"ပြုံးချိုဖြစ်စဉ်"
ကျောက်ဆည်ခရိုင် ဟံမြင့်မိုရ်ကျေးရွာနေ ဦးညွန့်လှိုင်+ဒေါ်ခင်ကြည်တို့မှ သားသမီး (၄)ဦးထွန်းကားရာ ကျွန်တော်သည် ဒုတိယမြောက်သား ပြုံးချိုဖြစ်ပါသည်။ ကျွန်တော်သည် ၄င်းရွာမှ မဖြူဖြူဝင်းနှင့် အိမ်ထောင်ကျပြီး သားသမီး (၃)ယောက် ထွန်းကားပါသည်။ ကျွန်တော်သည် ရွာနှင့်အနီးတ၀ိုက်တွင် သရက်သီးထိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ပါသည်၊ တစ်နေ့တွင် ဘလုံ့ပေတောရွာသို့ သရက်သီးထိုးရန် သွားသောအခါ အချိန်စောနေသဖြင့် လ္ဘက်ရည်ဆိုင်သို့သွားပါသည်။ လ္ဘက်ရည်ဆိုင်တွင် ရဲများရောက်ရှိနေသည်ကို တွေ့ရပါသည်။ ကျွန်တော်လည်း လ္ဘက်ရည်ဆိုင်ထိုင်၍ လ္ဘက်ရည်မှာသောက်စဉ် ရဲများက "ပြောစရာရှိတယ်"ဟုပြောပြီး ကျွန်တော်ထိုင်ရာ စားပွဲပေါ်သို့ လာရောက်၍ထိုင်ကြပါသည်။ ထိုအချိန်တွင် ဒုရဲအုပ်တစ်ယောက်က "ပြုံးချိုဆိုတာ မင်းလား မင်းတို့ ညီအကိုနှစ်ယောက် မချင်း(ခ)မ၀ါဝါ၀င်းကို မုဒိန်းကျင့်ပြီး သတ်တာမင်းတို့မလား"ဟုပြောသောအခါ ကျွန်တော်ကလည်း "ကျွန်တော်တို့ သတ်လည်းမသတ်ဘူး လုပ်လည်းမလုပ်ဘူး"ဟုပြောရာ ထိုအချိန်တွင် ဒုရဲအုပ်က "ဒါဆိုရင်လည်း ခဏလိုက်ခဲ့အုံး"ဟုပြောပြီး ဟံမြင့်မိုရ်သို့ ခေါ်လာပါသည်။ ဟံမြင့်မိုရ် ကားဂိတ်သို့ရောက်သည့်အခါ 'ရဲမင်းကြီး'ဟုဆိုသူက ကျွန်တော့်ကို လက်ထိပ်သုံးခွင်းခတ်ခိုင်းပါသည်။ ထို့နောက်ကျွန်တော်အား သံရွာသို့ခေါ်သွားပါသည်။ ၄င်းညနေတွင် ကျွန်တော်အား အချုပ်ထဲမှ ထုတ်၍ ကျွန်တော်အား ဤအမှုနှင့်ပတ်သက်၍ "မင်းရဲ့ညီသန်းဋ္ဌေးအောင်က ဟုတ်တယ်လို့ ၀န်ခံထားတယ် မင်းလည်းငြင်းမနေနဲ့တော့"ဟုပြောပါသည်။ ထိုအချိန်တွင် "သန်းဋ္ဌေးအောင်က မဟုတ်ဘဲနဲ့ လျှောက်ပြောနေတယ် ဤအမှုနှင့်ပတ်သက်ပြီး လုံးဝကို မဟုတ်ဘူး"ဟု ကျွန်တော်က ပြောကြား ပါသည်။ ထို့နောက်ကျွန်တော့်အား အချုပ်ထဲသို့ ပြန်ထည့်လိုက်ပါသည်။ နောက်နေ့ညနေတွင် ကျောက်ဆည်မြို့ ဆေးရုံးသို့ ဆေးစစ်ရန် ခေါ်သွားစဉ် ဆရာဝန်က ကျွန်တော့်ရင်ဘတ်က ဒဏ်ရာများကိုမေးပါသည်။ ကျွန်တော်ကလည်း ရင်ဘတ်ကဒဏ်ရာများမှာ သရက်အစီး ပူလောင်ထားသည့် ဒဏ်ရာများ ဖြစ်သည်ဟု ပြန်လည်ပြောကြားပါသည်။
(မှတ်ချက်…သရက်သီးထိုးသည့်လူတိုင်း ၄င်းသရက်စီးပူ မလောင်ဘူးသူမရှိပါ။)
၎င်းနောက် ကျွန်တော်တို့အား သံရွာရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားပါသည်။ သံရွာတွင် တစ်ညအိပ်ပြီးတော့ နောက်နေ့တွင် ကျောက်ဆည်ရဲစခန်းတွင် လွှဲပြောင်းပေးပါသည်။ ကျောက်ဆည်ရဲစခန်းသို့ရောက်သည့်အချိန်တွင် မိန်းမအချုပ်ခန်းဘေးတွင် နောက်ပြန်လက်ထိပ်ခတ်၍ ကျွန်တော်နှင့်သန်းဋ္ဌေးအောင်၊ ကုလားနီတို့အား ထိုင်ခိုင်းထားပါသည်။ ထို့နောက် ဒုရဲအုပ်ရောက်ရှိလာပြီး သန်းဋ္ဌေးအောင်ကို လက်ထိပ်ပေါ်တွင် ကြိုးနှင့်တုတ်၍ ခေါ်သွားပြီး ၄င်းနောက် ကုလားနီကို အချုပ်ခန်းထဲ ထည့်လိုက်ပြီး ကျွန်တော့်ကို ကားဆိုဖာခုံပေါ်တွင် ထိုင်ခိုင်းပြီး လက်ခုံနှင့်လက်ကောက်ဝတ်ကို ဆေးလိပ်မီးနှင့် ခဏခဏထိုးပါသည်။ ယခုအချိန်ထိလည်း ဒဏ်ရာရှိပါသည်။ ခြေသလုံးကိုလည်း သံလုံးနှင့်လှိမ့်ပါသည်။ ရင်ဘတ်ကိုလည်း တုတ်လုံးနှင့်ရိုက်ပါသည်။ ကျွန်တော့်ကိုလည်း ဟုတ်တယ်ဟု ၀န်ခံခိုင်းရာ ကျွန်တော်ကလည်း လုံးဝမဟုတ်သောကြောင့် ၀န်မခံပါ။ လင်းသည့်အချိန်တွင် ဒုရဲအုပ်နောက်တစ်ယောက် ရောက်ရှိလာပြီး ကျွန်တော့်ကို ကွမ်း(၃)ရာကျွေးပြီး "မင်းဟုတ်တယ်"ဟုဝန်ခံလိုက်ဟုပြောရာ ကျွန်တော်ကလည်း "မဟုတ်ဘူး"ဟုပြန်လည်ပြောကြားသည့်အချိန်တွင် ၄င်းရဲက ကျွန်တော်ပါးကို ရိုက်ရာ ကျွန်တော်လည်း ကွမ်းတံသွေးနှင့် လှမ်း၍ထွေးလိုက်ရာ ၄င်းရဲက ကျွန်တော်၏ ဆံပင်ကို ကိုင်ပြီးနံရံနှင့်တိုက်ရာ နဖူးကွဲသွားပါသည်၊ ထို့နောက်ဒုရဲအုပ်က သေနတ်ဒင်နှင့် ရင်ဘတ်ကို ဆောင့်၍ထုပါသည်၊ နောက်ပြီး စတီးဘောင်တန်းအဟောင်းနှင့် ညှို့သူကြီးကိုလှိမ့်ပါသည်။ ယခုအချိန်ထိ အနာရွတ်များရှိနေပါသည်။ ထို့နောက် အချုပ်ထဲသို့ထည့်ပါသည်။ နောက်နေ့ညနေတွင် ကျွန်တော်ကို သန်းဋ္ဌေးအောင်ရှိရာသို့ ခေါ်သွားပြီး သန်းဋ္ဌေးအောင်နှင့် တွေ့ပေးရာ သန်းဋ္ဌေးအောင်က "ကိုကြီးမင်း မိန်းမတစ်ယောက်အတွက်နှင့် အသေခံမှာလား၊ ပြောလိုက်၊ ငါကမုဒိန်းကျင့်တယ်၊ မင်းကသတ်တယ်လို့ပြော"ဟုပြောရာ ကျွန်တော်လည်း ကျွန်တော်ညီလေးကို မကြည့်ရက်တော့သဖြင့် ၄င်းအတိုင်းပြောလိုက်ပါသည်။ နောက်ရက်တွင် ကျွန်တော်တို့ကို ဖြောင့်ချက်ပေးရန် အသွားတွင် ရဲက "မင်းတို့ငါ့ဆီမှာပြောသလိုသာ ဟိုရောက်ရင်ပြော မပြောရင် မင်းတို့နာ"မယ်ဟုပြောပြီး ကျွန်တော့်ကိုပါးသုံးချက်ရိုက်ပါသည်။ ၄င်းနောက် မြို့နယ်ရုံးသို့ ရောက်ပြီးဖြောင့်ချက်ပေးလိုက်ပါသည်။ မြို့နယ်တရားရုံးမှ အပြန်တွင် ကျွန်တော်တို့ကို ရဲများက ဒံပေါက်ကျွေးပါသည်။ ၄င်းနောက် ကျွန်တော်၏ ဒဏ်ရာများ မခံစားနိုင်သောကြောင့် စခန်းမှူးကိုပြောရာ စခန်းမှူးက ကြည့်ရှု့ပြီး ကျောက်ဆည်ဆေးရုံးသို့တင်လိုက်ပါသည်။ ဆေးရုံသို့ရောက်သည့်အချိန်တွင် ဒဏ်ရာက နာသည်ကတကြောင်း ဆေးရုံးကို မတက်ဖူးသောကြောင့် ဆေးရုံက အနံ့အသက်မခံနိုင်တာက တကြောင်းတို့ကြောင့် နှစ်ညအိပ်ပြီး ရဲစခန်းသို့ ပြန်လည်ဆင်းခဲ့ပါသည်။ ကျွန်တော့်ကို ဖမ်းပြီးနှိပ်စက်သော ရဲမှာ နယ်ထိန်း သိန်းဝင်းအောင်ဖြစ်ပြီး နောက်တစ်ယောက်မှာ ဗလ ဖြစ်ပါသည်။ ကျန်သည့်ရဲများကို ကျွန်တော်မသိပါ၊ ထို့နောက်ပိုင်းတွင် ကျွန်တော်တို့ကို ခရိုင်တရားရုံးတွင် စစ်ပါတော့သည်။
ကျွန်တော်သည် သေဆုံးသူ မချင်း၏ အကိုဖြစ်သူ (မြင့်သူ) ဆီမှာ သရက်သီးအငှားထိုးနေပါသည်။ ပြုံးချိုသည် တချိန်ကရင်ဘတ်တွင် သရက်စီးပူလောင်ထားသည့် အင်္ကျီကလည်း သရက်ကိုင်းနှင့် ပွတ်တိုက်ပါများသောကြောင့် ပြဲနေသည် မျက်နှာတွင်လည်း သရက်ကိုင်းများ ရိုက်မိထားသောကြောင့် ဒဏ်ရာများ ရရှိထားပါသည်၊ ထိုဒဏ်ရာများကိုကြည့်၍ (မြင့်သူ)က ထို့နေ့တွင် နားပြီး "ထင်းပဲခုတ်တော့"ဟုပြောပါသည်။ စဥ့်ကိုင်သွား၍ သရက်သီးများ ရောင်းသည့်အခါတွင်လည်း မြင့်သူက ကျွန်တော့်ကို ခေါ်သွားလေ့ရှိပါသည်။ မချင်းသေဆုံးသည့် နေ့က မချင်းသည် အိမ်မှ နံနက် ၆း၀၀ နာရီအချိန်ထွက်သွားပြီး၊ ပြုံးချိုမှာ ထိုနေ့ ၉း၀၀ နာရီကျော်မှ ထွက်သွားသည်ဟု (မြင့်သူ)ကပြောပါသည်။ ထိုအကြောင်းအရာကို (မြင့်သူ)က တရားရုံးတွင် သွားရောက်ထွက်ဆိုရာ တရားသူကြီးက ၄င်းအကြောင်းအရာများကို ပယ်ချလိုက်သည်။
02998/က ပြုံးချို (ဘ) ဦးညွန့်လှိုင် ဟံမြင့်မိုရ်ကျေးရွာ၊ ကျောက်ဆည်မြို့နယ်။
(ပြုံးချိုဖြစ်စဉ် ပြီး။)