မန္တလေး၊ ဒီဇင်ဘာ ၎
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် မြောက်ရပ်ကွက် (ဘုရားကြီးမြောက်ရွာ)ရှိ နဂါးနီအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၄.၁၂.၂၀၁၄)ရက်နေ့၊ ညနေ (၄း၀၀)နာရီ၊ ချမ်း/မြောက် ဗုဒ္ဓသာသနရက္ခိတ ဘုံဆွမ်းလောင်းအသင်းတိုက်၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နဂါးနီစုဘူးအသင်း တာဝန်ရှိသူများတက်ရောက်ကြပြီး အရှင်ဉာဏိဿရမှ “စည်းကမ်းသည် လူ၏တန်ဖိုး” ခေါင်းစဉ်ဖြင့် စည်းကမ်းလိုက်နာဖို့၊ စည်းစနစ်ထားဖို့၊ ချွေတာစုဆောင်းဖို့ ဟောပြောခဲ့ပါသည်။ “ဦးဇင်းတို့ နဂါးနီစုဘူးအသင်းဟာ ပရဟိတအတွက်သက်သက် တည်ထောင်ထားတဲ့အသင်းဖြစ်ပါတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ လက်ဝယ်ခံ သြဇာခံမှ မဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးသူတွေ ခေါင်းပုံဖြတ် အမြတ်ကြီးစားခံရပြီး ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်တဲ့ အဖြစ်ဆိုးမျိုးမှ ကင်းလွတ်အောင်၊ သူများဆီမှာ မျက်နှာငယ် အောက်ကျို့ခံရတဲ့ဘဝမျိုးမှ လွတ်မြောက်အောင်၊ မိမိတို့ရဲ့ပွားရေးကို အဆင်ပြေစွာ ထူထောင်နိုင်ဖို့အပြင် ဆင်းရဲသားတွေမှာ အဓိကချို့တဲ့နေတဲ့ အသိပညာနှင့် စိတ်ဓာတ်ခွန်းအားတွေပါ မြင့်မားလာအောင် ရည်ရွယ်ပြီး တည်ထောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်” စသည်ဖြင့် ဟောပြောခဲ့ပါသည်။ ၎င်းနောက် အရှင်ဝိစိတ္တနှင့် ဒေါ်ကြင်ကြင်မြိုင်တို့မှ နဂါးနီစုဘူးအသင်း၏ စည်းကမ်းပိုင်းဆိုင်ရာများကို ထပ်မံရှင်းလင်း ဟောပြောခဲ့ပါသည်။
ဟောပြောပွဲပြီးနောက် ငွေစုပတ်ပြည့်သည့် အသင်းဝင်(၅၀)ထဲမှ (၁၀)ဦးအား တစ်ဦးလျှင် တစ်သိန်းကျပ်စီနှင့် (၄၀)ဦးတွက် တစ်ဦးလျှင် ငါးသောင်းကျပ်စီ ထုတ်ပေးခဲ့ပါသည်။
ချမ်း/မြောက်နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများအနက် (၃)ခုမြောက် စုဘူးဖြစ်ပြီး ယခုအကြိမ်သည် (၄)ကြိမ်မြောက် စုဘူးငွေထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ဆရာတော်ဦးဝီရသူမှ (၃၁.၅.၂၀၁၄)နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်တည်ထောင်ပေးခဲ့ပြီး ယခုအခါ အသင်းဝင်ပေါင်း (၁၅၀)အထိ တိုးပွားလာပြီဟု ဆိုပါသည်။
ဝီရခေမိန် (နဂါးနီသတင်းထောက်)
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)