အမ္မာန် ဖေဖော်ဝါရီ ၎
IS အဖွဲ့က ဖမ်းဆီးရမိသော ဂျော်ဒန်လေယာဉ်မှူးအယ်ကာဆာဘတ်ကို ယမန်နေ့တွင် အရှင်လတ်လတ်မီးရှို့ သတ်ခဲ့သည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီးနောက် ယနေ့တွင် ဂျော်ဒန်အစိုးရက ဖမ်းဆီးရမိထားသော IS အဖွဲ့ဝင်နှစ်ဦးကို သေဒဏ်ပေးကွပ်မျက်ခဲ့ပြီး စုစုပေါင်း ခြောက်ဦးခန့် သေဒဏ်ပေးမည်ဟု ကြေညာထားသည်။ ယနေ့ ကွပ်မျက်ခံရသည့် IS အဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးမှာ အသေခံဗုံးခွဲရန်ကြိုးစားခဲ့သည့် အမျိုးသမီးဆာဂျီဒါဆိုသူဖြစ်ပြီး အခြားတစ်ဦးမှာ အယ်လ်ကေးဒါးအဖွဲ့နှင့် ဆက်စပ်မှုရှိသည့် ကာဘိုလီဆိုသူ ဖြစ်သည်။ IS အဖွဲ့သည် ဂျော်ဒန်လေယာဉ်မှူး ကာဆာဘတ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ပြီး ကာဆာဘတ်ကို ပြန်လည်ရရှိရန်အတွက် ဂျော်ဒန်အစိုးရက ဆာဂျီဒါအပါအဝင် အခြားအကျဉ်းသား များနှင့် လဲလှယ်ရန်ကမ်းလှမ်းခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ဂျော်ဒန်အစိုးရက လဲလှယ်ရန်အတွက် လေယာဉ်မှူးကာဆာဘတ် အသက်ရှင်နေသေးကြောင်း သက်သေတောင်းခံရာတွင် IS အဖွဲ့က မပေးခဲ့ကြောင်း သိရသည်။
IS အဖွဲ့၏ အရှင်လတ်လတ် မီးရှို့သတ်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတအိုဘားမားနှင့် ဗြိတိန်ဝန်ကြီး ချုပ်ဒေးဗစ်ကင်မရွန်းတို့က ရိုင်းစိုင်းရက်စက်ရွံရှာဖွယ် ရာဇဝတ်မှုအဖြစ် ရှုတ်ချခဲ့သည်။ ယနေ့အစောပိုင်းတွင် သေဒဏ်ပေးခံရသူနှစ်ဦးအနက် တစ်ဦးဖြစ်သည့် ဆာဂျီဒါသည် ၂၀၀၅ ခုနှစ်တွင် ဂျော်ဒန်မြို့တော် အမ္မာန်၌ လူ ၆၀ သေစေခဲ့သည့် ဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။ သေဒဏ်ပေးခံရသည့် အခြားတစ်ဦးဖြစ်သော ကာဘိုလီသည် ၂၀၀၈ ခုနှစ်တွင် ဂျော်ဒန်နိုင်ငံသားတစ်ဦးကို သတ်ခဲ့မှုဖြင့် ဖမ်းဆီးထောင်ချခံထားရသူ ဖြစ်သည်။ ဂျော်ဒန်နိုင်ငံသားများ ခံရသည်နှင့် ထပ်တူ လက်စားချေအပြစ်ပေးမှုများ ပြုလုပ်သွားမည်ဟု ဂျော်ဒန်အစိုးရက သတင်းထုတ်ပြန်ထားသည်။
T IP (Ref: Daily Mail)