၂၀၁၅ ခုနှစ် မတ်လ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နန်းရာကိုင်းရွာကို ရောက်ခဲ့ပါတယ်။
တောင်ပြိုလက်ဝဲမြို့သစ်မှ အတော်လေးသွားရပါတယ်။ လမ်းကြမ်းလွန်းလို့ အတူပါလာတဲ့ အချို့ကားတွေ တောင် လမ်းမှာကျန်ရစ်ခဲ့ပါတယ်။ ရှေ့ဆက်မောင်းလို့ မရတော့တာကြောင့်ပါ။ နန်းရာကိုင်းရွာထိ ကားမောင်းလို့ မရပါဘူး။ နေပူကြီးထဲမှာလမ်းလျှောက်သွားရတာဖြစ်ပါတယ်။
နန်းရာကိုင်းရွာဆိုတာ တောင်ပေါ်ရွာလေးတစ်ခုပါ။ မြိုလူမျိုးတွေနေထိုင်ရာ တိုင်းရင်းသားရွာလေး ဖြစ်ပါတယ်။ နယ်ခံအိမ်ထောင်စု(၄၆)စု၊ ဘင်္ဂလားဒေ့ရှ်မှ ပြောင်းရွှေ့လာတဲ့ ပြည်တော်ပြန်ဆွေမျိုးများ အိမ်ထောင်စုက(၅၁) စု နေထိုင်ကြပါတယ်။
ဘင်္ဂလားပြန် အိမ်ထောင်စု(၅၁)စုမှာလူဦးရေ(၂၆၀)ရှိပါတယ်။ သူတို့တတွေ ပြန်လာတာ တစ်နှစ်တိတိ ရှိပါပြီ။ သူတို့ထဲက ဦးဈေးကောင်း အမည်ရှိ အမျိုးသားတစ်ယောက်က ဗမာစကား ပြောတတ်နေပါပြီ။
ဦးဈေးကောင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင်(ရွာတော်ခရိုင်)၊ အလယ်ခေါင်တောင်မြို့နယ်၊ ဘရောင်နီရွာမှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။ ဘရောင်နီရွာမှာ အိမ်ခြေ နှစ်ဆယ်ရှိပါတယ်။ ပြန်လာရခြင်းရဲ့ အကြောင်းရင်းကတော့ စားဝတ်နေရေးခက်ခဲလို့ပါပဲ။ အဲဒါလည်း မိုးခေါင်လို့ ရေကြီးလို့ စတဲ့ သဘာဝဘေးရန် တွေကြောင့် ခက်ခဲတာမဟုတ်ဘဲ ထွန်ယက်စိုက်ပျိုးလို့ရရဲ့သားနဲ့ တန်ရာတန်ကြေးမပေးဘဲ ဈေးနှိမ်ကြတာ ကြောင့်ပဲ ဖြစ်ပါတယ်။
နနွင်း၊ ဆန်၊ နှမ်းတွေ ကိုယ်ကရောင်းတော့ ဈေးနည်းနည်းလေးပဲ ရရှိပါတယ်။ ဥပမာ စပါးတစ်တင်းငါးထောင်နဲ့ သွင်းရချိန်မှာ မြိုလူမျိုးတွေကိုတော့ စပါးတစ်တင်း ငါးရာကျပ်နဲ့ပဲ ကောက်ကြတာပါ။
ဘင်္ဂလီအချင်းချင်းဆို ငါးဆယ်နှင့်ရောင်းတဲ့ပစ္စည်းကို မြိုလူမျိုးတွေလာဝ်တဲ့အခါ တစ်ရာပေးဝယ်ရပါတယ်။ ပဲဆီ တစ်လီတာရောင်းဈေး ၂၅ ဒါကာရှိပေမယ့် မြိုတွေကိုတော့ ဒါကာ ၅၀ ဈေးနဲ့ ရောင်းကြပါတယ်။ ဆန်တို့ ငရုပ်ဆီ အခုလိုပဲ မတန်တစ်ဆ ဈေးကြီးပေးဝဝ်ရတာ ဖြစ်ပါတယ်။
ကိုယ်ကရောင်းရင် ဈေးနှိမ်ခံရပြီး၊ ကိုယ်ကဝယ်ရင် ဈေးကြီးကြီးပေးဝယ်ရပါတယ်။
အဲဒီလို စီးပွားရေးအရ တိုက်ခိုက်ကြတာမျိုးဟာ 2012 ခုနှစ်၊ အောက်တိုဘာလ၊ ကော့ဘဇားဒေသ၊ ပန်းဝါရာမူးခရိုင် ဗုဒ္ဓဘာသာဝင်တွေ အကြမ်းဖက်အဖျက်ဆီးခံရပြီးချိန်မှ စပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဘရောင်နီရွာမြိုလူမျိုးတွေ ရခိုင်ပြည်ကို ပြန်လာကြတဲ့အရေအတွက်ဟာ အိမ်ထောင်စု တစ်ဆယ့် လေးငါးစု ရှိပြီးဖြစ်ပါတယ်။ ဘင်္ဂလားမှာ လေးငါးအိမ်ပဲ ကျန်ခဲ့ပါတော့တယ်။ သူတို့တတွေလည်း မကြာမီပြန်လာကြတော့မှာ ဖြစ်ပါတယ်။ ဒီကိုပြန်လာဖို့ အခြေအနေအခွင့်အလမ်းမသာသေးလို့ လောလော ဆယ် မလာနိုင်သေးတာဖြစ်ပါတယ်။
မြိုလူမျိုးတွေ ဘင်္ဂလားမှာ စားဝတ်နေရေးခက်ခဲကြတာဟာ ဈေးနှိမ်ခံရတာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တောင်ယာတွေ အသိမ်းခံရတာကြောင့်လည်း ဖြစ်ပါတယ်။ မြိုလူမျိုးတွေဟာ ရွှေ့ပြောင်းတောင် ယာတွေ စိုက်ပျိုးကြပါတယ်။ ရွှေပြောင်းစိုက်ပျိုးရင်း မူလတောင်ယာဟောင်းကို ပြန်ရောက်တဲ့အခါ ဘင်္ဂလီတွေက တောင်ယာတွေကို အပိုင်သိမ်းပစ်လိုက်ကြတာနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။ ဒီလိုနဲ့ စိုက်ပျိုးနေကျ တောင်ယာတွေ နည်းနည်းသွားပြီး စိုက်ပျိုးစရာမြေမရှိတော့တဲ့အခြေအနေအထိ ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလိုနဲ့ အာဟာရချို့တဲ့လို့ သေခဲ့ရတဲ့ ကလေးငယ်တွေလည်း တော်တော်များများရှိလာခဲ့ပါတယ်။ မိသားစုတစ်စု မှာ ကလေးတစ်ယောက်စနှစ်ယောက်စ သေကြတာမျိုးကြုံခဲ့ရတာဖြစ်ပါတယ်။ မိုးတွင်းမှာဆို စိုက်ပျိုးရ အတော်ခက်ခဲတာကြောင့် ပိန်းဥတွေမျောက်ဥတွေ ရှာဖွေစားသောက်ရတဲ့အထိ စားနပ်ရိက္ခာ ပြတ်လပ်ကုန် ကြတာဖြစ်ပါတယ်။ ပိန်းဥတွေ မျောက်ဥတွေရှာဖွေစားသောက်ရတာတောင် လုံလောက်အောင် ရှာမရခဲ့လို့ ဗိုက်မဝကြပါဘူး။
ဘရောင်နီရွာသူတွေတစ်ခုကံကောင်းတာက မုဒိမ်းကျင့်ခံရတာမျိုး သတ်ဖြတ်ခံရတာမျိုး မကြုံရလို့ပဲ ဖြစ်ပါတယ်။ ဘာသာတရားလုပ်တာကို လာရောက်တားမြစ်တာမျိုး တစ်ခါမှ မကြုံခဲ့ရတာဟာလည်း ကံကောင်း ခြင်းတစ်မျိုး ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။
ဦးဈေးကောင်းပြောပြီးတဲ့အခါ အဖိုးကြီးလို့ ထင်ရပေမယ့် အသက်ကတော့ ၅၆ နှစ်ပဲ ရှိပါသေးတယ်။
ဈေးကအနှိမ်ခံရ၊ တောင်ယာက အသိမ်းခံရတော့ မျိုးစေ့ဝယ်ဖို့ ငွေချေးတဲ့အခါကျတော့လည်း အတိုးက ဆတူပေးရတာပါ။ တစ်ရာချေးရင် နှစ်ရာပြန်ဆပ်ရပါတယ်။ မဆပ်နိုင်တဲ့သူတွေ တောင်ယာတွေ လယ်မြေအသိမ်းခံရပါတော့တယ်။ ဒီလို အကြွေးနှင့် မြေသိမ်းတာတွေကို ရွာနီးနားရှိ ဈေးဆိုင်ပိုင်ရှင် မူဆလင် (ဘင်္ဂလီ)တွေက ပြုလုပ်ကြတာ ဖြစ်ပါတယ်။
သြော်.........
အမျိုးတွေ အမျိုးတွေ
မငိုတတ်တော့လည်း ခံရပေတာပေါ့။
ကူမည့်သူ ကယ်မည့်သူမရှိတဲ့ဘဝမျိုးနဲ့
ဘယ်သူမှမသိအောင် ကြိမ်မှိတ်ခံစားနေရတာမျိုးလားဗျာ။
ဝီရသူ(မစိုးရိမ်)