နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
မျိုးစောင့်ဥပဒေကြမ်းလေးခုအနက် တစ်ခုအပါအဝင်ဖြစ်သော လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာ ရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့် ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း အမျိုးသားလွတ်တော်က ယင်းဥပဒေကို အတည်ပြု လိုက်သည်။
ပထမအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ ၁၈ ကြိမ်မြောက် အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပရာ အဆိုပါဥပဒေကို အမျိုးသားလွှတ်တော်၌ မဲခွဲအတည်ပြုလိုက်ခြင်းဖြစ်သည်။
“ဒီဥပဒေကို ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ဗမာနိုင်ငံမှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရော တခြားနိုင်ငံတကာတွေနဲ့ ရော ကိုက်ညီမှုမရှိဘူး” ဟု ဦးအောင်ကြည်ညွန့်က ထောက်ပြပြောဆိုသည်။
ယင်းအပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မျိုးဆက်ပြန့်ပွားခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းကို အသိပညာပေးခြင်းအပါအဝင် လက်ရှိဆောင်ရွက်နေသည့် စီမက်ခံများကို ပိုမိုထိရောက် စွာ အကောင်အထည်ဖော်နိုင်သဖြင့် သီးခြားဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် သင့်မသင့် အလေးအနက် စဉ်းစားသင့် သည်ဟု အကြံပြုထားကြောင်း ၄င်းက ထပ်လောင်းရှင်းပြသည်။
ထပ်မံ၍ လူမှုအဖွဲ့အစည်းများကလည်း အဆိုပါဥပဒေပြဋ္ဌာန်းခြင်းမှာ လူနည်းစုများကို အဆိုပါဥပဒေပြဋ္ဌာန်းခြင်း မှာ လူနည်းစုများကို ကန့်သတ်ခွဲခြားမှုရှိနိုင်သည့်အတွက် စိုးရိမ်ကြောင်း လွှတ်တော်သို့ တင်ပြထားသည်ကို ထည့်သွင်းစဉ်းစားသင့်ပြီး လက်ရှိအခြေအနေတွင် ဤဥပဒေကို မပြဋ္ဌာန်းသင့်သေးကြောင်း ဦးအောင်ကြည်ညွန့် က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
သို့သော် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဥပဒေကြမ်းမည်သည့်အပိုဒ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတို့နှင့် မကိုက်ညီကြောင်း ထောက်ပြရန် ပြောဆိုသည့်အခါ အသေးစိတ် ချက်ချင်းမပြောဆိုနိုင်ကြောင်း ၄င်းက တုံ့ပြန်ဖြေကြားသည်။
လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းရာတွင် ယင်းဥပဒေ အသက်ဝင်မည့်ဒေသကို အဆင့်ဆင့် ကွင်းဆင်းစစ်ဆေး အဆိုပြုပြီးမှသာ ဥပဒေသက်ရောက်သည့်ဒေသအဖြစ် နိုင်ငံတော်သမ္မတက သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် အဆိုပါဥပဒေကို မလိုက်နာပါကလည်း ပြစ်ဒဏ်တစ်စုံတစ်ရာ သတ်မှတ်ထားခြင်းမရှိကြောင်း ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရှင်းပြသည်။
“သူ့ဟာသူ ကျွေးနိုင်တယ်ဆိုရင် ဘယ်လောက်မွေးမွေး မကန့်သတ်ထားဘူး” ဟု ၄င်းကဆိုသည်။
အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီကလည်း ယင်းဥပဒေပြဋ္ဌာန်းပြီးနောက် ဥပဒေအသက်ဝင်မည့် နယ်ပယ်ဒေသကို သတ်မှတ်လိုက်ပါက ယင်းဒေသတွင် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ဖွယ်အကြောင်းမရှိကြောင်း၊ ဥပဒေအရသတ်မှတ်သည့်ဒေသဖြစ်သည့်အတွက် အထူးဘတ်ဂျက်ရရှိနိုင်သည့် အကျိုးများသာ ရရှိမည်ဖြစ်ကြောင်း ရှင်းပြပြောဆိုသည်။
မျိုးစောင့်ဥပဒေကြမ်းများတွင် အပါအဝင်ဖြစ်သည့် အဆိုပါလူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းကို လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့က လူ့အခွင့်အရေးနှင့် ဘာသာရေးဖိနှိပ်မှု ဥပဒေတစ်ခု အဖြစ် အစဉ်တစိုက် ဝေဖန်ကန့်ကွက်နေကြသည်။