အိလွင်
ရန်ကုန်- ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေနှင့် ဆက်စပ်ဥပဒေများကို လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်သော်လည်း လက်ခံဆွေးနွေးရန် သင့် မသင့် မဲခွဲဆုံးဖြတ်ပြီးမှသာ လွှတ်တော်က လက်ခံဆောင်ရွက်မည်ဟု သတင်းရရှိသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုရာ ဥပဒေကြမ်း၊ တစ်လင် တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းများကို လွှတ်တော်ရုံးသို့ နိုင်ဝင်ဘာ (၂၄)ရက်တွင် ပေးပို့လိုက်ခြင်းဖြစ်သည်။
လွှတ်တော်သို့ အဆိုပါဥပဒေကြမ်းရောက်ရှိသော်လည်း ဥပဒေကြမ်းကော်မတီက လက်ခံဆွေးနွေးရန် သင့် မသင့် ဆုံးဖြတ်ပြီးမှသာ ဖြစ်မည်ဖြစ်သည်။
“ဥပဒေကြမ်းကော်မတီတွေက ဥပဒေတွေကို လေ့လာသုံးသပ်ပြီး ဥပဒေပြုလုပ်ငန်းစဉ်အတိုင်း ဆက်သွားမှာ”ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာစိုးမိုးအောင်က ပြောသည်။
အဆိုပါ ဥပဒေရေးဆွဲခြင်းကို အမျိုးသမီးအခွင့်အရေးလှုပ်ရှားသည့် လူမှုအခြေပြုအဖွဲ့အစည်းများက ကန့်ကွက်ထားကြသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ်ဦးရေ ၁၃၀၀ ခန့်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၅၀ ခန့်သာရှိသည့်အတွက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုသည် ကျန်လွှတ်တော်ကိုယ်စားလှယ်များ၏ စဉ်းစားသုံးသပ်နိုင်စွမ်းအပေါ်၌သာ မူတည်ကြောင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
သို့သော် ပြည်ထောင်စုလွှတ်တော်က ယင်းကိစ္စများသည် နူးညံ့သိမ်မွေ့စွာ ကိုင်တွယ်ရမည့်ကိစ္စများဖြစ်သည့်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အစိုးရအဖွဲ့ကသာ ဥပဒေကြမ်းရေးဆွဲပေးရန် ပြန်လည်အကြောင်းကြားထားခြင်းဖြစ်သည်။
(၂.၁၂.၂၀၁၄)ရက်နေ့ထုတ် 7day daily သတင်းစာမှ ကူးယူဖော်ပြသည်။