စာရေးသူကား မိမိဘဝတစ်ခုလုံးကို သီရိလင်္ကာရောက်ခိုက် ဗောဓုဗလစေနအဖွဲ့ထံ အပ်နှံခဲ့ပါသည်။ သူတို့အစီအစဉ်အတိုင်းပင် ထားရာနေ စေရာသွား လိုက်နာခဲ့ပါသည်။ ထို့ကြောင့် တစ်နေ့တာအစီအစဉ်များကို ကြိုတင်သိရှိထားခြင်း မရှိပါ။
သီရိလင်္ကာရောက်ခိုက် ဆားငွေ့လေ (ဆားငွေ့ပါသောပင်လယ်လေ)ရှုရှိုက်ချင်၍ ဗျူးပွိုင့်သွားလိုစိတ်ရှိကြောင်း၊ အချိန်မရတော့၍ နောက်တစ်ခေါက်မှ သွားတော့မည်ဖြစ်ကြောင်း ပြောလိုက်ရာ စကားဆုံးအောင် ဘာသာမပြန်ဆိုလိုက်ရဘဲ ဗျူးပွိုင့်သို့ ချက်ချင်းလိုက်ပို့ကြပါသည်။
ကန့်သတ်ဧရိယာကိုလည်း ဝင်ရောက်ကြပါသည်။ လုံခြုံရေးများပါ၍ ဝင်ထွက်ခွင့်ရခြင်း ဖြစ်ပါသည်။ မိုးဖွဲဖွဲလေးများ ကျနေပါသည်။ ကားပေါ်မှ မဆင်းရဲပါ။ ကားပေါ်မှာပင် ပင်လယ်လေကို အငမ်းမရ ရှုရှိုက်လိုက်ပါရပါသည်။ ပင်လယ်ကြီးက လှိုင်းထန်နေပါသည်။ လှိုင်းလုံးများကိ အားမာန်အပြည်နှင့် ကျောက်ဆောင်များကို တိုက်စားဖြိုဖျက်နေပါသည်။ ပင်လယ်အော်သံသည် ဒေါသသံဖြစ်နေသော်လည်း နားဝင်ချိုပါသည်။ နားထောင်၍ကောင်းပါသည်။ ဒေါသကြီးသူကို ဒေါသကြီးတတ်မှန်းသိထားလျှင် ဒေါသကြီးနေပုံကပင် ချစ်စရာတစ်မျိုးကောင်းနေတတ်ပါသည်။ စိတ်တိုနေသူကို စိတ်တိုတတ်မှန်းသိထားလျှင် စိတ်တိုနေသည်ကပင် ကြည့်၍ကောင်းနေတတ်ပါသည်။ ပင်လယ်ကြီးလည်း ဤသို့ဖြစ်မည် ထင်ပါသည်။ ဒေါသကြီးသော ပင်လယ်ကြီးကို ချစ်နေမိပါသည်။ ညအချိန်မတော်ကြီးဖြစ်နေ၍ ခဏသာနေလိုက်ရပါသည်။ သီရိလင်္ကာမှ အပြန်ခရီးတွင် ပင်လယ်ကြီးကို လွမ်းမိမည်မှာ အမှန်ပင်။
ဗုဒ္ဓယဉ်ကျေးမှုစင်တာသို့ ပြန်ရောက်ပြီးမကြာမီတွင် ဗောဓုဗလစေနရုံးခန်းသို့ သွားရပါသည်။ ဘာသာပြန်သူ၊ စာရေးသူ၊ အရှင်ဉာဏစာရမထေရ်နှင့် အရာရှိတစ်ယောက်သာ ရှိပါသည်။ ထိုအရာရှိကြီးက စာရေးသူအား ဂါရဝပြု ဦးခိုက်ရှိခိုးပြီး သေတ္တာအသေးလေးလှူပါသည်။ ပြီးမှ သူ့ကိုယ်သူမိတ်ဆက်ပါသည်။ အစိုးရအကြီးအကဲတစ်ယောက်ဖြစ်ပါသည်။ စာရေးသူကို စောင့်ကြည့်နေခဲ့ကြောင်း၊ ကမ္ဘာကြီးထင်ထားသလို အကြမ်းဖက်သမားဟုတ်မဟုတ် သိလိုခြင်းကြောင့် ဖြစ်ကြောင်း၊ စာရေးသူမိန့်ခွန်းအနှစ်သာရရှိကြောင်း၊ အစွန်းရောက်ခြင်း၊ အကြမ်းဖက်ခြင်းများ မပါဝင်ကြောင်း၊ ထိုသို့ သိရှိ၍သာ လာရောက်ဖူးမြော်ရဲခြင်းဖြစ်ကြောင်း ရှင်ပြနေပါသည်။
၎င်းနောက် ကျေးဇူးအထူးတင်ရှိကြောင်း၊ ယခုလို သံဃာငါးထောင်တက်ရောက်သည့် သံဃာ့အစည်းအဝေးမျိုး မည်သည့်ခေတ်မှာမှ မဖြစ်မြောက်ခဲ့ဖူးကြောင်း၊ စာရေးသူကြွရောက်သည်ကို ဂုဏ်ယူမိကြောင်း လျှောက်ထားကာ သမ္မတကြီး နိုင်ငံခြားခရီိးစဉ်နှင့် တိုက်ဆိုင်နေ၍ တွေ့ခွင့်မရသည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း တောင်းပန်ရှာပါသည်။
စာရေးသူကလည်း သမ္မတကြီးကို ကျေးဇူးတင်ကြောင်း၊ မွတ်ဆလင်တွေကန့်ကွက်နေသည့်ကြားမှ စာရေးသူကို လက်ခံရဲသည့် ဘာသာ သာသနာအပေါ်ထားသည့်စိတ်ထားကို လေးစားမိကြောင်း ပြောပြခဲ့သည်။
အဆိုပါအရာရှိက အကြံဉာဏ်ပြုလိုက ပြုနိုင်ကြောင်း လျှောက်ထားသည့်အခါ စာရေးသူက “ဒကာကြီးရော၊ အရှင်ဉာဏစာရမထေရ်ပါ အလေးအနက်ထား လိုက်နာကြပါ။ ဦးဇင်းပြန်သွားရင် မွတ်ဆလင်တွေက ပြဿနာဖန်တီးကြလိမ့်မမယ်။ သူတို့ဆင်တဲ့ခွင်ထဲ မဝင်မိစေနဲ့။ ပြဿနာဖန်တီးသူကိုသာ ဖော်ထုတ် အရေးယူနိုင်အောင်ကြိုးစားပါ။ ဥပဒေမဲ့ တုန့်ပြန်တာမျိုး မလုပ်မိပါစေနဲ့။ အကြမ်းပတမ်းတုန့်ပြန်မိရင် ၉၆၉ရော BBS ပါ အသရေဖျက်ခံရတော့မှာ။ ဒါကို သတိကြီးကြီးထား ကိုင်တွယ်ပါ။”ဟု ပြောခဲ့ပါသည်။ မန္တလေးဂျီဟဒ်အဖြစ်အပျက်ကို သက်သေထူလိုက်ပါသည်။ အားလုံးသဘောပေါက်သွားကြပါသည်။
အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါသည်။ လူကြီးလူငယ် ကလေးငယ်ပါမကျန် အားလုံးပျော်ရွှင်နေကြပါသည်။ ဟိုတယ်ဝန်ထမ်းများလည်း အလုအယက်တိုးဝှေ့၍ ဓာတ်ပုံတွဲရိုက်ကြပါသည်။ ချက်ပြုတ်နေကြသည့် ဝန်ထမ်းများပင် အပြေးအလွှားဓာတ်ပုံတွဲရိုက်ကြသည်ကို တွေ့ရပါသည်။ သီရိလင်္ကာတွင် အင်တာနက်သုံးသူမှန်သမျှ ဝီရသူကို သိသည်ဟု ဆိုပါသည်။
ရှေးဟောင်းနှောင်းဖြစ်များပြောကောင်းဆဲ ဝမ်းမြောက်ဝမ်းသာနှုတ်ဆက်ကြဆဲပင် သာသနာရေးဌာနမှ အကြီးအကဲတစ်ယောက် ရောက်လာပါသည်။ အခန်းထဲမှာ သီသန့်စကားပြောနေကြပါသည်။ လူကမည်းသော်လည်း အသဲကဖြူသူများကိုပြပါဆိုလျှင် လင်္ကာသူ လင်္ကာသားကို ပြရမည်ဖြစ်သည်။ အရေပြားအမည်းအညိုများပေါ်တွင် အဖြူရောင်ဝတ်စုံများ ကျနသေသပ်စွာ လွှမ်းခြုံထားသည်မှာ မြင်ရသူအဖို့ ကြည်နူးဖွယ်အတိ ဖြစ်နေပါသည်။
အဆိုပါသာသနာရေးရာဒကာကြီးအား လင်္ကာသူ လင်္ကာသားများ၊ ဗုဒ္ဓကိုယုံကြည်မှုက မြန်မာတွေထက် ပိုလေးနက်ကြောင်း၊ ခေတ်ရေစီးကြောင်း အတိုက်အစားအခံရခြင်းကြောင့် ဝတ်စားဆင်ယင်ပုံ၊ ယဉ်ကျေးမှုအပြည့်အဝရှိနေသေးကြောင်း၊ မည်သည့်လူမျိုးမဆို မိမိဘာသာ မိမိသာသနာ မိမိယဉ်ကျေးမှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ အစိုးရတိုင်းမှာ တာဝန်ရှိကြောင်း၊ ခေတ်အဆက်ဆက်မှ သီရိလင်္ကာအစိုးရများကို လေးစားမိကြောင်း ပြောပြသည့်အခါ ထိုဒကာကြီးက လက်အုပ်ချီမပြတ် အလေးအနက်နားထောင်နေသည်ကို တွေ့ရပေသည်။
ည ၁၀း၀၀ နာရီတွင် လေဆိပ်သို့ သွားကြပါသည်။ BBS အဖွဲ့က လိုလေသေးမရှိ မှာကြားထားပါသည်။ အရှင်ဉာဏစာရမထေရ်က ဒေါ်လာ သုံးရာလှူပါသည်။ ကျောင်းသားနှစ်ယောက်အားလည်း ဒေါ်လာ တစ်ရာစီ လှူပါသည်။ ဓာတ်ပုံတွဲရိုက်စဉ် အရှင်ဉာဏစာရက သူ့ကိုယ်သူ သီဟိုဠ်ဝီရသူဟု ခံယူထားကြောင်း ပြောပြနေပါသည်။ ဂုဏ်ယူမဆုံး ဖြစ်နေပါသည်။
ထိုင်းမှာနေသော ဦးပညာသာမိက စာရေးသူကို မြန်မာပြည်အထိလာကြိုပြီး မြန်မာပြည်အထိ လိုက်ပို့ဖို့ရည်ရွယ်ထားပါသည်။ စာရေးသူက အားနာ၍ ဘန်ကောက်မှာပင် နေခဲ့စေလိုကြောင်း၊ မြန်မာပြည်အထိလိုက်လာပြီးမှ ထိုင်းကိုပြန်သွားမည်ဆိုလျှင် ငွေကုန်လူပန်းဖြစ်နေမည်ကို မကြည့်ရက်ကြောင်း ပြောပြသည့်အခါ နေခဲ့မည်ဟု ဆိုပါသည်။ မူလအစီအစဉ်အတိုင်း လက်မှတ်လေးစောင်စာနှင့် လက်ဆောင်ပစ္စည်းများသယ်သူစရိတ်(တန်ဆာခ)ပို၍ဆောင်လိုက်ရပါသည်။ အကြေအလည်ပြောပြီးမှ ဒေါ်လာနှစ်ရာကျော် ဆောင်လိုက်ရခြင်း ဖြစ်ပါသည်။
သီရိလင်္ကာလေဆိပ်မှာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူရှိပါသည်။ ဉာဏ်တော်အလွန်မြင့်မားသော ရုပ်ပွားတော်ဖြစ်ပါသည်။ လင်္ကာသားတို့၏ သဒ္ဓါတရားအတိမ်အနက်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ နိုင်ငံခြားသားမှန်သမျှ ရုပ်ပွားတော်ကို တွေ့မြင်နေရသည်မှာ မမြင်ချင်အဆုံးပင် ဖြစ်ပါသည်။ ဧည့်သည်များကို ဘုရားဖြင့်ကြိုသောလင်္ကာသားများ ဖြစ်ပါသည်။
လေဆိပ်ရောက်လျှင် အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူဖို့စိတ်ကူးခဲ့သော်လည်း မဝယ်ဖြစ်ခဲ့ပါ။ တန်ဆာခအခွန်ဆောင်ဖို့ကိစ္စ ဟိုဌာန၊ ဒီဌာနသွားနေရ၍လည်းကောင်း၊ ဟိုကတ္တား၊ ဒီကတ္တာချိန်သွယ်နေရ၍လည်းကောင်း အချိန်ကုန်သွားသောကြောင့် ဖြစ်ပါသည်။
ည ၁၀း၀၀ နာရီကျော်မှ လေယဉ်ထွက်ပါသည်။ မဟာသမယပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်လျက် လိုက်လာခဲ့ပါသည်။ သုံးနာရီကျော် လေးနာရီခန့် လေယဉ်စီးရပါသည်။ ဘန်ကောက်လေဆိပ်ရောက်သည့်အခါ ဦးပညာသာမိက အစစအရာရာ လိုက်ပြပေးပါသည်။ ရန်ကုန်မှ ဘန်ကောက်သို့ရောက်သည့်နေ့မှာ သွားတိုက်ဆေးဘူးလွှင့်ပစ်ခံရသည့် စစ်ဆေးရေးဌာနသို့ ပြန်ရောက်ပါသည်။ စာရေးသူမှာ မျက်မှန်ဘူးပင်ပါမလာ၍ စစ်ဆေးရေးဂိတ်ဖြတ်ရသည်မှာ အခက်အခဲမရှိတော့ပါ။
စစ်ဆေးရေးဂိတ်မှာ ပစ္စည်းတစ်ခု ထပ်မိပါသည်။ ဗလိပ်ဓားဖြစ်ပါသည်။ ခေါင်းရိတ်ဖို့ဝယ်ထားသည့် တစ်ခါသုံးဗလိပ်ဓားများ ဖြစ်ပါသည်။ နှစ်ချောင်းသုံးချောင်းခန့်တော့ရှိပါသည်။ ဘူးခွံလေးလည်းပါပါသည်။ ပြလျက်ပြော၊ ပြောလျက်ပြကာ ပြောပြောဆိုဆိုပင် အမှိုက်ပုံးထဲလွှင့်ပစ်လိုက်သည်ကို တွေ့ရပါသည်။
စာရေးသူသာခံရသည်မဟုတ်ပါ။ ကျောင်းသားအောင်ကိုဝင်းလည်း ခံလိုက်ရပါသည်။ ခေါင်းလိမ်းဆီဘူး အသိမ်းခံလိုက်ရပါသည်။ မျက်နှာလိမ်းသည့် Cream (ကရင်မ်)တစ်ဘူးလည်း အသိမ်းခံလိုက်ရပါသည်။ ပြပြပြောပြောပင် အမှိုက်ပုံထဲ လွှင့်ပစ်လိုက်ခြင်း ဖြစ်ပါသည်။
သွားတိုက်ဆေးဘူးအသိမ်းခံလိုက်ရချိန်မှစ၍ စာရေးသူ၏စိတ်ထဲ၌ လူ့ခွင့်အရေးနှင့် လုံခြုံရေးအကြောင်း စဉ်းစားလာခဲ့ပါသည်။ လူ့အခွင့်အရေးသည် ခရီးသည်တစ်ဦတစ်ယောက်ချင်းစီ၏ ရပိုင်ခွင့်များ ဖြစ်ပါသည်။ သွားတိုက်ဆေးဘူးသယ်ဆောင်ခွင့်သည် စာရေးသူ၏ ကိုယ်ပိုင်လူ့အခွင့်အရေးဖြစ်ပါသည်။ ဗလိပ်ဓားနှင့် ခေါင်းလိမ်းဆီလည်း ထို့အတူပင် ဖြစ်ပါသည်။
အဆိုပါပစ္စည်းများကို သယ်ဆောင်ခွင့်ပေးလိုက်လျှင် သွားတိုက်ဆေးဘူးထဲမှာ ယမ်းပျော့များ ထည့်လာနိုင်ပါသည်။ ဗလိပ်ဓားဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်ပါသည်။ ခေါင်းလိမ်းဆီဘူးက ဖောက်ခွဲရေးအရည်ဘူးဖြစ်သွားနိုင်ပါသည်။ ထိုအခါ လေယဉ်တစ်စီးလုံး အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် လုံခြုံရေးအတွက် လူ့အခွင့်အရေးကိုချိုးဖောက်ပစ်ခြင်း ဖြစ်ပါသည်။ လူ့အခွင့်အရေးထက် လုံခြုံရေးကို ဦးစာပေးခြင်း ဖြစ်ပါသည်။
လူ့အခွင့်အရေးချိုးဖောက်မခံလိုလျှင် ဘန်ကောက်မှ ပြန်လှည့်ရုံသာရှိပါသည်။ ရှေ့ဆက်၍ ခရီးသွားခွင့်ရမည်မဟုတ်ပါ။ ရှေ့ဆက်ခရီးသွားလိုလျှင် လေဆိပ်စည်းကမ်းကို လိုက်နာရမည်ကား အမှန်ပင်ဖြစ်ပါသည်။
လေဆိပ်က လူ့အခွင့်အရေးကို ဂရုစိုက်နေမည်ကားမဟုတ်ပါ။ လေဆိပ်ဝန်ထမ်းများက လူ့အခွင့်အရေးကို ရည်ရွယ်ချက်ရှိစွာ ချိုးဖောက်နေခြင်းမျိုးကားမဟုတ်ပါ။ ခရီးသွားအားလုံး လုံခြုံရေးအတွက်သာ ချိုးဖောက်ရခြင်း ဖြစ်ပါသည်။ ဤသည်ကို စာရေးသူသဘောပေါက်ပါသည်။ ၉/၁၁ အရေးအခင်း သက်သေရှိနေသည်။ အင်္ဂလန်ယမ်းပျော့သက်သေရှိနေသည်။ လေဆိပ်ဝန်ထမ်းများက အထောက်အထားပိုခိုင်နေသည်ကို တွေ့ရပါသည်။
စာရေးသူတို့ တစ်မျိုးသားလုံးလုံခြုံရေးအတွက် အမျိုးစောင့်ဥပဒေကို တောင်းဆိုခဲ့ကြပါသည်။ လူ့အခွင့်အရေးဝါဒီများက အပြင်းအထန်ကန့်ကွက်ကြပါသည်။ ၎င်းတို့သည် လုံခြုံရေးနှင့် လူ့အခွင့်အရေး မည်သည့်အရေးက အရေးကြီးသည်ကို လူ့အခွင့်အရေးဝါဒီများ သိစေလိုပါသည်။
ဘန်ကောက်လေဆိပ်တည်းခိုခန်းမှာပင် နားနေပါသည်။ မြန်မာပြည်မှ အမျိုးသားရေးအင်အားစုများက ကြိုဆိုဖို့ ပြင်ဆင်နေကြပြီဖြစ်ကြောင်း သိရသည်။ မနက်ဖြန် ၁.၁၀.၂၀၁၄ ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီမှာ ရန်ကုန်ရောက်ပါမည်။
စာရေးသူ သီရိလင်္ကာခရီးစဉ်က သတင်းထိမ်းချုပ်ထားပါသည်။ လေဆိပ်လိုက်ပို့သူများပင် ရန်ကုန်သွားမည်ထင်ကြပါသည်။ သို့သော် သီရိလင်္ကလာမွတ်ဆလင်များက သမ္မတအထိစာတင်၍ လက်မခံရေးတောင်းဆိုခြင်း၊ ကြေငြာချက်ထုတ်၍ ကန့်ကွက်ခြင်း၊ ဖေ့ဘွတ်ခ်ပေါ်တင်၍ ဆန့်ကျင်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ သူတို့အသာနေလျှင် စာရေးသူ သီရိလင်္ကာမှ အပြန်ခရီးမှာ ကြိုဆိုမည့်သူပင် ရှိမည်မဟုတ်ပါ။ ယခုမှာမူ အားပြိုင်မှုတစ်ခုဖြစ်သွား၍ ရန်ကုန်မှ မကွေးကျောင်းဆရာတော် ဦးပါမောက္ခအမှူးပြုသော၊ မန္တလေး မ.ဘ.သ အဖွဲ့အမှူးပြုသော အမျိုးသားရေးအင်အားစုများက ကြိုဆိုကြဖို့ စီစဉ်ခဲ့ကြခြင်း ဖြစ်ပါသည်။
မွတ်ဆလင်များသည် စာရေးသူ၏ အတိုက်အခံများ ဖြစ်ပါသည်။ အတိုက်အခံဆိုသည်မှာ ဇာတ်ပို့အဆင့်မျှသာရှိပါသည်။ ဇာတ်ပို့ကောင်းလျှင် ဇာတ်ဆောင်အရောင်တောက်ပါသည်။ ဒေဝဒတ်သာမရှိလျှင် ဘုရားအလောင်းဆိုသည်ပင် ရှိမည်မဟုတ်ပါ။ ဒေဝဒတ်သရုပ်ဆောင်ကောင်း၍သာ ဘုရားအလောင်းတော်ကို ချစ်ခင်ကြခြင်း ဖြစ်ပါသည်။
ဇာတ်ပို့ကောင်းမှ ဇာတ်ဆောင်ကောင်းပေမည်။ ဇာတ်ဆောင်ကောင်းမှ ဇာတ်လမ်းကောင်းမည်။ ဇာတ်ပို့ကောင်းများဖြစ်သော မွတ်ဆလင်အသိုင်းအဝိုင်းအား စာရေးသူအထူးကျေးဇူးတင်နေမိပါသည်။
ဝီရသူ (မစိုးရိမ်)