တောင်ကြီးခရိုင်၊ အောင်ပန်းမြို့၊ မဟာဂန္ဓာရုံကျောင်း၊ မဘသ ဆရာတော် ဦးဣန္ဓာစရိယဦးဆာင်သည့် သဒ္ဓါရှင် မိသားစု ကွန်ရက်က ယဉ်ကျေးလိမ္မာကလေးငယ်များအတွက် ကလေးစာပေနှင့် စာအုပ်ဗီရိုလှူဒါန်းခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ အောင်ပန်းမြို့၊ မိုးကောင်းကျောင်းတိုက်မှာ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
၅၅၀ ဇာတ်တော် ရုပ်ပြစာအုပ်များ၊ ပုံပြတရားစာအုပ်များ၊ ကလေးဉာဏ်စွမ်းစာအုပ်များ၊ ရွှေမောင်းလစဉ်ထုတ် ကာတွန်းစာအုပ်များနှင့် မြန်မာပြည်သူရဲကောင်းများအမည်ရှိ သမိုင်းရုပ်ပြစာအုပ်များပါဝင်ကြောင်း သိရသည်။
မဘသဆရာတော် ဦးဣန္ဓာစရိယဦးဆောင်သော သဒ္ဓါရှင်မိသားစုကွန်ရက်နှင့် ရွှေမင်းသားဦးမောင်မောင်တို့ သည် ယဉ်ကျေးလိမ္မာသင်တန်းသူ/သားများအတွက် ကလေးစာပေနှင့် စာအုပ်ဗီရို လှူဒါန်းသည်မှာ စတုတ္ထအကြိမ်ရှိခဲ့ပြီး၊ လွယ်မယ်ကျောင်း၊ အောင်ချမ်းသာစာသင်တိုက်၊ မြို့မပြင်သာကျောင်းတို့မှာ လှူဒါန်းပြီး ဖြစ်ကြောင်း သိရသည်။
ကလေးများကို ဆရာကသင်ကြားပေးခြင်းထက် ကလေးများကိုယ်တိုင် လေ့လာသင်ယူတတ်စေရန် ရည်ရွယ် လှူဒါန်းခြင်းဖြစ်သည်ဟု ဆိုပါသည်။ စာအုပ်နှင့်ဗီရိုတစ်စုံလျှင် သုံးသိန်းခွဲကျပ်ကုန်ကျပြီး ယဉ်ကျေးလိမ္မာ သင်တန်းပို့ချသော ကျောင်းတိုက်အားလုံး စုံလင်အောင် လှူဒါန်းသွားမည့်အစီအစဉ်ရှိကြောင်းလည်း သိရသည်။
သဒ္ဓါရှင်မိသားစုကွန်ရက်အသက်းဝင်များသည် တစ်လလျှင် တစ်ထောင်ကျပ် လှူဒါန်းကြရပြီး ထိုငွေများဖြင့် တရားပွဲများ၊ ယဉ်ကျေးမှုသင်တန်းများ ကျင်းပကြကာ အသင်းသူ အသင်းသားကျန်းမာရေးအတွက်လည်း ထောက်ပံ့ပေးကြောင်း သိရသည်။