နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၅
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် ဖော်ပြခဲ့မှုအပေါ် ပြည်သူအချို့က စိတ်ပါဝင်စားစွာဖြင့် သုံးသပ်အကြံပြုချက် သတင်းဆောင်ပါးများပေးပို့ကြသည့်နည်းတူ ဝေဖန်အကြံပြုချက်များကိုလည်း လွှတ်တော်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့လျက်ရှိကြသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အကြံပြုချက်သဘောထားပေးပို့သကဲ့သို့ ယင်းနေ့တွင်ပင် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် တက္ကသိုလ်သင်ကြားရေးအဖွဲ့ကလည်း ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်၊ သုံးသပ်ချက် များကို ရေးသားပြုစုပေးပို့ခဲ့သည်။
ထိုအကြံပြုစာတွင် ၁၉-၂-၂၀၁၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသော အမျိုးသားပညာ ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းပါ ပြင်ဆင်ဖြည့်စွက်သည့်ပြဋ္ဌာန်းချက်များနှင့် တည်ဆဲအမျိုးသားပညာ ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်များ နှိုင်းယှဉ်ဇယားအား ၂၀-၂-၂၀၁၅ ရက်နှင့် ၂၁-၂-၂၀၁၅ ရက်တို့တွင် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဘွဲ့နှင်း သိမ်ဓမ္မာရုံ၌ ဤတက္ကသိုလ်မှသင်ကြား/စီမံ ဆရာတော်(၆၇)ပါးတို့က အသေးစိတ်လေ့လာဖတ်ရှု၍ ဆွေးနွေးခဲ့ ကြပါကြောင်း၊ ထိုသို့ ဝိုင်းဝန်းလေ့လာဆွေးနွေးခဲ့ကြပြီးနောက် အမျိုးသားပညာရေးဥပဒေ(၂)မျိုးပါ ပြဋ္ဌာန်းချက် များနှင့်ပတ်သက်၍ အကြံပြုချက်များ၊ သုံးသပ်ချက်များကို ရေးသားပြုစုပေးပို့ပါကြောင်း ဖော်ပြထားသည်။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် တက္ကသိုလ်ပညာသင်ကြားရေးအဖွဲ့၏ အကြံပြုချက်များတွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အခန်း(၃)ပုဒ်မ(၄)ပုဒ်မခွဲ(ခ)ပညာရေးလွတ်လပ်ခွင့် နှင့် ပတ်သက်၍ ကျောင်းများ၊ ဆရာများ၊ ကျောင်းသားများ၊ သင်ရိုးညွှန်းတမ်းများ၊ ဘာသာစကားများ၊ အတွေးအခေါ်များနှင့် ဒေသဆိုင်ရာအားလုံးတွင် လွတ်လပ်မှုများဖော်ဆောင်လွန်းလျှင် စည်းကမ်းမဲ့လွန်းသည့် လမ်းကြောင်းကို ဦးတည်နေခြင်းကြောင့် ပယ်ဖျက်သင့်ကြောင်း၊ အခန်း(၄)ပုဒ်မ(က) ပုဒ်မခွဲ(စစ) ဆရာ ဆရာမများအပေါ် ကျောင်းသားကျောင်းသူများ၏ အကဲဖြတ်မှုများနှင့် ပတ်သက်၍ ဆရာများကို တပည့်များက အကဲဖြတ်စနစ်သည် မိဘကို သားသမီးက ဆရာပြန်လုပ်သလိုဖြစ်ခြင်းမှာ တပည့်(ရဟန်း)များမှ ဆရာ(ရဟန်းကို)ပြန်လည်အကဲဖြတ်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီခြင်းတို့ကြောင့် ပယ်ဖျက်သင့် ကြောင်း၊ ပုဒ်မ(ခ) ပုဒ်မခွဲ(ဃဃ)ပါ ဆရာ၊ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ(၁၀) ပုဒ်မခွဲ(ဆ)အရ ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ခြင်းဆိုသည့် နိုင်ငံ့ဝန်ထမ်းဥပဒေကို လိုက်နာရမည်ဖြစ်ခြင်းနှင့် ပါတီများသို့ ဝင်ရောက်ပါက ပါတွစွဲ၊ ဂိုဏ်းဂဏစွဲများဖြစ်ပေါ်လာပြီး သင်ကြားအုပ်ချုပ်မှုများတွင် ဆိုးကျိုးများ များစွာပေါ် ပေါက်လာနိုင်ခြင်းကြောင့် ပယ်ဖျက်သင့်ကြောင်း၊ အလားတူ ပုဒ်မ(င)ပုဒ်မခွဲ(ကက)၊(ခခ)၊(ဃဃ) တို့အား ပယ်ဖျက်သင့်ပြီး မိခင်ဘာသာစကားကို ကျောင်းအလိုက် ရွေးချယ်အသုံးပြုခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများအားလုံးနှင့် မွတ်စလင်၊ တရုတ်စသည့် ဘာသာခြားများအားလုံးမှ အသီးသီးမွေးဖွား လာသော ကျောင်းသားများအား ရှေးဦးကလေးပညာရေးကဏ္ဍတွင် မိခင်ဘာသာစကားအား သင်ကြားပေးမည့် ပြဋ္ဌာန်းချက်သည် အကောင်အထည်ဖော်ရန် အတားအဆီးများရှိပြီး မည်သို့မျှ ဆောင်ရွက်ရန်မဖြစ်နိုင်ခြင်း၊ ကျောင်းအလိုက် မိခင်ဘာသာစကားကို ရွေးချယ်အသုံးပြုသင်ကြားမည်ဆိုပါက အနာဂတ်တွင် မြန်မာစာ မှေးမှိန်လာနိုင်ခြင်း၊ ဘာသာခြားတို့၏ စာပေများ ပို့ချမှုမှတစ်ဆင့် ဘာသာရေးစည်းရုံးမှု၊ မှိုင်းတိုက်မှုများ ပေါ်ပေါက်လာနိုင်ခြင်း၊ ဗုဒ္ဓဘာသာယုံကြည်သင်ဝင်မှု လျော့ပါးအားနည်းလာနိုင်ခြင်း၊ အင်္ဂလိပ်စာပေကို အလေးထား မသင်ကြားပါက အနာ၈တ်လူငယ်များသည် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် ခက်ခဲအားနည်း ချက်များရှိလာနိုင်ခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲပျက်စီးလာနိုင်ခြင်းတို့ကြောင့် ပယ်ဖျက်သင့်ခြင်း ဖြစ်ကြောင်းဖြင့် အကြံပြုထားသည်။
ထို့အပြင် ပုဒ်မ ၁၆ ပုဒ်မခွဲ(ဃ)နှင့်(င)တို့နှင့်ပတ်သက်၍ ကျက်သင့်ကျက်ထိုင်သည်များကို ကျက်မှတ်ရသည်မှာ သဘာဝပင်ဖြစ်ကြောင်း၊ မြန်မာ့ပညာရေးတွင် သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ ဓာ ဟူသော ပညာသင်နည်း ၈ ချက်တွင် အလွတ်ကျက်ရခြင်းသည်လည်း အချက်တစ်ချက်အနေဖြင့် ပါဝင်ကြောင်း၊ သို့ဖြစ်၍ အလွတ်ကျက် သင့်သည်များကို အလွတ်ကျက်ရမည်ဖြစ်ကြောင်း၊ အလွတ်ကျက်ဖြေစနစ်ကို ဖျက်သိမ်းလိုက်ခြင်းဖြင့် မိမိတို့ နိုင်ငံတွင် ကမ္ဘာပေါ်မှာ ရက်အရှည်ကြာဆုံးစာမေးပွဲ(သုံးဆယ်ရက်)တစ်ခုဖြစ်သော တိပိဋကရွေးချယ်ရေး စာမေးပွဲသည် အာဂုံပြန်အလွတ်ကျက်ရသည့် စာမေးပွဲဖြစ်သည့်အတွက် ဖျက်သိမ်းလိုက်ရပါက ဗုဒ္ဓဘာသာ အဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့ ကြီးစွာသောအဟန့်အတားအန္တရာယ်ကြီးဖြစ်လာနိုင်ခြင်း၊ ဘာသာ သာသနာကို တဖြည်းဖြည်းချင်းဖျက်ဆီးရာရောက်စေခြင်း၊ လောကီပညာရေးအပိုင်းတွင် လူမှုဘဝများ၊ ဘဝအတွက် တစ်သက်တာသိမှတ်ဖွယ်ရာများ၊ အင်္ဂလိပ်စာဝေါဟာရများကို အလွတ်မကျက်မှတ်ထားပါက အနာဂတ်လူငယ် များသည် ကိုယ်ရည်ကိုယ်သွေး၊ အဆင့်အတန်းနိမ့်ပါးသော သူများသာဖြစ်လာနိုင်ခြင်း၊ စာမေးပွဲစနစ်လည်း ပါဝင်ရမည်။ လုပ်ဆောင်ချက်၊ စာတမ်းတင်ပြမှု၊ သုတေသနလေ့လာမှုလည်း ပါဝင်ရမည်၊ ၄င်းတို့ကို အချိုးကျ အမှတ်ခွဲဝေသည့်စနစ်ကို ကျင့်သုံးသင့်ခြင်းတို့ကြောင့် ပြင်ဆင်သင့်ပါကြောင်း အကြံပြုထားသည်။
အလားတူ အခန်း(၆)ပုဒ်မ(၃၄)ပုဒ်မခွဲ(ည)မှာ ဘာသာခြားတို့၏ ပညာရေး၊ ဘာသာစကားများ ပူးကပ်ဝင်ရောက် နှောင့်ယှက်ဖျက်ဆီးခွင့်ကို ခွင့်ပြုထားသကဲ့သို့ဖြစ်ခြင်း၊ ဌာနအသီးသီးတွင် ရုံးသုံးမြန်မာ စာပေစကားကို ကွယ်ပျောက်အောင် ပြုမူဆောင်ရွက်သော အသွင်အပြင်ဖြစ်နေခြင်း၊ အစွန်းရောက်ဝါဒီတို့ကို အားပေးအားမြှောက်ရာရောက်နေခြင်း၊ အခြားအခြားသော ဘာသာစကားများ၊ စာပေယဉ်ကျေးမှုများ ထွန်းကားအောင် အားပေးရာရောက်ခြင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် ရတက်မအေးစရာများ မြင်တွေ့နေရ ခြင်း၊ ကျောချမ်းစရာများဖြစ်နေခြင်းတို့ကြောင့် လုံးဝပယ်ဖျက်သင့်ကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင် အမျိုးသားပညာရေးဥပဒေကို အခန်း(၁၁) ပုဒ်မ(၅၇)ပုဒ်မခွဲ(ခ)ကို ထည့်သွင်းရမည်ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် နိုင်ငံ၏ရေမြေသဘာဝ၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုစနစ်များအရ ဘ/က ကျောင်းများ၊ ပရိယတ္တိတက္ကသိုလ်များ၊ ထေရဝါဒဗုဒ္ဓတက္ကသိုလ်များ၊ လူ့စွမ်းအားအရင်းအမြစ်များ ပြုစု ပျိုးထောင်မွေးထုတ်ပေးသည့်ကျောင်းများနှင့် တက္ကသိုလ်ကောလိပ်များကို ဗုဒ္ဓသာသနာ အဓွန့်ရှည် တည်တံ့ပြန့်ပွားရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ဖွင့်လှစ် သင်ကြားပို့ချရခြင်းကြောင့်ဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် တက္ကသိုလ်ပညာသင်ကြားရေးအဖွဲ့က သုံးသပ်ချက် အနေဖြင့် မိမိတို့၏အဖွဲ့အစည်းကို ဦးစားပေးရှေ့တန်းတင်သည့် ဥပဒေမျိုးနှင့် အာဃာတကိုရှေ့တန်းတင်ပြီး ရေးဆွဲထားသည့် ဥပဒေမျိုးမဖြစ်သင့်ဘဲ နိုင်ငံနှင့်လူမျိုး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ မှန်ကန်သည့်နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်၊ ယဉ်ကျေးမှုကို တန်ဖိုးထားတတ်သည့်စိတ်များ ဖြစ်ပေါ်လာစေရေးတို့ကို ဦးတည်ရှေးရှုသည့်အချက်များ လွှမ်းခြုံပါဝင်သော ဥပဒေမျိုးဖြစ်အောင် ရေးဆွဲသင့်ကြောင်း၊ မှန်ကန်သော တရားမျှတသော အတွေးအခေါ် အယူအဆများကို ပေါ်ထွန်းစေပြီး စာရိတ္တမြင့်မားရေး၊ မင်္ဂလာတရားနှင့်အညီ ကျင့်သုံးနေထိုင်တတ်ရေး၊ လူတစ်ဦးချင်းစီနှင့် မြန်မာတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဖြည့်ဆည်းပေးသည့် ဥပဒေမျိုးလည်းဖြစ်အောင် ရေးဆွဲသင့်ကြောင်း၊ သို့ဖြစ်၍ အမျိုးသားပညာရေးဥပဒေအား ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော အများဆန္ဒကို အလေးထားပြီး အချိန်ယူကာ ပြန်လည်ရေးဆွဲ အကောင်အထည်ဖော်သင့်သည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။
(သတင်းစဉ်)