လားရှိုးမြို့၊ မဟာဗောဓာရုံပရိယတ္တိစာသင်တိုက်မှ ကြီးမှူးဖွင့်လှစ်သင်ကြားသည့် (၂၀၁၄-၂၀၁၅) ဓမမ္မစကူးလ်သို့ တက်ရောက်သင်ကြားခဲ့ကြသော ကျောင်းသား/သူ ကလေးငယ်များအား အောင်လက်မှတ်နှင့် ဂုဏ်ပြုငွေများပေးအပ်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို (၈.၂.၂၀၁၅)ရကနေ့၊ မွန့်တည့်(၁၂း၀၀)နာရီ၊ မဟာဗောဓာရုံပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မဟာဗောဓာရုံပရိယတ္တိစာသင်တိုက် ပဓာန နာယက နိုင်ငံတော်သြဝါဒါစရိယ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော်များ တပည့်ဒါယကာ ဒါယိကာမများ၊ အလှူရှင်များ၊ သင်ကြားရေးဆရာ/မများ၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား/သူများနှင့် ရဟန်းရှင်လူပရိသတ် (၁၄၅၀)ကျော် တက်ရောက်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သိရပါသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ မဟာဗောဓာရုံကျောင်းဆရာတော် နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တနာရဒနှင့် စာချဆရာတော် ဘဒ္ဒန္တဃောသိတတို့မှ သြဝါဒများမိန့်ကြားပြီး မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကော်မတီ အတွင်းရေးမှူး ဇမ္ဗူအေးကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မာနန္ဒမှ ဓမ္မစကူးလ်များနှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းမိန့်ကြားခဲ့ကြောင်း သိရသည်။
ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သင်တန်းဆင်း ကျောင်းသား/သူပေါင်း (၄၀၀)ကျော်တို့အား အောင်လက်မှတ်များပေးအပ်ကာ ပထမတန်းမှ ပဉ္စမတန်းအထိ အတန်းအလိုက် ထူးချွန်ကျောင်းသား/သူများအား အောင်လက်မှတ်များ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝီရခေမိန်(နဂါးနီသတင်းထောက်)