9.12.2014 မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံနှင်းဆီခြံရပ်ကွက်၊ ၆၄ကြိမ်မြောက် ဓာတ်ပေါင်းစု စေတီ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အကြို ဓမ္မသဘင်ဖြစ်ပါတယ်။
ဓာတ်ပေါင်းစုစေတီဝင်းထဲက အလင်းသစ် ပညာဒါနကျောင်းမှာ ကျောင်းသား/သူတွေကို သြဝါဒတရားဟော ကြားခဲ့ပါတယ်။
ကိုးတန်း ဆယ်တန်း ကျောင်းသား/သူတွေ စိတ်ဓာတ်ခွန်အားဖြစ်အောင် အဓိပတိလေးပါး ဟောကြားခဲ့ပါတယ်။ အောင်မြင်ရေးတရားလေးပါ။
ဆန္ဒထက်သန်ရမယ်။
ဝီရိယကြီးမားရမယ်။
စိတ်ဓာတ်ကြံ့ခိုင်ရမယ်။
နည်းပညာပြည့်စုံရမယ်။
ဒါမှ အောင်မြင် ကြီးပွားမယ်။
ဆန္ဒက မှိန်မှိန်
ဝီရိယက ပိန်ပိန်
စိတ်ဓာတ်က လိမ်လိမ်
ပညာက တိမ်တိမ် ဖြစ်နေမယ်ဆိုရင်တော့ အမြဲတန်း ဂိန်ဂိန် အော်နေရမှာပေါ့။
ည 7:30 နာရီမှာ ဆက်လက်ပြီး တရားဟောပါတယ်။
စာရေးဆရာ ဦးဘုန်း(ဓာတု)ရဲ့ အဇာတသတ်အတွေးအခေါ် ဝတ္ထုတိုလေးကို ကြိုတင်ဖြန့်ဝေထားပြီး အဇာတသတ်မင်းကြီးရဲ့ ဂုဏ်ကျေးဇူးကို ထည့်သွင်းဟောကြားခဲ့တာပါ။
အဇာတသတ်ဟာ ပထမဦးဆုံးထေရဝါဒ သာသနာကို ချီးမြှောက်အားပေးခဲ့တဲ့ သာသနာပြုမင်းကောင်း မင်းမြတ်ပါ။ အဖေကိုသတ်ခဲ့တာက ဘုရားတပည့်မခံယူခင်ကပါ။ အဖေကိုသတ်ခဲ့တာနဲ့ပဲ သင်္ဂါယနာတင်တာကို အသိအမှတ်မပြုတော့ဘူးလား?
အားကိုးရသူဖြစ်ပါလျက် ကျေးဇူးတရားကို အသိအမှတ်မပြုဘူးဆိုရင် ကျေးဇူးကန်းရာကျလိမ့်မယ်။ ဘုရားမကြိုက်ဘူး။
ကျောင်းသား/သူတွေ ဦးစီးတဲ့ တရားပွဲမှာ အဇာတသတ်မင်းကြီးရဲ့ ကျေးဇူးတရားကို ဟောခွင့်ရတာ ဦးဘုန်း(ဓာတု)ကို ကျေးဇူးတင်ရမှာပါ။
ကျေးဇူးပဲ ဦးဘုန်းရေ။
အဇာတသတ်ဆိုရင် အဖေသတ်တာလောက်ပဲ သိသေးတယ်ဆိုရင်တော့ လေ့လာပါဦးဗျာ။
ကျမ်းဂန်တွေနှင့် မနီးစပ်လို့ ရှာဖွေရခက်နေမယ်ဆိုရင်လည်း ဦးဇင်းဟောတဲ့ “အားကိုးရသူနှင့် ချစ်ရသူ” တရား နာကြည့်လိုက်ပါနော်။