကောင်း မနက်ပွဲ၊ နေ့ပွဲ၊ ဆည်းဆာပွဲ၊ ညပွဲများတွင် အမျိုးသားရေးတရားတော်များ ဟောကြားခဲ့ကြောင်း သိရသည်။
ဝံသာနုဓမ္မကထိကဆရာတော် အရှင်ဝီရသူ (မစိုးရိမ်)သည် ခရီးစဉ်တစ်လျောက်ရှိ ဒေသခံ မ.ဘ.သ အဖွဲ့များ၊ ဆရာတော် သံဃာတော်များ၊ ရွာသူရွာသားများက ရိုးရာစည်တော်များ၊ ဆိုင်းဘုတ်များ၊ လက်ကိုင်ပိုစတာများ၊ ပန်းအိုးပန်းစည်းများဖြင့် လှိုက်လှဲပျူငှာ ကြိုဆိုကြကြောင်း သိရသည်။
အမျိုးသားရေး ဓမ္မဒူတခရီးစဉ် ခြောက်ရက်တာကာလအတွင်း အစည်းအဝေးများကျင်းပခြင်း၊ သြဝါဒတရားဟောကြားခြင်း၊ သြဝါဒခံယူခြင်း၊ ဘုရားဖူးခြင်း၊ အန္တရာယ်ရှိသောဒေသများကို ကွင်းဆင်းလေ့လာခြင်း၊ အကြံဉာဏ်များ၊ လမ်းညွန်ချက်များ ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ခြောက်ရက်တာခရီးစဉ်၌အထူးခြားဆုံးအစီအစဉ်မှာ စောင့်လေမျိုးနွယ် ဖြစ်ရပ်မှန်ဇာတ်လမ်းပြသရာ၌ထိရောက်သော အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ပြီး စီဒီချပ်များ ကူးမလောက်အောင် ပေါက်မြောက်အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။
(လကျွန်းပြန် ဘသောင်း)