ဘင်ဂျီကာ မတ် ၂၆
အင်ဒိုနီးရှားနိုင်ငံမှ ဘင်ဂျီကာအမည်ရှိ ကျွန်းငယ်တစ်ကျွန်းပေါ်တွင် မြန်မာနိုင်ငံသားအများအပြား လှောင်အိမ်များထဲတွင် ပိတ်လှောင်ဖမ်းဆီးခံထားရပြီး ထိုင်းပင်လယ်စာထုတ်လုပ်ရေးလုပ်ငန်းများအတွက် ကုန်ကြမ်းများ ဖြည့်ဆည်းပေးနေသည့် ငါးဖမ်းလှေများပေါ်၌ ကျေးကျွန်များအဖြစ် အဓမ္မစေခိုင်းခံနေကြ ရကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် အေပီသတင်းဌာန၏ သတင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
လူမှောင်ခို
အရှေ့တောင်အာရှရေလုပ်ငန်းကဏ္ဍအတွင်း ပေါ်ပေါက်နေသည့်ကျေးကျွန်အဖြစ် အဓမ္မစေခိုင်းခံရမှုများနှင့် လူမှောင်ခိုကူးမှုများကို လေ့လာစုံစမ်းနိုင်ရန် အေပီသတင်းအဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ဘယ်ဂျီကာကျွန်းမှသည် ထိုင်းငါးဖမ်းဆိပ်ကမ်းများ ပင်လာစာထုတ်လုပ်ရေး အအေးခန်းစက်ရုံများအထိ တစ်နှစ်ကြာ စွန့်စွန့်စားစားသွားရောက်ကာ အချိန်ယူ၍ သတင်းဖော်ထုတ်ခဲ့ရသည်။
အေပီသတင်းအဖွဲ့သည် ဘင်ဂျီကာကျွန်းပေါ်ရှိ ရေလုပ်ငန်းကျေးကျွန်ဟောင်းများနှင့် လက်ရှိအဓမ္မစေခိုင်းခံနေ ကြရသည့် ကျေးကျွန် ၄၀ ကျော်တို့နှင့် အဆက်အသွယ်ပြုလုပ်နိုင်ခဲ့ပြီး ပင်လယ်စာထုတ်လုပ်ရေး လုပ်ငန်းနယ်ပယ်အတွင်းရှိ ကျေးကျွန်များဘဝကို ဖော်ထုတ်တင်ပြနိုင်ခဲ့သည်။
ဖော်ပြထား
အေပီသတင်းဌာနမှ သတင်းထောက်များတွေ့ဆုံခဲ့သော ဘင်ဂျီကာကျွန်းပေါ်မှ ရေလုပ်ငန်းကျေးကျွန် အများစုမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ငါးနှစ်၊ ၁၀ နှစ်မှသည် နှစ်ပေါင်း ၂၀ မျှအထိ ကျွန်ပြုခံခဲ့ရသူများဖြစ် ကြောင်း အများအပြားမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေတ်ပြောင်းကာလကိုသော်လည်းကောင်း၊ ဗမာမှသည် မြန်မာအဖြစ်သို့ အမည်ပြောင်းသွားခြင်းကိုသော်လည်းကောင်း မသိခဲ့ကြကြောင်း အေပီသတင်းဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခေါ်ဆောင်
အဆိုပါ မြန်မာနိုင်ငံသားများကို ငါးဖမ်းလုပ်ငန်းတွင် အဓမ္မခိုင်းစေရန် ထိုင်းနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ အလုပ်ရှင်များက ခေါ်ဆောင်ခဲ့ကြပြီး မြန်မာအလုပ်သမားများ၏ လုပ်အားဖြင့် ဖမ်းဆီးရသမျှကို ထိုင်းနိုင်ငံသို့ ပြန်လည်တင်ပို့၍ ကမ္ဘာ့ပင်လယ်စာဈေးကွက်သို့ ပြန်လည်တင်သွင်းခြင်းဖြစ်ကြောင်း အေပီသတင်းဌာန၏ သတင်းထုတ်ဖော်ချက်အရ သိရသည်။
နည်းလမ်း
မြန်မာအလုပ်သားများကို ကျေးကျွန်အဖြစ်ခိုင်းစေရာတွင် ပြန်ပေးဆွဲခေါ်ဆောင်ခြင်း၊ မက်လုံးပြအလုပ်များကမ်း လှမ်းခြင်း၊ အကြွေးကျွန်အဖြစ် အဓမ္မသတ်မှတ်ခြင်းစသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြောင်း အေပီသတင်းဌာနထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နားရက်မရှိ
ငါးဖမ်းလှေများပေါ်၌ အလုပ်လုပ်စဉ် ရေယာဉ်မှူးများက အစားအစာကို မသေရုံတမည်သာကျွေးပြီး အဓမ္မခိုင်းစေခဲ့ကြကြောင်း၊ တစ်နေ့လျှင် အလုပ်ချိန်နာရီ ၂၀ မှ ၂၂ နာရီအထိ နားရက်မရှိအလုပ်လုပ်ကြရပြီး အလုပ်နှင့်ပတ်သက်၍ ဆင်ခြေပေးလျှင် သို့မဟုတ် အနားယူရန် ကြိုးပမ်းလျှင် ရိုက်နှက်ကန်ကျောက်ခံရခြင်း၊ လိပ်ကျောက်မြီးကြာပွတ်ဖြင့် အရိုက်ခံရခြင်းများရှိခဲ့ကြောင်း ရေလုပ်ငန်းကျေးကျွန်ဘဝရောက်နေသော မြန်မာနိုင်ငံသားများက ပြောဆိုသည်။
ယင်းအပြင် ငါးဖမ်းလုပ်ငန်းကျေးကျွန်များအဖြစ် ခိုင်းစေခံရသူများသေဆုံးခဲ့လျှင် ရှေးယခင်က ငါးဖမ်းလှေ ခေါင်းဆောင်များသည် အလောင်းများကို ပင်လယ်ထဲပစ်ချ၍ ငါးမန်းစာကျွေးတတ်ကြောင်း၊ သို့ရာတွင် သင်္ဘော အဝင်အထွက် လူအရေအတွက် မူလရှိမြဲအတိုင်းရှိရန် အာဏာပိုင်များနှင့် ကုမ္ပဏီများ၏ တောင်းဆိုမှုကြောင့် နောက်ပိုင်းတွင် ရုပ်အလောင်းများကို ပင်လယ်ထဲမပစ်တော့ဘဲ ငါးများနှင့်အတူ သင်္ဘောအအေးခန်းအတွင်း ထည့်၍ ပြန်လည်သယ်ဆောင်ပေးခဲ့ကြကြောင်း ကိုလှမြိုးအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးက ပြောကြားသည်။
အဓမ္မစေခိုင်း
အမေရိကန်များနှင့် ဥရောပသားများအနေဖြင့် ငါးဟင်းလျာစားရချိန်တွင် မိမိတို့ကို သတိရသင့်ကြောင်း၊ ပင်လယ်စာဈေးကွက်အတွက် အသက်ပေးခဲ့ရသူ အဓမ္မစေခိုင်းခံ အလုပ်သမားတို့၏ အရိုးများကို စုလိုက်လျှင် ကျွန်းတစ်ကျွန်းတည်ဆောက်၍ ရနိုင်ကြောင်း ဘင်ဂျီကာကျွန်းပေါ်မှ မြန်မာနိုင်ငံသားတစ်ဦးက အေပီသတင်း ဌာနသို့ ပြောကြားခဲ့သည်။
မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ ပြည်သူရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာတို့မှာ ကမ္ဘာ့ပင်လယ်စာထုတ်လုပ်ရေးလုပ်ငန်း၏ ကျေးကျွန်ဘဝရောက်နေကြဖွယ်ရှိကြောင်း အေပီသတင်းအဖွဲ့ ဝင်တစ်ဦးက ပြောကြားခဲ့သည်။
လူမှောင်ခို
ကမ္ဘာပေါ်၌ ပင်လယ်စာအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၏ ရေလုပ်ငန်းနယ်ပယ်မှာ နိုင်ငံရွှေ့ပြောင်းအလုပ်သမားများကို အဓမ္မစေခိုင်းမှုများ လူမှောင်ခိုမှုများကြောင့် ဝေဖန်ခံနေရသည်။
အေပီ