ရန်ကုန်၊ နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟုသာ ဆက်လက်ခေါ်ဝေါ်မည်ဟု ပြောဆိုသည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို ရခိုင်လူမှုအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားများက ရန်ကုန်မြို့တော်၌ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း ရခိုင်လူငယ်များအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖိုးသားက ပြောကြားသည်။
ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးရှေ့တွင် နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် လူစုကာ ရှုတ်ချကန့်ကွက်ဆန္ဒပြမှုများ စတင်မည်ဖြစ်ပြီး ဆူးလေစေတီအထိ လမ်းလျှောက် ဆန္ဒပြမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ဘန်ကီမွန်းအနေနှင့် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံတွင် မရှိဟုပြောဆိုထားသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းခဲ့ခြင်းမှာ အစိုးရနှင့် ပြည်သူများကို စော်ကားခြင်းဖြစ်၍ ဆန္ဒပြ ကန့်ကွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဖိုးသားက ပြောဆိုသည်။
ဘန်ကီမွန်းကို ရခိုင်ပြညနယ် စစ်တွေမြို့၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ မောင်တောမြို့တို့တွင် နိုဝင်ဘာလ ၂၃ ရက်နေ့က ဆန္ဒပြကန့်ကွက်ခဲ့ကြပြီး နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဘူးသီးတောင်မြို့၌ ဆန္ဒပြခဲ့ ကြသည်။
ကုလသမဂ္ဂလူနည်းစု အခွင့်အရေးစံနှုန်းများအရလည်းကောင်း၊ နိုင်ငံတကာတွင် ရိုဟင်ဂျာဟုသာ ခေါ်ဝေါ်နေ၍ လည်းကောင်း ဘင်္ဂါလီများကို ရိုဟင်ဂျာဟုသာ ဆက်လက်ခေါ်ဝေါ်မည်ဖြစ်ကြောင်းကို မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်တွင် ပြောဆိုထားသည်။