ရန်ကုန်၊ ဇန်နဝါရီ ၂၆။
မျိုးစောင့်ဥပဒေများကဲ့သို့ ဥပဒေများကို ပြဋ္ဌာန်းသည့်နိုင်ငံများသည် ဘာသာရေးအစွန်းရောက်သည့် နိုင်ငံများ ဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်က ကန့်ကွက်ပြောဆိုခဲ့ပြီး ယင်းသို့ပြောဆို မှုအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်က မျိုးစောင့်ဥပဒေလေးခု အနက် တစ်ခုဖြစ်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းအပေါ် လွှတ်တော်အတွင်း ဆွေးနွေးရာ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်က “ကျွန်တော်ကတော့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကို ကန့်ကွက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အရင်သောကြာနေ့မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်(၃)က ဦးခင်မောင်က ဆွေးနွေးတဲ့အချိန်မှာ ဒီဥပဒေပြဋ္ဌာန်းခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ခြံစည်းရိုးခတ်တာပဲလို့ပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် ခြံစည်းရိုး ခတ်တဲ့အကျင့်က ဘယ်လောက်တောင်ဆိုးသလဲဆိုရင် အရင်တုန်းက ဆိုရှယ်လစ်ခေတ်မှာတုန်းက ကိုယ့်ကိုယ်ကိုယ် ခြံစည်းရိုးခတ်ခဲ့လို့ သူများတွေက မပိတ်ဆို့ခဲ့တဲ့ အချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် ခြံစည်းရိုးခတ်ခဲ့လို့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်ရောက်ခဲ့ပါတယ်။ ဒီလိုမျိုးပါပဲ။ အခုထိ ဒီအတွေးအခေါ်က မပျောက်သေးဘူး။ ဒီလိုမျိုးဥပဒေကို ပြဋ္ဌာန်းတဲ့နိုင်ငံတွေကို ကြည့်လိုက်လို့ရှိရင် တကယ့်ဘာသာရေး အစွန်းရောက်တဲ့နိုင်ငံတွေပါပဲ။ ဘာသာရေးအစွန်းရောက်တဲ့နိုင်ငံတွေမှာ ဘယ်လိုဖြစ်သလဲဆိုရင် အခု ကျွန်တော်တို့အားလုံးအသိပဲဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ သွေးထွက်သံယိုမှုတွေဖြစ်ပျက်နေပါတယ်။ ကျွန်တော် ကတော့ ဒီလိုမျိုး ခြံစည်းရိုးခတ်ပြီးတော့ ကျွန်တော်တို့နိုင်ငံကို ဘာသာရေးမှာ အစွန်းရောက်တဲ့နိုင်ငံ မဖြစ်စေချင်ဘူး။ ဒီမျိုးစောင့်ဥပဒေတွေထဲကတစ်ခုဖြစ်တဲ့ ဒီကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေပေါ့။ ဒါက ကျွန်တော်တို့နိုင်ငံကို အိုးမဲသုတ်ပြီးတော့ နိုင်ငံတကာမျက်နှာစာမှာ တကယ့်ကိုပဲ တကယ့်အစွန်းရောက်နိုင်ငံဖြစ်သွားစေတဲ့ ဥပဒေမျိုးပဲဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော်အတွင်း ပြောကြား ခဲ့သည်။
ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းအား ဥပဒေအနှစ်သာရအရ ကြည့်မည်ဆိုပါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာသာရေးနှင့် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေးနှင့် လွတ်လပ်စွာ ကိုးကွယ် တည်ဆောက်နိုင်သော အခွင့်အရေးရှိသည်ဟု ဆိုထားပြီးဖြစ်သည့်အတွက် ယခုကဲ့သို့ ဥပဒေမျိုးကို ပြဋ္ဌာန်းလိုက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဟု ယူဆကြောင်း ယင်းကပြောသည်။
ယင်းကဲ့သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်၏ ဆွေးနွေးချက်များအပေါ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်က “ဦးဇုန်လှယ်ထန် ဆွေးနွေးတဲ့အခါမှာ ဘယ်သူ့ကိုမှမထိခိုက်ပါနဲ့။ ဆွေးနွေးချက်တချို့က လွဲနေတယ်လို့ယူဆတယ်” ဟု လွှတ်တော်အတွင်း သတိပေးပြောကြားခဲ့သည်။
ကချင်ပြည်နယ်မဲဆန္ဒနယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှ်ဦးဂျေယောဝူကလည်း ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းမှာ ပြဋ္ဌာန်းရန် မသင့်လျော်သည့်ဥပဒေဖြစ်သည်ဟုဆိုကာ လွှတ်တော်အတွင်း ကန့်ကွက်ဆွေးနွေးပြောကြားခဲ့သည်။
“သာသနာတော်ကို ခြံစည်းရိုးခတ်ချင်တယ်ဆိုရင် မိမိရဲ့ဘာသာ၊ သာသနာအတွင်း၌သာ ခတ်သင့်ပါတယ်။ နိုင်ငံတော်က ဘာသာရေးကိုဝင်ရောက်မစွက်ဖက်သင့်ပါဘူး” ဟု ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူက ပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော်အတွင်း ဆွေးနွေးနေသည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း အပေါ် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်မဲဆန္ဒနယ်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တို့က ထောက်ခံဆွေးနွေးခဲ့ပြီး ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်မဲဆန္ဒနယ်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။
YM